၂၀၂၂ မေလ ၁၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်စစ်တပ်ဟာ မတရားတဲ့ ဥပဒေများ ပြဋ္ဌာန်းကာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ကြရမယ်လို့ CRPH ဆို
📌နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ပညာမတတ်ဘူးလို့ ပြောလို့မရကြောင်း ပညာရေးဝန်ကြီးဆို
📌ရခိုင်ပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက်အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဆို
📌အောက်ခြေတပ်သားတွေက စိတ်ပန်းလူပန်းဖြစ်လာ၍ အထက်အမိန့်ဖိအားကြောင့် ရွာတွေကိုမီးရှို့ကာ သတ်ဖြတ် ခြင်းများလုပ်လာကြခြင်းဖြစ်တယ်လို့ CDM ဗိုလ်ကြီး လီယိုပြောကြား
📌ရှေ့တန်းက ဗိုလ်ကြီးတစ်ဦးက ပစ္စတိုနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံ
📌ရဲဘော် ချစ်ကောင်း (CDMer) မှရှမ်းတောင် ညောင်ရွှေမြို့နယ်ထီရီး ၊ ဆောင်နန်းခဲဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ကိုခုခံရင်းကျဆုံး
📌မြိုင်မြို့နယ်မြောက်ပိုင်း ရွာရှည်(ပိတောက်ကန်)ကျေးရွာနှင့် ထန်းတောမရွာအနီးရှိ တဲများကို အကြမ်းဖက်စစ်အုပ်စုကမီးရှို့ဖျက်ဆီး
📌သုံးမိုင်ကနေ ငါးမိုင်းအထိ ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ရှော့တိုက်ဒုံးများ ဒေါင်းလုလင် - LPDF က ထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်စစ်တပ်ဟာ မတရားတဲ့ ဥပဒေများ ပြဋ္ဌာန်းကာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ကြရမယ်လို့ CRPH ဆို
အကြမ်းဖက်စစ်တပ်ဟာ မတရားတဲ့ ဥပဒေများ ပြဋ္ဌာန်းကာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ကြရမယ်လို့ CRPH ကဆိုပါတယ်။ မေလ ၁၅ ရက် (၉) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြထားပါတယ်။
"ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးအား ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားများနှင့် စည်းလုံး ညီညွတ်မှု တည်ဆောက်ရမည့်အစား မတရားသည့် ဉပဒေများ ပြဋ္ဌာန်းကာ ရည်ရွယ်ချက် ရှိရှိဖြင့် ကြောက်ရွံ့စေရန် ဖန်တီးပုံဖော်ခဲ့ကြခြင်းမှာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ကြရပါတယ်"လို့ဆိုပါတယ်။
ယနေ့အချိန်သည် ရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား များအားလုံး တွေ့ကြုံခံစားနေကြရသည့် ပြဿနာအရပ်ရပ်ကို တူညီသောစိတ်ခွန်အား၊ ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ဖြင့် လက်တွဲညီညီ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပြီး အရောင် အသွေးစုံလင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား အတူတကွ တည်ဆောက်သွားရန် အချိန်အခါကောင်းပင် ဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုထားပါတယ်။
=======================
📌📌နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ပညာမတတ်ဘူးလို့ ပြောလို့မရကြောင်း ပညာရေးဝန်ကြီးဆို
နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ပညာမတတ်ဘူးလို့ ပြောလို်မရကြောင်း ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုလိုက်ပါတယ်။ မေလအတွင်း သရုပ်ဆောင် ဒေါင်းနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုခဲ့တာပါ။
"တကယ်တော့ တော်လှန်ရေးမှာ ဝင်ပြီးပါနေတာ ပညာမတတ်ဘူးလို့ လုံးဝပြောလို့မရဘူး။သူတို့ဟာ ပညာတွေ အများကြီးကိုတတ်သွားတာ။တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးတွေ၊ သတင်းစုဆောင်းတာတွေ၊ အခက်အခဲတွေ အသက်ကိုလုပြီး တိုက်ပွဲဝင်နေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပူးပေါင်းရမလဲဆိုတာ သူတို့အများကြီးတတ်သွားတာလေ။အဲဒါကို အသိအမှတ်ပြုရမယ်။အဲဒါကိုဆရာတို့ကအမှတ်ပေးရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
ထို့အပြင် တော်လှန်ရေး ပြီးသွားပါကလည်း စစ်ပြန်များအတွက် ပညာသင်ယူနိုင်ရေး ဥပဒေတစ်ခု ပြဌာန်းသင့်ကြောင်း၊ တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူနဲ့ပြည်သူ့ရဲဘော်များ ပညာဆက်လက်သင်ကြားရေးမှာ အရေးကြီးတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်မံဆိုပါတယ်။
========================
📌📌ရခိုင်ပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက်အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဆို
ရခိုင်ပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက်အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
“၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့် သဝဏ်လွှာ”မှာဖော်ပြပါရှိပါတယ်။
"လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်းထိစပ်သည့်နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထုနည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက် များစွာ ကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပင် စိတ်မကောင်းဖြစ်ရပါကြောင်း ၊ မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်ရှိပြည်သူလူထု၏ထိခိုက်နာကျင်ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည် ကုစားဖြည့်ဆည်းပေးနိုင်ရန် နှင့် မိမိတို့၏ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့်အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း "ဆိုထားပါတယ်။
ယခုအခါ ရခိုင်လူမျိုးများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရတန်းတူညီမျှမှုရရှိရေးနှင့် ရခိုင်ပြည်အတွင်း အမျိုးသားရေးစည်းလုံးညီညွတ်မှုများကို ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသူတိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန်ပြန်လည်တည်ဆောက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန် လည်းဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌အောက်ခြေတပ်သားတွေက စိတ်ပန်းလူပန်းဖြစ်လာ၍ အထက်အမိန့်ဖိအားကြောင့် ရွာတွေကိုမီးရှို့ကာ သတ်ဖြတ် ခြင်းများလုပ်လာကြခြင်းဖြစ်တယ်လို့ CDM ဗိုလ်ကြီး လီယိုပြောကြား
အောက်ခြေတပ်သားတွေက စိတ်ပန်းလူပန်းဖြစ်လာ၍ အထက်အမိန့်ဖိအားကြောင့် ရွာတွေကိုမီးရှို့ကာ သတ်ဖြတ် ခြင်းများလုပ်လာကြခြင်းဖြစ်တယ်လို့ CDM ဗိုလ်ကြီး လီယိုပြောကြားပါတယ်။ မေလ ၁၅ ရက်နေ့ ပြည်သူ့ပန်းတိုင်က ကျင်းပတဲ့ စကားဝိုင်းမှာ CDM ဗိုလ်ကြီး လီယိုကဆိုပါတယ်။
"အခုဆို ရွာတွေနဲ့အကြပ်ကိုင်လာတယ်။ ရွာတွေက PDFတေွနဲ့ပေါင်းတယ်။တိုင်းရင်းသားအဖွဲ့တွေနဲ့ပေါင်းတယ်။ သူတို့ ဒီလောက် စိတ်ပန်း လူပန်းလုပ်ရတာ PDFတေွကြောင့် PDFတေွက ရွာမှာရှိတယ်။ရွာမှာ လူတွေရှိတာ်။လူတွေ မရှိအောင် ရွာကိုမီးရှို့ဆိုပြီး အောက်ခြေတပ်မှာ ဖက်ဆစ် စိတ်တွေုဖစ်လာတယ်။ အထက်က တပ်မှူးကလည်း မင်းတို့ဒါတောင် မလုပ်နိုင်ဘူးလားဆိုတဲ့ ပြောဆိုမှုတွေကြောင့် လက်နက်အားနဲ့ဖက်ဆစ်စနစ်တွေပေါ်လာတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီတပ်များအနေနဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်မြေပြင်ဆိုင်ရာနိုင်ငံတကာ သဘောတူညီချက်တို့ကို နားလည်သိရှိသော်လည်း စစ်ဆင်ရေးများ မအောင်မြင်ဖြစ်မှာစိုး၍ တပ်ရင်းမှူးများက မလိုက်နာကြောင်း CDMဗိုလ်ကြီးလီယိုကဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းဟာ အရပ်ငါးသတ်ဖြတ်ခံရမှုနဲ့ နေအိမ်များ မီးရှို့ခံရမှုအများဆုံးဖြစ်ပါတယ်။
========================
📌📌ရှေ့တန်းက ဗိုလ်ကြီးတစ်ဦးက ပစ္စတိုနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံ
ရှေ့တန်းက ဗိုလ်ကြီးတစ်ဦးက ပစ္စတိုနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ကဖော်ပြပါတယ်။
"ဒီရက်ပိုင်းမှာတော့ ရှေ့တန်းက ဗိုလ်ကြီးတစ်ဦးက ပစ္စတိုနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံချင်တယ်ဆိုတာကြောင့် ERO တစ်ခုနဲ့ ချိတ်ဆက်ပေးခဲ့ပြီး ယခုအခါ လုံခြုံရာ နေရာ ရောက်နေပါပြီ။ ERO က ချီးမြှင့်တဲ့ ဆုကြေးငွေကိုလည်း ခံစားရဦးမှာ ဖြစ်ပါတယ်။"လို့ ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။
လက်ရှိမှာရှေ့တန်းကနေ ပြည်သူ့ရင်ခွင်ခိုလှုံချင်သူတွေကို ပြည်သူ့ရင်ခွင် (People's Embrace) က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးပြီး တောက်လျှောက် ခေါ်ထုတ်ပေးနေခဲ့တာ အရေအတွက် အတော်လေးများခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့ရင်ခွင်သို့ဆက်သွယ်လာသော တပ်CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmarနှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌ရဲဘော် ချစ်ကောင်း (CDMer) မှရှမ်းတောင် ညောင်ရွှေမြို့နယ်ထီရီး ၊ ဆောင်နန်းခဲဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ကိုခုခံရင်းကျဆုံး
ရဲဘော် ချစ်ကောင်း (CDMer) မှရှမ်းတောင် ညောင်ရွှေမြို့နယ်ထီရီး ၊ ဆောင်နန်းခဲဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ကိုခုခံရင်းကျဆုံးခဲ့ပါတယ်။မေလ ၁၅ ရက်နေ့မှာ ၁၀၀၈ တပ်ရင်းမှ ဝမ်းနည်းစွာဖြင့်အရေးပေါ်ထုတ်ပြန်ခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ ရဲဘော် ချစ်ကောင်း (CDMer)ကျွန်တော်တို့ ၁၀၀၈ တပ်ရင်းရဲ့စခန်းမှူး ဟာယနေ့ မေလ၁၅ရက်ရှမ်းတောင် ညောင်ရွှေမြို့နယ်ထီရီး ၊ ဆောင်နန်းခဲဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ကိုခုခံရင်းကျဆုံးသွားပါသောကြောင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းခြင်းများစွာဖြင့်
ထုတ်ပြန်လိုက်ရပါတယ်"လို့ဆိုထားပါတယ်။ မေလ ၁၅ ရက် မနက်၈ နာရီကစပြီးတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
========================
📌📌မြိုင်မြို့နယ်မြောက်ပိုင်း ရွာရှည်(ပိတောက်ကန်)ကျေးရွာနှင့် ထန်းတောမရွာအနီးရှိ တဲများကို အကြမ်းဖက်စစ်အုပ်စုကမီးရှို့ဖျက်ဆီး
မြိုင်မြို့နယ်မြောက်ပိုင်း ရွာရှည်(ပိတောက်ကန်)ကျေးရွာနှင့် ထန်းတောမရွာအနီးရှိ တဲများကို အကြမ်းဖက်စစ်အုပ်စုကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မေလ ၁၅ ရက်ညနေပိုင်း မြိုင်မြို့နယ်မြောက်ပိုင်း ရွာရှည်(ပိတောက်ကန်)ကျေးရွာနှင့် ထန်းတောမရွာအနီးရှိ တဲများကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့နေကြောင်း BEGSC ကဆိုပါတယ်။
"(မေလ ၁၅ ရက်နေ့)ညနေတွင် မြိုင်မြို့နယ်မြောက်ပိုင်း ရွာရှည်(ပိတောက်ကန်)ကျေးရွာနှင့် ထန်းတောမရွာအနီးရှိ တဲများကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။ကျေးရွာအတွင်း ပိတ်မိနေသော အပြစ်မဲ့ပြည်သူများလည်း ကျန်ရှိနေသေးကြောင်း လတ်တလောသိရှိရပါတယ်"လို့ဆိုပါတယ်။
ယမန်နေ့က လက်ယက်မရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဟာ လက်ယက် မရွာ၏ အရှေ့တောင်ဖက်နှင့် အနောက်မြောက်ဖက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌သုံးမိုင်ကနေ ငါးမိုင်းအထိ ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ရှော့တိုက်ဒုံးများ ဒေါင်းလုလင် - LPDF က ထုတ်လုပ်အောင်မြင်
သုံးမိုင်ကနေ ငါးမိုင်းအထိ ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ရှော့တိုက်ဒုံးများ ဒေါင်းလုလင် - LPDF က ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ မေလ ၁၅ ရက်မှာ ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှနောက်ထပ်ထုတ်လုပ်အောင်မြင်သော ရှော့ဒုံးများကို ပြသခဲ့ပါတယ်။
"ဒေါင်းလုလင် - LPDF ထုတ်လုပ်ရေးစခန်းမှနောက်ထပ်ထုတ်လုပ်အောင်မြင်သော ၃-၅ မိုင်ကြားပစ်လွှတ်နိုင်သော တာဝေးပစ်ရှော့တိုက်ဒုံးကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။အားလုံးရဲ့ "အိမ်" အမြန်ပြန်ရောက်ဖို့ ကျွန်တော်တို့ပြည်သူတွေရဲ့ အကူအညီလိုအပ်ပါတယ်"လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းတွင်း ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်သေနတ်များ၊ ၆၀မမ များ၊ စနိုက်ပါသေနတ်များကို ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။
No comments:
Post a Comment