၂၀၂၂ မေလ ၁၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အားလုံးရဲ့စုပေါင်းအင်အားတွေနဲ့ ရှေ့ခရီး ကို အတူတကွ ဆက်လျှောက် သွားကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ ရေရှည် တောင့်ခံနိုင်ဖို့မလွယ်တဲ့အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများ တွေ့ဆုံ
📌ဒေါက်တာသိန်းလွင်အား နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ
📌ချက်နိုင်ငံက နှစ်စဥ်ချီးမြှင့်နေကျဖြစ်တဲ့ Forum 2000 International Award for Courage and Responsibility 2022 အတွက် မြန်မာနိုင်ငံ CDM၊ Generation Z၊ ကိုတေဇာဆန်းတို့ကို အမည်စာရင်းတင်သွင်း
📌အင်းတော်ရဲစခန်းမှ ရဲသုံးဦး သေနတ်သုံးလက်နဲ့ ကျည်ဆန်များပါ သယ်ဆောင်လာကာ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ လာရောက်အလင်းဝင်
📌NLD ပါတီဝင်နှင့် ပါတီထောက်ခံသူ ၁၄ ဦးကို သတ်ဖြတ်ရာတွင် စစ်ကား၊ ရဲကားများကို အသုံးပြုကြောင်း တွေ့ရှိရသဖြင့် စကစရဲ့ တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ကြောင်း NLD ပါတီဗဟိုအလုပ်ကော်မတီ ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အားလုံးရဲ့စုပေါင်းအင်အားတွေနဲ့ ရှေ့ခရီး ကို အတူတကွ ဆက်လျှောက် သွားကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ ရေရှည် တောင့်ခံနိုင်ဖို့မလွယ်တဲ့အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
အားလုံးရဲ့စုပေါင်းအင်အားတွေနဲ့ ရှေ့ခရီး ကို အတူတကွ ဆက်လျှောက် သွားကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ ရေရှည် တောင့်ခံနိုင်ဖို့မလွယ်တဲ့အခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ မေလ ၁၀ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ၅၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီး ချုပ်ကဆိုပါတယ်။
"ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း PDF စုဖွဲ့မှုတွေအကြောင်း ကြားသိ နေရတာ အလွန်အားတက်စရာဖြစ်ပါတယ်။ အားလုံးရဲ့စုပေါင်းအင်အားတွေနဲ့ ရှေ့ခရီး ကို အတူတကွ ဆက်လျှောက် သွားကြမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီ ရေရှည် တောင့်ခံနိုင်ဖို့ဆိုတာ မလွယ်တဲ့အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ယိုင်နဲ့နေပြီဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင် ပြိုလဲသွားအောင် လုပ်နိုင်ဖို့ ဝန်ကြီး၊ ဒုဝန်ကြီးများအားလုံး နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားပြီး အားထုတ်ကြိုးပမ်း ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အခွန်များမရခြင်း၊ သဘာဝသယံဇာတမှ ရရှိတဲ့ဝင်ငွေများ ဖြတ်တောက်ခံရခြင်းတို့ကြောင်းအကြပ်အတည်းတွေ့လျက်ရှိပါတယ်။
"ဒီ နွေဦးတော်လှန်ရေးကြီးမှာ တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်ပေါင်းစပ်ထားတဲ့ NUCC နဲ့ ကျွန်တော်တို့ NUG က ပြည်သူတွေအတွက် အကျိုးများနိုင်မယ့်၊ တော်လှန် ရေးကို အားကောင်းစေနိုင်မယ့် ကိစ္စရပ်တွေကို အတူလက်တွဲပြီး မြန်မြန် ဆန်ဆန် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင် နိုင်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ အခုဆိုရင် Joint Cooperation Committee တွေ (၈) ခုအထိ ပေါင်းစပ် လုပ်ဆောင်နေကြပြီမို့လို့ နောက်ပိုင်းမှာ လုပ်ငန်းတွေ ပိုမိုမြန်ဆန် ထိရောက်လာမယ် လို့လည်း ယုံ ကြည်ကြောင်း ပြောကြားလိုပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကထပ်မံဆိုပါတယ်။
=======================
📌📌သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများ တွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများ တွေ့ဆုံခဲ့တယ်လို့ မေလ ၁၀ ရက်နေ့မှာ သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်သည် ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ CDM ဝန်ထမ်းများအား မေလ ၁၀ ရက်မွန်းလွဲ (၂) နာရီအချိန်မှာတွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်များကိုတွေ့ဆုံကာ ချီးကျူးဂုဏ်ပြု အားပေးစကား ပြောကြားခဲ့ပြီးဝန်ထမ်းများမှ သိရှိလိုသည့်အချက်များအား ပွင့်ပွင့်လင်းလင်း ပြန်လည်ဖြေကြားခဲ့တယ်လို့သိရပါတယ်။
တစ်နှစ်တာကျော်လွန်သည့် ယခုအချိန်အထိ ကြံ့ကြံ့ခံကာ အခက်အခဲအမျိုးမျိုးကြားမှ CDM တွင် ပါဝင်လျက်ရှိသည့် ဝန်ထမ်းများအားလုံးအား အထူးပင်လေးစား ဂုဏ်ပြုကြောင်း စတင်ပြောကြားခဲ့ပြီးနောက် CDM ဝန်ထမ်းထောက်ပံ့မှု အခြေအနေများ၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအတွက် ထောက်ပံ့ပေးမှုများ၊ တော်လှန်ရေးကာလအတွင်း သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ၊ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ၊ လတ်တလော တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှုများအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားခဲ့ကြပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ အတွင်းဝန်နှင့် ဝန်ကြီးရုံး ရုံးအဖွဲ့များ၊ CDM ဝန်ထမ်းများ စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌ဒေါက်တာသိန်းလွင်အား နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာ
ဒေါက်တာသိန်းလွင်အား နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာလိုက်ပါတယ်။ မေလ (၁၀) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနကကြေညာချက်အမှတ် (၇/၂၀၂၂) နဲ့ကြေညာခဲ့တာဖြစ်ပါတယ်။
"စိန်ခေါ်မှုများလွန်းတဲ့ တော်လှန်ရေးကာလ ပညာရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ပညာရပ်ဆိုင်ရာကိစ္စရပ်များအတွက် ဆရာကြီးရဲ့ အကြံပြုချက်လိုလာတဲ့အခါတိုင်း တည်တည်ငြိမ်ငြိမ် လိုလိုလားလားနဲ့ အမြဲအကြံပြုပေးတဲ့ ဆရာကြီးဒေါက်တာသိန်းလွင် အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဆရာကြီးဆီက သင်ယူစရာများစွာကိုသင်ယူခွင့်ရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကဆိုပါတယ်။
၂၀၂၂ ခုနှစ် မေလ (၈) ရက်နေ့တွင် ကျင်းပခဲ့သော နွေဦးဆရာအတတ်သင်တက္ကသိုလ်ကောင်စီ (ယာယီ) အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာသိန်းလွင်အား နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
========================
📌📌ချက်နိုင်ငံက နှစ်စဥ်ချီးမြှင့်နေကျဖြစ်တဲ့ Forum 2000 International Award for Courage and Responsibility 2022 အတွက် မြန်မာနိုင်ငံ CDM၊ Generation Z၊ ကိုတေဇာဆန်းတို့ကို အမည်စာရင်းတင်သွင်း
ချက်နိုင်ငံက နှစ်စဥ်ချီးမြှင့်နေကျဖြစ်တဲ့ Forum 2000 International Award for Courage and Responsibility 2022 အတွက်
မြန်မာနိုင်ငံ CDM၊ Generation Z၊ ကိုတေဇာဆန်းတို့ကို အမည်စာရင်းတင်သွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ မေလ ၁၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။
"ချက်နိုင်ငံက နှစ်စဥ်ချီးမြှင့်နေကျဖြစ်တဲ့ Forum 2000 International Award for Courage and Responsibility 2022 အတွက် အမည်စာရင်းတင်သွင်းခံရမှု 26 ခုထဲမှာ မြန်မာနိုင်ငံ CDM၊ Generation Z၊ ကိုတေဇာဆန်းတို့ကို တင်သွင်းနိုင်ခဲ့ပါတယ်။ အားလုံးဟာ ချီးကျူးထိုက်သောသူများဖြစ်သလို တော်လှန်ရေးမှာ နည်းအမျိုးမျိုးနဲ့ ပါဝင်နေကြတဲ့သူအပေါင်းကိုလည်း လေးစားပါတယ်"လို့ ဝန်ကြီးကဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်တဲ့ စစ်အာဏာရှင်ကန့်ကွက်လှုပ်ရှားမှုများကို နိုင်ငံဝန်ထမ်းများ၊ကျောင်းသားလူငယ်များ၊ဆရာဝန်များပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
========================
📌📌အင်းတော်ရဲစခန်းမှ ရဲသုံးဦး သေနတ်သုံးလက်နဲ့ ကျည်ဆန်များပါ သယ်ဆောင်လာကာ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ လာရောက်အလင်းဝင်
အင်းတော်ရဲစခန်းမှ ရဲသုံးဦးသေနတ်သုံးလက်နဲ့ကျည်ဆန်များပါ သယ်ဆောင်လာကာ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ လာရောက်အလင်းဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ အတွင်းမှာ ယင်းအလင်းဝင်လာတဲ့ရဲသုံးဦးသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
၄င်းရဲသုံးဦးဟာ ဧပြီ ၃၀ ရက်နေ့မှာ Uzi သေနတ် ၁ လက်၊ G3 ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည် ၁၂၆၂ တောင့်၊ ၉ မမ ကျည် ၁၈၁ တောင့်နဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့များထံသို့လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ၄င်းတို့ကို လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးထားပြီးပြီလို့လည်းသိရပါတယ်။
========================
📌📌NLD ပါတီဝင်နှင့် ပါတီထောက်ခံသူ ၁၄ ဦးကို သတ်ဖြတ်ရာတွင် စစ်ကား၊ ရဲကားများကို အသုံးပြုကြောင်း တွေ့ရှိရသဖြင့် စကစရဲ့ တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ကြောင်း NLD ပါတီဗဟိုအလုပ်ကော်မတီ ထုတ်ပြန်
NLD ပါတီဝင်နှင့် ပါတီထောက်ခံသူ ၁၄ ဦးကို သတ်ဖြတ်ရာတွင် စစ်ကား၊ ရဲကားများကို အသုံးပြုကြောင်း တွေ့ရှိရသဖြင့် စကစရဲ့ တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ကြောင်း NLD ပါတီဗဟိုအလုပ်ကော်မတီ ထုတ်ပြန်လိုက်ပါတယ်။ မေလ ၁၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ကြေညာခဲ့တာပါ။
ထုတ်ပြန်ချက်အရ ဧပြီ ၂၁ ရက်တွင် စတင်ဖွဲ့စည်းကြောင်းကြေညာခဲ့သော သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်းနှင့် မျိုးချစ်မဟာမိတ်စသည့် အကြမ်းဖက်အဖွဲ့များသည် NLD ပါတီဝင်များ၊ ပါတီအမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပါတီအားပေးထောက်ခံခဲ့သူများကို ခြိမ်းခြောက်စာများ ပေါ်ပေါ်တင်တင်ဖြန့်ဝေကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို ပြောင်းပြောင်းတင်းတင်းကျူးလွန်ခဲ့တယ်လို့ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ် မေလ ၅ ရက်အထိရရှိထားသော စာရင်းများအရ NLD ပါတီဝင် ၇ ဦးနှင့် ပါတီထောက်ခံသူ ၇ ဦး စုစုပေါင်း ၁၄ ဦးတို့ကို ၎င်းတို့၏ နေအိမ်များသို့ လာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်တစ်ရက်တွင် အသက်မဲ့ခန္ဓာကိုယ်ကို လမ်းဘေး၌ စွန့်ပစ်ကာ ကျူးလွန်သည့် အဖွဲ့အစည်း၏ အမည်များကို ချိတ်ဆွဲထားခဲ့တယ်လို့ဆိုပါတယ်။
အသတ်ခံရသူများအား လာရောက်ဖမ်းဆီးခေါ်သွားခြင်းနဲ့ အလောင်းလာရောက်စွန့်ပစ်ရာတွင် စစ်ကား၊ ရဲကားများကို အသုံးပြုကြောင်း မျက်မြင်သက်သေများကတွေ့ရှိ ပြောကြားချက်အရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ကြောင်း သတ်မှတ်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီကကြေညာပါတယ်။
No comments:
Post a Comment