၂၀၂၂ မေလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌CRPH နဲ့ ဝန်ကြီးဌာနများတွေ့ဆုံ ဆွေးနွေး
📌NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်တို့ အမေရိကန်လွှတ်တော်ရုံးတွင် တွေ့ဆုံ
📌နိုင်ငံတကာကလက်နက်နဲ့ ရန်ပုံငွေ ရမယ်ဆိုရမယ်ရင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပိုပြီး ချီးကျူးဂုဏ်ပြုကျေးဇူးတင်မှာပါလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌ချင်းပြည်နယ်အစိုးရဖွဲ့စည်းရန် ချင်းချာတာဟာ မူကြမ်းလေးခုရှိနေပြီး ဆွေးနွေးမှုအဆင့်မှာတင်ရပ်တန့်နေတယ်လို့ဆို
📌ပေနှစ်ထောင်အမြင့်ကနေ Federal Wings ရဲ့ ဒရုန်းနဲ့ဗုံးကျဲစစ်ဆင်ရေးတွင် စကစတပ်များအထိနာခဲ့
📌ပဲခူး ဇရပ်ကြီးနယ်မြေရဲစခန်းအတွင်းကို ဓာတ်မီးဖြင့်ထိုးသည်ဟုဆိုကာ စခန်းရဲက သေနတ်နှင့်ပစ်ခတ်၍ အသက် ၁၈ နှစ် မပြည့်သည့် လူငယ်တစ်ဦးသေဆုံး
📌စစ်ကိုင်းဒေသမှာ အရေးပေါ်အခြေအနေဖြစ်နေတာကြောင့် NUG က လက်နက်နဲ့ရိက္ခာပံ့ပိုးပေးဖို့ ဒေသတွင်း PDF တချို့နဲ့ပရဟိ တ သမားတွေက တောင်းဆို
📌မြိုင်မြို့နယ်မှာ စစ်တပ်က ရွာစဉ်လှည့်ပြီးအကြမ်းဖက်ပစ်ခတ်မီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဦးတည်ရာမဲ့ထွက်ပြေးနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌CRPH နဲ့ ဝန်ကြီးဌာနများတွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ၏ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၇ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးဌာနများက တက်ရောက်လာကြသော ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အမေရိကန်အစိုးရ၏ HR 2471 အရ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း လျာထားချက်ရရှိသည့်အတွက် ၎င်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ရေးဆွဲ ထားသည့်စီမံချက်များနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်သင့်သည့်အချက်များအပေါ် ဆွေးနွေးတင်ပြ ခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်းအကြံပြုခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် ကော်မတီဝင်များ၊ ကော်မတီ၇ခုတို့မှ ဥက္ကဋ္ဌများ၊ဝန်ကြီးဌာန ၆ ခုတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများအသီးသီးတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်တို့ အမေရိကန်လွှတ်တော်ရုံးတွင် တွေ့ဆုံ
မေလ ၁၇ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အမေရိကန်အထက်လွှတ်တော်အမတ်ခေါင်းဆောင်မစ်ချ်မက်ကော်နယ်တို့ အမေရိကန်လွှတ်တော်ရုံးမှာ တွေ့ဆုံ ခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ဖိနှိပ်ညှဉ်းပန်းမှုလုပ်ရက်များနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ပေါက်လာနိုင်ရေးအတွက်မြန်မာပြည်သူတို့၏ခုခံတွန်းလှန်နေမှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဆက်လက် ထောက်ခံပံ့ပိုးရေး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာမှ မြန်မာ့အရေး ဆက်လက် ကူညီမှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌နိုင်ငံတကာကလက်နက်နဲ့ ရန်ပုံငွေ ရမယ်ဆိုရမယ်ရင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပိုပြီး ချီးကျူးဂုဏ်ပြုကျေးဇူးတင်မှာပါလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာကို လက်နက်နဲ့ငွေကြေး အကူအညီတောင်းခံလိုက်ကြောင်း ရိုက်တာ သတင်းဌာနက အခုလိုဖော်ပြထားပါတယ်။
"နိုင်ငံတကာက ကျနော်တို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအပေါ် စိတ်ပိုင်းဆိုင် ရာ ထောက်ခံမှုတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် လက်နက်နဲ့ ရန်ပုံငွေ ရမယ်ဆိုရမယ်ဆိုရင် ကျနော်တို့ ပိုပြီး ချီးကျူးဂုဏ်ပြုကျေးဇူးတင်မှာပါ"လို့ဝန်ကြီးက ရိုက်တာသတင်းဌာနကိုဖြေကြားထားပါတယ်။
လက်ရှိမှာပြည်သူတွေရဲ့ လှူဒါန်းမှုများအရ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ရာ ရန်ပုံငွေ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို စစ်လက်နက်ခဲယမ်းပစ္စည်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှု အတွက် အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
"အထောက်အပံတွေရမှ တော် လှန်ရေး ကို မြန်မြန်အဆုံးသတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေကို လျော့နည်းသက်သာစေမှာဖြစ်ပါတယ်"လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုခဲ့ပါတယ်။
========================
📌📌ချင်းပြည်နယ်အစိုးရဖွဲ့စည်းရန် ချင်းချာတာဟာ မူကြမ်းလေးခုရှိနေပြီး ဆွေးနွေးမှုအဆင့်မှာတင်ရပ်တန့်နေတယ်လို့ဆို
မေလ ၁၇ ရက်နေ့မှာ အများပြည်သူသို့ ဆလိုင်းအိုက်ဇက်ခင်က အသိပေးပြောကြားရာတွင်"ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ဖို့ တော်လှန်ရေးချင်း stakeholders တွေအားလုံးလက်ခံသဘောတူတဲ့ပဋိညာဥ်တစ်ခုလိုအပ်ပါတယ်။ အဲဒါကို ချင်းချာတာဆိုပြီး ICNCC ကနေ အချိန်ယူရေးဆွဲခဲ့ပါတယ်။အကြောင်းကြောင်းကြောင့် ချင်းချာတာဟာ မူကြမ်းအဆင့်မှာပဲ ရပ်နေခဲ့ပါတယ်။ ဆွေးနွေးမှု တစ်ဆို့မှုတွေဖြစ်ပြီး ရပ်သွားခဲ့တာပါ။ ဒါကို ပြန် ဖြည်ဖို့နည်းမျိုးစုံကြိုးစားကြပေမယ့် ခုချိန်ထိ ဆက်ကို မရွေ့နိုင်သေးပါဘူး။လောလောဆယ် ချင်းချာတာမူကြမ်း ၄ ခုရှိပါ တယ်။ CNF ရေးထားတာရယ်၊ လွှတ်တော် အမတ်တွေရေးထားတာရယ်၊ CNLD-LA က ရေးထားတာရယ်နဲ့ CSO/CDM အဖွဲ့တွေက ရေးထားတာရယ်တို့ဖြစ်ပါတယ်။ ဒီ ၄ ခုကို စုစည်းပြီး single text ရအောင် လုပ်ရမှာ"လို့ဆိုပါတယ်။
ချင်းချာတာမူကြမ်းအချောသတ် စုစည်းဖို့ တာဝန်ရှိသူတွေ အမြန်ဆုံးစုစည်းဆောင်ရွက် ဖို့လိုအပ်ပြီးချင်းပြည်အစိုးရ မပေါ်ပေါက်ခင်စပ်ကြား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်နေကြ တဲ့ ပအဖ/ CDF အဖွဲ့များစုစည်း၍ ချင်းပြည် ပြည်သူ့အုပ်ချုပ်ရေးပေါင်းစပ်ညှိနှိုင်းမှုကော်မတီဖွဲ့စည်းသင့်တယ်လို့သိရပါတယ်။
========================
📌📌ပေနှစ်ထောင်အမြင့်ကနေ Federal Wings ရဲ့ ဒရုန်းနဲ့ဗုံးကျဲစစ်ဆင်ရေးတွင် စကစတပ်များအထိနာခဲ့
မေလ ၁၇ ရက်မှာ Federal Wingsက စစ်ဆင်ရေး တစ်ခုကိုထုတ်ဖော်ပြသခဲ့ရာ ပေနှစ်ထောင်အမြင့်ကနေ Federal Wings ရဲ့ ဒရုန်းနဲ့ဗုံးကျဲစစ်ဆင်ရေးတွင် စကစတပ်များအထိနာခဲ့တယ်လို့သတင်းရရှိပါတယ်။
"Mission တွေထဲက အတော်လက်ပေါက်ကပ်တဲ့ mission တစ်ခုရဲ့မှတ်တမ်းဖြစ်ပါတယ်။ဘုရားဝင်းထဲမှာ အကာအကွယ်ယူတပ်စွဲနေတဲ့ စကစပစ်မှတ်တစ်ခုကိုတိုက်ခိုက်ခဲ့တာပါ။
ပစ်မှတ်ကိုအတိအကျထိတာကတော့ Federal Wings Pilot တွေရဲ့ လေ့ကျင့်သားပြည့်ဝ ကျွမ်းကျင်မှုတွေလည်းပါသလို စကစတပ်ဖွဲ့တွေရဲ့ အပြစ်မဲ့ပြည်သူတွေကိုနှိပ်စက်ထားတဲ့ အကုသိုလ်အကျိုးပေးတာတွေလည်းပါတယ်။ ပေနှစ်ထောင်ကနေ ဒဲ့ထိတာ နည်းနည်းနောနော အကုသိုလ်လားလို့"ဆိုထားပါတယ်။
========================
📌📌ပဲခူး ဇရပ်ကြီးနယ်မြေရဲစခန်းအတွင်းကို ဓာတ်မီးဖြင့်ထိုးသည်ဟုဆိုကာ စခန်းရဲက သေနတ်နှင့်ပစ်ခတ်၍ အသက် ၁၈ နှစ် မပြည့်သည့် လူငယ်တစ်ဦးသေဆုံး
မေလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှထုတ်ပြန်ချက်အရ မေလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးနယ်မြေရဲစခန်းအတွင်းကို ဓာတ်မီးဖြင့်ထိုးသည်ဟုဆိုကာ ရဲစခန်းအတွင်းရှိ ရဲတပ်သားတစ်ဦးမှ ရဲစခန်းအနောက်ဘက် လမ်းကြားအတွင်းရှိ နေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အတွင်းရှိ အသက် ၁၄ နှစ်အရွယ် မောင်မျိုးမြတ်မိုးမှာ ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၄၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌စစ်ကိုင်းဒေသမှာ အရေးပေါ်အခြေအနေဖြစ်နေတာကြောင့် NUG က လက်နက်နဲ့ရိက္ခာပံ့ပိုးပေးဖို့ ဒေသတွင်း PDF တချို့နဲ့ပရဟိ တ သမားတွေက တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို အဆိုးဆုံးရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကိုင်းဒေသကိုထောက်ပို့တာတွေရှိပေမယ့် ခုခံစစ်အတွက် လုံလောက်တဲ့အခြေအနေမရှိသေးဘူးလို့ ယင်းမာပင်ဗိုလ်သူရိန်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ယင်းမာပင်ဗိုလ်သူရိန်အဖွဲ့ခေါင်းဆောင်
စစ်ကိုင်းဒေသတွင်းစစ်ဘေးရှောင်ပြည်သူတွေဟာ အရေအတွက်အားဖြင့်နေ့စဉ်ရာထောင်ချီတိုးမြင့်လာနေတာပါ။ ဒီစစ်ဘေးရှောင်တွေကို ကူညီဖို့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေနဲ့ ပရဟိတသမားတွေက ကြိုးစားနေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံမဟုတ်ရင် အလှူရှင်တွေရဲ့ ယုံကြည်မှုကိုရဖို့ခက်ခဲတယ်လို့ ခင်ဦးဒေသခံပရဟိတသမားတစ်ယောက်ကပြောပါတယ်။
ခင်ဦးမြို့နယ်ဒေသခံပရဟိတသမားတစ်ဦး
စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး အခုနှစ်ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းနေရာပေါင်း ၂၉၆ နေရာလောက်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကမီးရှို့လို့ ပျက်စီးသွားတဲ့လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
📌📌မြိုင်မြို့နယ်မှာ စစ်တပ်က ရွာစဉ်လှည့်ပြီးအကြမ်းဖက်ပစ်ခတ်မီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဦးတည်ရာမဲ့ထွက်ပြေးနေရပါတယ်။
မြိုင်မြို့နယ်ဟာ စီးပွားဖြစ်ရေနံလုပ်ငန်းတွေကနေ တနိုင်တပိုင်ရေနံတွင်းတွေအထိ လုပ်ငန်းလုပ်ကိုင်ကြတဲ့အရပ်ဖြစ်ပြီး ရေနံလုပ်ငန်းရှင်တွေက PDF တွေကို ထောက်ပံ့နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေပြုလုပ်နေတာပါ။ဒီအကြောင်းကိုတော့ မြိုင်ဒေသခံပြည်သူတစ်ဦးကအခုလိုပြောထားပါတယ်။
မြိုင်ဒေသခံပြည်သူတစ်ဦး
မေလ ၁၃ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မီးရှို့တာတွေခံခဲ့ရတဲ့ ရွာရှည်ရွာ (ခေါ်) ပိတောက်ကန်ရွာမှာ အိမ်ခြေ ၆၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ သက်ကြီးအဖိုးအဖွားနှစ်ဦးအပါအဝင် ပြည်သူ ၃ ယောက် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်လို့ပိတောက်ကန်ရွာသူတစ်ဦးက အခုလိုဆက်ပြောထားပါတယ်။
မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာသူတစ်ဦး
စစ်ကောင်စီက မေလ ၁ ရက်နေ့ကစပြီး မြိုင်မြို့နယ်ထဲမှာ အကြမ်းဖက်ပစ်ခတ်တာတွေ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မြိုင်မြို့နယ်ထဲမှာ သောင်းနဲ့ချီတဲ့စစ်ဘေးသင့်ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေကပြောပါတယ်။
No comments:
Post a Comment