၂၀၂၂ မေလ ၁၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အုပ်စုဟာ လူသားချင်းစာနာစိတ်မရှိတဲ့အတွက် လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ဟန့်တားနှောင့်ယှက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ တွင်ထုတ်ဝေခဲ့သော ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့် ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်
📌ဆေးတက္ကသိုလ်ရဲ့အတန်းအချို့ နှစ်ပတ်အတွင်းဖွင့်လှစ်မယ်
📌အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေအိမ်ရောင်းချရာတွင် အစုရှယ်ယာဝယ်ယူသူရဲ့ ပြည်သူလူထု အသံများကို EOD ဖော်ပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အုပ်စုဟာ လူသားချင်းစာနာစိတ်မရှိတဲ့အတွက် လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ဟန့်တားနှောင့်ယှက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
စစ်အုပ်စုဟာ လူသားချင်းစာနာစိတ်မရှိတဲ့အတွက် လူသားချင်းစာနာမှု အကူအညီများပေးရာတွင် ဟန့်တားနှောင့်ယှက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ မေလအတွင်း သရုပ်ဆောင်ဒေါင်းနဲ့တွေ့ဆုံမေးမြန်းရာတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါတယ်။
"သူတို့က လူသားချင်းစာနာစိတ်မရှိကြဘူး။ပြည်သူတွေကို ကိုယ့်ရဲ့ ကိုယ်ချင်းစာစိတ်မရှိကြဘူး။အဲဒီလိုမရှိတဲ့အတွက်ကြောင့် လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို ဟန့်တားတယ်။နှောက် ယှက်တယ်။ဖျက်ဆီးတယ်။ဒါက အကြီးအမားဆုံးအခက်အခဲပဲ။အဲဒါကို ကျနော်တို့က ကျော်လွှားရတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့်၂၀၂၁ခု နှစ်ဧပြီ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ၂.၇၃ ဘီလီယံကျပ် သုံးစွဲခဲ့ပါတယ်။
=======================
📌📌ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ တွင်ထုတ်ဝေခဲ့သော ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့် ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ တွင်ထုတ်ဝေခဲ့သော ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့် ပတ်သက်၍ စာဖတ်သူများ၏ တုန့်ပြန်ချက်များစွာကို ရရှိထားပြီး စိတ်ဝင်စားမှုအပေါ် အထူး ကျေးဇူးတင်ကြောင်း ရေးသားဖေါ်ပြထားပါတယ်။
ဖက်ဒရယ်စာစောင်သည် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေခြင်း ဖြစ်ပါသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ၏ ပေါ်လစီစာတမ်း မဟုတ်ပါ။ ဖက်ဒရယ်ပညာပေး စာစောင်သာလျှင် ဖြစ်ပါသည်။ အဲဒီအချက်ကို ဖက်ဒရယ်စာစောင်၏ ရှေ့စာမျက်နှာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း နှင့် ဖက်ဒရယ်စာစောင် အမှတ် (၆) တွင်ဖော်ပြထားသော အကြောင်းအရာ (၂) ခု အပေါ် စာဖတ်သူများ တုန့်ပြန်ချက်တွင် မရှင်းမလင်းဖြစ်သည့်အချက်ကို ပြန်လည်ရှင်းလင်း တင်ပြထားပါတယ်။
ယင်း နှစ်ချက်မှာ
(က) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ အမည်နာမ နှင့် ပတ်သက်၍ စာစောင်၏အာဘော်မှာ - ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းခဲ့သည့်အတိုင်း “ပြည်နယ်နှင့်တိုင်း”ဟူ၍၎င်း၊ “တိုင်းဒေသကြီးနှင့် ပြည်နယ်” ဟူ၍၎င်း၊ ခွဲခြားခြင်းကို ဆက်လက် မကျင့်သုံးတော့ပဲ၊ အမည်နာမတူများဖြင့်သာ ခေါ်ဆိုသင့်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။ ပြည်ထောင်စု ပာူသော အခေါ်အဝေါ်နှင့် ဆက်စပ်မှု ရှိစေရန် “ပြည်ထောင်များ” ဟူ၍ ခေါ်ဝေါ်ခြင်းက သင့်တော်မည်လား ဟုတင်ပြခြင်း ဖြစ်ပါသည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလ တွင် မဆုံးဖြတ်သေးပဲ၊ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း မှတ်ချက်ဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက် သည် (၁၄)ခု ဖြစ်ရမည် ဟုဆုံးဖြတ်ချက်ခြင်းမဟုတ်ပါကြောင်း၊ ပြည်သူလူထုက တိုင်းပြုပြည်ပြုညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စသာလျှင် ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း တင်ထားပါတယ်။
