၂၀၂၂ မေလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန်ဒီစီရောက်နေပြီး အမေရိကန်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များနဲ့တွေ့ဆုံ
📌ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ NUG အစိုးရအနေနဲ့ သီးသန့်ပေါ်လစီချမှတ်ခြင်းမပြုဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းဆို
📌Myanmar Defense Force မှ လေကြောင်းရန်ကာကွယ်ရေး အတွက် အငယ်စား ရိုင်ဖယ် ထုတ်လုပ်အောင်မြင်
📌အင်တာနက် မရရှိတဲ့ကာလ ရှစ်လကျော်ပြီဖြစ်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန် ဆက်သွယ်ရေးကုမ္ပဏီများကိုသတိပေး
📌စစ်ကောင်စီဆွေးနွေးပွဲတက်တဲ့ ၁၀ ဖွဲ့ဟာ ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုးတွေဖြစ်၍ စိုးရိမ်စရာမလို
📌ယင်းမာပင်မြို့မှ ထွက်လာသော ၁၃ စီးပါ စကစယာဥ်တန်းအား ဆရာစံ PDF အထူးပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်
📌အာဆီယံအနေနဲ့ မြန်မာစစ်ဘေးသင့်ပြည်သူတွေကို အမှန်တကယ်အကူအညီပေးချင်ရင် စစ်ဘေးရှောင်စခန်းတွေ၊ မြေပြင်က အရပ်ဘက်အဖွဲ့တွေနဲ့ တိုက်ရိုက်ချိတ်ဆက်သင့်တယ်လို့ ဒေသတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြော
📌အခုနှစ် မုတ်သုံအဝင်စောတဲ့အတွက် အနောက်မြောက်တိုင်းစစ်ဒေသကပြည်သူတွေဟာ စစ်ဘေးအပြင် ရာသီဥတုဒဏ်ကိုပါ ကြုံတွေ့နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန်ဒီစီရောက်နေပြီး အမေရိကန်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များနဲ့တွေ့ဆုံ
မေလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ချက်များအရ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အစိုးရကိုယ်စားပြုကာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကိုရောက်ရှိနေပြီး အမေရိကန်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိတယ်။
ခရီးစဥ်အတွင်းမှာ အမေရိကန်အစိုးရ ခေါင်းဆောင် တွေနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေပါ တွေ့ဆုံမယ်လို့သိရပါတယ်။ လက်ရှိမှာ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်း ပမှာဖြစ်ပြီးတော့အမေရိကန် သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်တက်ရောက်မှာဖြစ်ပါတယ်။
========================
📌📌ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ NUG အစိုးရအနေနဲ့ သီးသန့်ပေါ်လစီချမှတ်ခြင်းမပြုဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းဆို
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ တွင်ထုတ်ဝေခဲ့သော ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့်ပတ်သက်၍ ပြည်သူလူထုမှ ပြည်ထောင်စနစ်အပေါ် ဝေဖန်မှုများရှိခဲ့တဲ့အပေါ်ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက အခုလို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
"အခု ဒီနွေဦးတော်လှန်ရေးမှာ အရေးတော်ပုံဆင်နွှဲတဲ့နေရာမှာ ဖြစ်ဖြစ်ပေါ့။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးလုပ်ငန်းစဥ်တွေမှာ ဆောင်ရွက်တဲ့လုပ်ငန်းစဥ်မှာဖြစ်ဖြစ် NUG အစိုးရအနေနဲ့ သီးသန့် ပေါ်လစီချမှတ်ခြင်းမပြုပါဘူး။ အဲဒီအတွက်အဓိက ဘယ်ကနေပဲဆောင်ရွက်သလဲဆိုတော့ NUCC မှာပဲအများအားဖြင့် တိုင်ပင်ဆွေးနွေးနေတာဖြစ်ပါတယ်။ စာစောင်မှာဖော်ပြတာက ‘’အသွင်ကူးပြောင်းရေး ကာလမှာ ပြဿနာ မရှိအောင် ဒီလိုလုပ်ရင် ကောင်းမလားဆိုတဲ့ စဥ်းစားချက်ပဲ ဖြစ်ပါတယ်။ ၁၄ ပြည်နယ်မူဆိုတာ မဟုတ်ပါဘူး။ ၁၄ ခုနဲ့ပဲ လုပ်ရမယ်ဆိုတာ မဟုတ်ပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌Myanmar Defense Force မှ လေကြောင်းရန်ကာကွယ်ရေး အတွက် အငယ်စား ရိုင်ဖယ် ထုတ်လုပ်အောင်မြင်
မေလ ၁၁ ရက်နေ့မှာ Myanmar Defense Force မှတာဝေးပစ် ရိုင်ဖယ် တစ်မျိုးကို ထုတ်ဖော် ပြသလိုက်ပါတယ်။ "Myanmar Defense Force သည် စစ်ကောင်စီ၏ လေကြောင်းရန်များမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်အတွက် MDF၏ လက်နက်ထုတ်လုပ်ရေးဌာနမှ 7.62 ကျည်သုံး တာဝေးပစ် ရိုင်ဖယ် တစ်မျိုးကို ထုတ်လုပ် စမ်းသပ် အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ စမ်းသပ်မှုတွင် ပစ်မှတ်ကို အနီးစပ်ဆုံး ပစ်ခတ်နိုင်ခဲ့ပြီး သက်ရောက်မှုလည်း ကောင်းခဲ့ပါတယ်။ လေယာဉ်ပစ် အစစ်အမှန်များကဲ့သို့ စွမ်းဆောင်ရည်မျိုး မပြည့်မီနိုင်ပေမယ့် လက်နက်ပမာဏ များများဖြင့် ထောင့်စုံမှ ပစ်ခတ်နိုင်ပါက တူညီတဲ့ စွမ်းဆောင်ရည်မျိုး ရရှိနိုင်ပါတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ MDF တပ်ရင်းတွင် အသုံးပြရန်အတွက် လုံလောက်တဲ့ အရေအတွက် တစ်ခုထိ ထုတ်လုပ်ထားပြီး ထပ်မံထုတ်လုပ်၍ မဟာမိတ် ညီနောင် တပ်ရင်း တပ်ဖွဲ့များသို့ ဝေမျှနိုင်ရန်လည်း ကြိုးစားနေတယ်လို့ဆိုပါတယ်။
========================
📌📌အင်တာနက် မရရှိတဲ့ကာလ ရှစ်လကျော်ပြီဖြစ်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန် ဆက်သွယ်ရေးကုမ္ပဏီများကိုသတိပေး
အင်တာနက် မရရှိတဲ့ကာလရှစ်လကျော်ပြီဖြစ်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန် People Defence Force Htilin (Yaw Region) ကဆက်သွယ်ရေးကုမ္ပဏီများကို မေလ ၁၂ ရက်နေ့မှာသတိပေးကြေညာလိုက်ပါတယ်။
(၉) လပိုင်းမှစတင်၍ ယခုအချိန်အထိ အင်တာနက်လုံးဝမရရှိသည်မှာ (၈) လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင်ပြည်သူများ၏မျက်နှာကိုမကြည့်ဘဲ စစ်ကောင်စီအလိုကျအင်တာနက်ဖြတ်တောက်ခြင်း၊ဖုန်းလိုင်းဖြတ်တောက်ခြင်းများပြုလုပ်နေပြီး ( Consumer rights) ချိုးဖောက်နေခြင်းများကို ယခုချက်ချင်းရပ်တန့်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန် People Defence Force Htilin (Yaw Region) မှ တောင်းဆိုလိုက်တယ်လို့ဖော်ပြထားပါတယ်။
ထီးလင်းမြို့နယ်ဧရိယာ 50% ခန့်သာပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းများထိုးသည့်အချိန်တိုင်း ထိုဖုန်းလိုင်းများကို ဖြတ်တောက်ပစ်သဖြင့် ပြည်သူအများသတင်းမရရှိဘဲ အခက်အခဲကြုံတွေ့ခဲ့ကြရပါတယ်။
========================
📌📌စစ်ကောင်စီဆွေးနွေးပွဲတက်တဲ့ ၁၀ ဖွဲ့ဟာ ကြောင်ခံတွင်းပျက်နဲ့ဇရက်တောင်ပံကျိုးတွေဖြစ်၍ စိုးရိမ်စရာမလို
မေလ ၁၁ ရက်နေ့မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သူ့၏လူမှုကွန်ရက်မှာစစ်ကောင်စီဆွေးနွေးပွဲတက်တဲ့ ၁၀ ဖွဲ့ဟာ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတွေဖြစ်၍ စိုးရိမ်စရာမလိုဘူးလို့ဆိုထားပါတယ်။
စစ်အုပ်စုခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး တော်လှန်ရေးအင်ပါးစုများကို ဖြားယောင်းခေါ်ဆောင်ကာ ၄င်းကိုယ်တိုင်တွေ့မယ်လို့ဆိုထားပါတယ်။
" EAOတွေနဲ့လည်း KIA KNU KNDF CNF တွေနဲ့သင့်တော်တဲ့ဆွေးနွေးမှု ယုံကြည်မှုတည်ဆောက်နိူင်ခဲ့ပေမဲ့အဆုံးအဖြတ်တိုက်ပွဲကြီးအတွက်သေချာမတည်ဆောက်ထားနိူင်သေးပါဘူး။ဘာကြောင့်လည်းဆိုတော့ကိုယ့်ဘက်မှာသူတို့လေးစားလောက်တဲ့လုပ်ရပ်တွေကိုလုပ်မပြနိူင်သေးတာပါဘဲ။ ရေများရေနိူင်မီးများမီးနိူင်သဘောတရားအရစစ်ရေးမှာအသာစီးရအောင်NUGအနေနဲ့လုပ်ပြရပါမယ်။ မိမိနဲ့ယုံကြည်မှုတည်ဆောက်ထားတဲ့အဖွဲ့တွေကအလုပ်တွေအများကြီးလုပ်ထားသူတွေပါ။ ဒါကြောင့်နည်းလမ်းပေါင်းစုံသုံးပြီးအင်အားတည်ဆောက်ကြပါစို့ရန်သူကိုလည်းအထင်ကြီးဘို့မလိုသလိုအထင်လည်းမသေးပါနဲ့သူကလည်းEAOတချို့ကိုဖဲ့ထုတ်မှာအသေအချာပါဘဲ"လို့ ရှေ့နေဦးကြီးမြင့်ကဆိုထားပါတယ်။
========================
📌📌ယင်းမာပင်မြို့မှ ထွက်လာသော ၁၃ စီးပါ စကစယာဥ်တန်းအား ဆရာစံ PDF အထူးပျောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်
"မေလ ၁၁ ရက်ညနေ ၆ နာရီခန့်တွင် ယင်းမာပင်မြို့မှ ထွက်လာသော ၁၃ စီးပါ စကစယာဥ်တန်းအား ဆရာစံ PDF အထူးပျောက်ကြားတပ်ဖွဲ့မှ ယင်းမာပင်မြို့ နှင့် လည်ငေါက်ရွာကြားတွင် အကြီးစားမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစကစယာဥ်တစ်စီး တိမ်းမှောက်ပျက်ဆီးကျန်ရစ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
စကစဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌အာဆီယံအနေနဲ့ မြန်မာစစ်ဘေးသင့်ပြည်သူတွေကို အမှန်တကယ်အကူအညီပေးချင်ရင် စစ်ဘေးရှောင်စခန်းတွေ၊ မြေပြင်က အရပ်ဘက်အဖွဲ့တွေနဲ့ တိုက်ရိုက်ချိတ်ဆက်သင့်တယ်လို့ ဒေသတွင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အာဆီယံက မြန်မာနိုင်ငံထဲကစစ်ဘေးသင့်ပြည်သူတွေကို အကူအညီတွေပေးဖို့ မေလ ၆ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ထားသလို စစ်ကောင်စီကဖွဲ့စည်းထားတဲ့အဖွဲ့ကနေတဆင့် အကူအညီတွေပေးရမှာဖြစ်တဲ့အတွက် ပြည်သူတွေဆီကို အကူအညီတွေရောက်လာမှာမဟုတ်ဘူးလို့ ဒေသတွင်းပရဟိတသမားတွေက ဝေဖန်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဗညားက အခုလိုပြောပါတယ်။
(ကိုဗညား (ကရင်နီပြည်နယ်လူ့အခွင့်အရေးလှုပ်ရှားသူ))
၂၀၂၁ခုနှစ် ဇူလိုင်လတုန်းက ချင်းပြည်နယ် မင်းတပ်မြို့နယ်က စစ်ဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂက ပေးအပ်တဲ့အကူအညီတွေကိုတောင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီးကန့်သတ်ခဲ့တာကြောင့် ပြည်သူတွေဆီကို လိုအပ်တဲ့အကူအညီတွေမရောက်နိုင်ဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီနိုင်ငံရေးစာရေးဆရာတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။
(နိုင်ငံရေးစာရေးဆရာတစ်ဦး)
လက်တွေ့မြေပြင်အခြေအနေမှာ စစ်ကောင်စီဟာ သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ သာမန်ပြည်သူတွေကို တစ်တန်းတည်းထားပြီး အနိုင်ကျင့်အကြမ်းဖက်နေတာဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေဝင်ရောက်လာမှာကိုလည်း စစ်ကောင်စီကမလိုလားဘဲ သူတို့ကိုယ်တိုင်က ဖြတ် ၄ဖြတ်စနစ်နဲ့ ပြည်သူကိုအကျပ်ကိုင်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
========================
📌📌အခုနှစ် မုတ်သုံအဝင်စောတဲ့အတွက် အနောက်မြောက်တိုင်းစစ်ဒေသကပြည်သူတွေဟာ စစ်ဘေးအပြင် ရာသီဥတုဒဏ်ကိုပါ ကြုံတွေ့နေရပါတယ်။
မေလဆန်းကစပြီး ဘင်္ဂလားပင်လယ်အော်မှာ တိုက်ခတ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (အာစန်နီ) ကြောင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကချင်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွေမှာ မိုးဆက်တိုက်ရွာနေတာပါ။မိုးအဆက် မပြတ်ရွာသွန်းတာကြောင့် စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေဟာ အမိုးအကာ၊အဝတ်အထည်၊ ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းမာပင်ဒေသခံတစ်ယောက်ကပြောပါတယ်။
(ယင်းမာပင်မြို့နယ်၊ နဘူးတောရွာသားတစ်ဦး)
မကွေးတိုင်းမှာလည်း မိုးတွေဆက်တိုက်ရွာနေပြီး အရင်နှစ်တွေထက်စာရင်မိုးပိုများတယ်လို့ မကွေးတိုင်း၊ ပေါက်မြို့နယ်ဒေသခံတစ်ယောက်ကပြောပါတယ်။ လတ်တလောအချိန်အထိတော့ အခက်အခဲတွေကို ပြည်သူအချင်းချင်းကူညီတဲ့နည်းလမ်းနဲ့ပဲ ကြုံသလိုဖြေရှင်းနေရတယ်လို့ ပေါက်မြို့နယ်၊ ဒေသခံတစ်ဦးကဆိုပါတယ်။
(ပေါက်မြို့နယ်၊ ဒေသခံတစ်ဦး)
ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံတဝှမ်းမှာ စစ်ဘေးသင့်ပြည်သူ ၉ သိန်းကျော်ရှိလာတယ်လို့ ခန့်မှန်းထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ကြိုးစားနေပါတယ်။ စစ်ကောင်စီကတော့ ပြည်သူတွေရဲ့အခက်အခဲတွေကို လစ်လျူရှုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေမပေးနိုင်အောင် လုံခြုံရေးအကြောင်းပြပြီးနှောင့်ယှက်ကန့်သတ်တာတွေပြုလုပ်နေပါတယ်။
No comments:
Post a Comment