၂၀၂၂ မေလ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
📌ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဆို
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းဖိတ်ခေါ်
📌မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်
📌စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာအား စကစတပ်နဲ့ ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီး
📌ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
မေလ ၁၇ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့တာကတော့ မင်းအောင်လှိုင်တစ်ဦးတည်းရဲ့ ရူးသွပ်တဲ့စိတ်ဆန္ဒတစ်ခုတည်းအပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမအောင်မြင်နိုင်ဘူးလို့ ဆိုလိုက်ပါတယ်။
"မိမိတို့အစိုးရအနေဖြင့် Charter ပါ နိုင်ငံရေးရည်မှန်းချက်၊ လမ်းပြမြေပုံများနှင့်အညီ အောင်မြင်မှုပန်းတိုင် ရောက်အောင် ဆက်လက်ချီတက်သွားကြမှာ ဖြစ်ပါတယ်။” လို့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုက တရားမဝင်သည့်အပြင် အဖြေရရှိမှာ မဟုတ် ဘူးဆိုတာနဲ့ NUG အစိုးရအနေနဲ့ ပြည်သူလူ ထုအကျိုးကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးကိစ္စ၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်တဲ့ ဒေသန္တရအုပ်ချုပ်အကောင်အထည်ဖော်ရေးကိစ္စ တွေမှာ တစိုက်မတ်မတ်ဆောင်ရွက်သွားဖို့အ တွက်လည်း ယာယီသမ္မတက တိုက်တွန်းထား တာတွေ့ရပါတယ်။ စကစရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO ၊ KNPP၊ ABSDF၊ CNF စတဲ့အဖွဲ့များ မတက်ရောက်ဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။
=======================
📌📌ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
မေလ ၁၇ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
"နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း အောင်မြင်မှုရ လဒ်တွေအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေအတွက် အထောက်အပံ့အကူအညီရရှိနိုင်ရေးကိစ္စတွေ မကြာခင် မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့"ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်ထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ နေရပ်စွန့်ခွာသူဦးရေ ၅၉၀,၁၀၀ ဦးအပါအဝင် စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေဟာ ယခုနှစ် မေလ ၂ ရက်အထိ ၉၃၆,၇၀၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဆို
ယခုအခြေအနေတွင် ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတယ်လို့ NUG အစိုးရ၏ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်က မေလ ၁၇ ရက်မှာ လူမှုကွန်ရက်မှတစ်ဆင့်ရေးသားပြောကြားခဲ့တာပါ။
"ဒီတော်လှန်ရေးဟာ မိစ္ဆာ အကြမ်းဖက် စစ်အုပ်စုနဲ့ စစ်အာဏာရှင်၊ အာဏာရှင်မှန်သမျှ မြန်မာ့မြေပေါ်က လုံးဝ အပြီးတိုင် ချုပ်ငြိမ်းစေဖို့ တဦးချင်းစီးတိုင်းက စုဖွဲ့မှု မျိုးစုံ၊ တော်လှန်ပုံ အမယ်မယ်နဲ့ အားလုံးပါဝင်ကြိုးပမ်းနေကြတာပါ။ ဒီလို အခြေအနေမှာ ငါနဲ့ မတူလို့ ငါ့ရန်သူလို့ မယူဆသင့်ပါဘူး။ မိမိတို့ ယုံကြည်ရာ လုပ်နည်း လုပ်ဟန်မျိုးစုံနဲ့ လုပ်နေသူတိုင်းအပေါ် အချင်းချင်း လေးစားအသိအမှတ်ပြု တန်ဘိုးထားပြီး ဘုံရန်သူကို တွန်းလှန်နေဖို့သာ အရေးကြီးတာပါ။ တော်လှန်ရေး အပြီး နိုင်ငံသစ်တည်ဆောက်ရေးအတွက်လည်း ခွန်အားတွေ လိုနေအုံးမှာမို့လား။ ဒီအတွက် တဦးချင်းစီတိုင်း လက်ကုန် တက်ကုန်ဆက်ဖွင့်၍ အရေးတော်ပုံအောင်မြင်သည်ထိ ဆက်လက်ချီတက်ကြဖို့ပါ"လို့ဆိုထားပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းဖိတ်ခေါ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ထမ်းလိုသူ ပြည်သူများ အခွန်ဆောင်နိုင်ပြီဖြစ်ကြောင်းမေလ ၁၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်စနစ်ဟာ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော အခွန်စနစ်တစ်ရပ် ပေါ်ပေါက်လာရေးဆိုတဲ့ မူဝါဒကို ဦးတည်ပြီး အကောင်အထည်ဖော်ထားတာကြောင့် ပြည်သူများအနေနဲ့ မိမိပေးဆောင်လိုတဲ့ အခွန်ပမာဏကို တွက်ချက်ပြီးပေးဆောင်ရုံပဲဖြစ်ပါတယ်"လို့ဆိုထားပါတယ်။
အသေးစိတ်အချက်အလက်များကို https://ird.nug-mm.net/ တွင် လေ့လာနိုင်ပါတယ်။
အခွန်ပေးဆောင်ရမှာအခက်အခဲများရှိပါက ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ Facebook messenger သို့မဟုတ် website မှ တဆင့်မေးမြန်းနိုင်တယ်လို့သိရပါတယ်။
========================
📌📌မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်
မြစ်ငယ် PDF မှ ကာဘိုင် သေနတ်များတီထွင်အောင်မြင်တယ်လို့ မေလအတွင်းမှာ မြစ်ငယ် PDF ကဖော်ထုတ်ပြသခဲ့ပါတယ်။
"MN PDF (မြစ်ငယ်)၏ကိုယ်ပိုင် ကာဘိုင် လက်နက်များတီထွင်ထုတ်လုပ်မှု့အောင်မြင်ကြောင်း အလှူရှင်မိဘပြည်သူများကိုအသိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ ၆၀မမများ၊ကာဘိုင်သေနတ်များ၊ စနိုက်ပါသေနတ်များကို ကိုယ်တိုင်ထုတ်လုပ်အောင်မြင်လျက်လည်းရှိပါတယ်။
========================
📌📌စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာအား စကစတပ်နဲ့ ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီး
မေလ ၁၇ ရက်နေ့ နံနက် (၁၀ ၃၀) အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရဲစခန်း နှင့် ချပ်ကြီးကျေးရွာရှိ စကစ တပ်သား၊ ပျူစောထီးများဟာ ကျေးရွယများကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့တာလို့ ကန့်ဘလူPDFကဆိုပါတယ်။
ယင်းသို့ရွာများကို မီးရှို့ဖျက်ဆီးရာတွင်ဦးကင်းကြည်ကျေးရွာ၊ တင်မော်ကျေးရွာ၊ ပိတောက်ပင် ကျေးရွာ၊ အုပ်ခင်းကျေးရွာ၊ ပုဏ္ဏားကြီးကျေးရွာရှိ ကျေးရွာနေ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လက်ရှိမှာစကစတပ်များ၊ ပျူစောထီးများနေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာသူ/ ကျေးရွာသားများအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြတယ်လို့သိရပါတယ်။
========================
📌📌ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM ပြော
ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ မအောင်မြင်နိုင်ဘူးလို့ အကြမ်းဖက် စစ်တပ်ကို ရေတပ် CDM တပ်သားကောင်းကောင်းကပြောကြားလိုက်ပါတယ်။
မေလအတွင်းမှာ ရေတပ် CDM တပ်သားကောင်းကောင်းပြောကြားချက်ကို ပြည်သူ့ပန်းတိုင်အဖွဲ့ကဖော်ပြခဲ့ပါတယ်။
"နွေဦးတော်လှန်ရေးသည် ပြည်သူ့ရင်မှပေါက်ဖွားလာခဲ့တဲ့ တော်လှန်ရေးတစ်ခုဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူကို သေနတ်နဲ့ ရက်ရက်စက်စက်ပစ်သတ်၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ပြည်သူဟာ လက်နက်ကိုင်တော်လှန်မှသာလျှင် အာဏာရှင်တစ်စုရဲ့ အာဏာရူးနေတာတွေ၊ လူ့အခွင့်အရေးဆုံးရှုံးတာတွေကို ပြန်လည်ရရှိမှာဖြစ်တာကြောင့် တော်လှန်ရေးပေါ်ပေါက်လာရတယ်လို့ မြင်ပါတယ်။ ပြည်သူမထောက်ခံတဲ့ အဖွဲ့စည်းတစ်ခုဟာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး"လို့ ဆိုပါတယ်။
တပ်သားကောင်းကောင်း (အမည်လွှဲ)ဟာတပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်းဌာနချုပ်ကနေ CDM ပြုလုပ်လာခဲ့တဲ့တပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
No comments:
Post a Comment