========================
📌📌ဆေးတက္ကသိုလ်ရဲ့အတန်းအချို့ နှစ်ပတ်အတွင်းဖွင့်လှစ်မယ်
ဆေးတက္ကသိုလ်ရဲ့အတန်းအချို့ နှစ်ပတ်အတွင်းဖွင့်လှစ်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။ မေလအတွင်း သီးသန့်မေးမြန်းခြင်းအစီအစဥ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"အခုလည်းပဲတောင်းဆိုချက် များအရ ဆေးတက္ကသိုလ်ရဲ့ ကြားကာလကို တက္ကသိုလ်ကောင်စီနဲ့တိုင်ပင်ပြီးတော့ ဖောင်ဒေးရှင်းရီးယားပေါ့။သူ့ကို လာမဲ့နှစ်ပတ် သုံးပတ်အတွင်း ဖွင့်ဖို့စီစဥ်နေတယ်။အခုဒါနဲ့ပတ်သက်ပြီးသင်ကြားရေးတွေ အကုန်လုံးလည်း အဆင်သင့်ဖြစ်နေပြီ။တက္ကသိုလ်အသီးသီးမှာရှိတဲ့ အွန်လိုင်းပလက်ဖောင်းကနေပြီးတော့ သင်ကြားဖို့အတွက် သင်ကြားမဲ့ဆရာ၊ ဆရာမတွေနဲ့ သင်ရိုးညွှန်းတမ်းတွေအားလုံးကို အဆင်သင့်ဖြစ်အောင်လုပ်ပြီးတော့ ဒါကိုဖွင့်ဖို့အတွက် တက္ကသိုလ်ကောင်စီတွေနဲ့ဆွေးနွေးတာလည်း ပြီးသွားပြီဆိုတော့ မကြာခင်မှာ ဖောင်ဒေးရှင်းရီးယားဟာ စတင်သင်ကြားဖို့လုပ်မယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စကစဟာ ဆေးတက္ကသိုလ်ရဲ့ သင်ကြားရေး အပိုင်းကို ဆရာများနဲ့ အပြည့်အဝ လုပ်ဆောင်နိုင်ခြင်းမရှိသလို အင်အားချိနဲ့နေပြီလည်းဖြစ်ပါတယ်။
========================
📌📌အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေအိမ်ရောင်းချရာတွင် အစုရှယ်ယာဝယ်ယူသူရဲ့ ပြည်သူလူထု အသံများကို EOD ဖော်ပြ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေအိမ်ရောင်းချရာတွင် အစုရှာ်ယာဝယ်ယူသူရဲ့ ပြည်သူလူထု အသံများကို EOD ဖော်ပြခဲ့ပါတယ်။
မေလ ၁၁ ရက်မှာ EOD ရဲ့ ၁၄ အင်းလျား အစုရှယ်ယာတွေ ရောင်းချတဲ့ အစီအစဉ်ဟာ ၅ ရက်ကျော် ၆ ရက် အရောက်မှာတော့ ၃ ပုံ ၁ ပုံ ရောင်းချခဲ့ပြီးပြီလို့လည်းထုတ်ပြန်ထားပါတယ်။
ဝယ်သူတချို့ရဲ့ အသံကို နားထောင်ကြည့်ကြရအောင်။အရောင်း စတင်တဲ့ မေလ ၅ ရက် (ပီဒီအက်ဖ် ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်) မှာပဲ အစုရှယ်ယာ ၂၀၀ တိတိ ဝယ်ယူသူ ရှိခဲ့ပါတယ်။ အဲဒီ ရှယ်ယာရှင်ကို အခုလို တလုံးတခဲတည်း ဝယ်ယူဖြစ်အောင် ဘယ်လိုခံစားချက်မျိုးနဲ့ ဘယ်လို တွန်းအားမျိုးက စေ့ဆော်ပါသလဲ ဆိုတဲ့ မေးခွန်းကို အရောင်း ကိုယ်စားလှယ်ကနေတဆင့် EOD အဖွဲ့ဝင်များက မေးမြန်းခဲ့ပါတယ်လို့ဆိုပါတယ်။
"ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ မအလ အာဏာရှင် စစ်တပ်ကို အမြစ်ဖြုတ်ဖို့ နိုင်တဲ့ဘက်ကနေ ကူတိုက်နေပါတယ်။ United Bond နဲ့ တခြားအစီအစဉ်တွေမှာလည်း အများကြီး ပါဝင်ထားပါတယ်။ ဒီအိမ်ရဲ့ ရှယ်ယာတွေ ဝယ်တာကတော့ မင်းအောင်လှိုင်ကို တိုက်ရိုက် ထိလို့ ပါ။ အခုလည်း ရှယ်ယာအများကြီး ဝယ်ထားတယ်။ နောက်ရက်တွေမှာလည်း ထပ်ဝယ်ဖို့ အစီအစဉ် ရှိပါတယ်" လို့ အစုရှယ်ယာရှင်တစ်ဦးကဆိုပါတယ်။
လက်ရှိမှာ စတင်ရောင်းချပြီး ငါးရက်ပြည့်မြောက်ချိန် ပြည်တွင်း/ပြည်ပကနေ တခဲနက် ဝယ်ယူအားပေးကြရာ အမေရိကန်ဒေါ်လာ ၃ သန်း ပြည့်မီသွားခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိသည့်အနက် ၁၀% ကျော်က နိုင်ငံခြားသားများဝယ်ယူကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment