၂၀၂၂ မေလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌၁၄ / အင်းလျားလမ်း နေအိမ်ကို အမေရိကန်ဒေါ်လာ ၆ သန်းဖိုးအထိရောင်းချထားပြီးဖြစ်
📌အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ UK အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ
📌နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဆရာကြီး ဒေါက်တာသိန်းလွင် နှင့် ကြားကာလပညာရေးဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး
📌စကစများမီးရှို့ဖျက်ဆီးသွားသောအိမ်များမှ အိမ်ထောင်စု ၈၄ စု အား တအိမ်ထောင်လျှင် ၅ သောင်းနှုန်းဖြင့် မြိုင်မြို့နယ် PDF ကထောက်ပံကူညီ
📌ဇွန်လ ၁ ရက်နေ့ကစလို့ အခွန်ကောက်ခံမယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ
📌အကြမ်းဖက် စကစရဲ့ ဝန်ထမ်းများနဲ့ တပ်သတင်းပေး ၂၄ ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ညွန်ကြားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး
📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်းမှာ မိုးမြေပဲရာသီချိန်ဖြစ်ပေမယ့် စစ်တပ်က စစ်ကြောင်းတွေဆက်တိုက်ထိုးနေတာကြောင့် စိုက်ပျိုးရေးဘက်ကိုတောင်သူတွေမလှည့်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြော
📌NUG ဆီက လက်နက်အထောက်အပံ့တွေ ပိုရဖို့ မျှော်လင့်တယ်လို့ မကွေးတိုင်း၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူက ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌၁၄ / အင်းလျားလမ်း နေအိမ်ကို အမေရိကန်ဒေါ်လာ ၆ သန်းဖိုးအထိရောင်းချထားပြီးဖြစ်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/ အင်းလျားလမ်း နေအိမ်ကို အမေရိကန်ဒေါ်လာ ၆ သန်းဖိုးအထိ ရောင်းချထားပြီးဖြစ်တယ်လို့ မေလ၂၆ ရက် ညပိုင်းမှာ End of Dictator Ship (EOD) က ကြေညာခဲ့ပါတယ်။
"စစ်အာဏာရှင် မင်းအောင်လှိုင် မတရား ပိုင်ဆိုင်ရယူထားတဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ ရှယ်ယာများကို ရောင်းချခဲ့တဲ့ ၃ ပတ်မြောက်မှာပဲ ဒေါ်လာ ၆ သန်း ဖိုးအထိ ရောင်းချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ပြောခဲ့သလို ဒီငွေများဟာ အားလုံးသိတဲ့ အရေးအကြီးဆုံးဆိုတဲ့ နေရာများမှာ တိုက်ရိုက် အသုံးပြုနေတာဖြစ်လို့တော်လှန်ရေးအတွက် အရေးအပါဆုံး ဘဏ္ဍာရန်ပုံငွေများဖြစ်နေပါတယ်"လို့ EOD ကဆိုပါတယ်။
အဆိုပါ ၁၄/ အင်းလျားလမ်း နေအိမ်အား ယနေ့အချိန်အထိ စုစုပေါင်းဝယ်ယူသူ ဦးရေ ၉၀၀၀ ဝန်းကျင် ရှိပြီး ဒေါ်လာ တစ်သောင်းဖိုးအထက် ဝယ်ယူခဲ့သူ အယောက် ၂၀၀ ကျော် ရှိကာ အများဆုံး ဝယ်ယူသူက ရှယ်ယာအစောင် ၂၀၀၀ ဝယ်ယူခဲ့ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၁၄/ အင်းလျားလမ်းနေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ကြေးသတ်မှတ်ကာ တစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ UK အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ယူနိုက်တက်ကင်းဒမ်း (United Kingdom - UK) နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling တို့ မေလ၂၅ ရက်နေ့တွင် လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုဆွေးနွေးပြောကြားခဲ့ပါတယ်။
၄င်းနောက် ဝန်ကြီး နှစ်ဦးအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် UK နိုင်ငံ၏ အကူအညီပေးမှုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကပြန်လည် ပြောကြားခဲ့ပါတယ်။
========================
📌📌နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိ ဆရာကြီး ဒေါက်တာသိန်းလွင် နှင့် ကြားကာလပညာရေးဆိုင်ရာ ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး
ကြားပညာရေးချိတ်ဆက်မှုကွန်ရက် ၊ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) က ဦးစီး၍ ဆရာကြီး ဒေါက်တာသိန်းလွင် နှင့် ကြားကာလပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ (၂၆) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း ကလေးများပညာရေးစဥ်ဆက်မပြတ်စေရန် ကြားကာလပညာရေးအစီအစဥ်များကို တိုင်းပြည်အနှံအပြားတွင် အကောင်အထည်ဖော်ဆောင်ရွက်နေကြပြီး စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး သခင်ပညာရေး(တစ်နည်း) ပြည်သူ့ပညာရေးကို အကောင်အထည်ဖော်နေကြခြင်းဖြစ်ပါတယ်။
ကြားကာလပညာရေးဆိုင်ရာဆွေးနွေးပွဲကို ဒေသအသီးသီးမှ ကြားကာလပညာရေးကိုအကောင်အထည်ဖော်နေကြသော ပညာရေးဘုတ်အဖွဲ့များ ၊ ကြားကာလပညာရေးကျောင်းများ ၊ ဖက်ဒရယ်စကူးလ်များ ၊ ဒေသဆိုင်ရာ အစုအဖွဲ့များ ၊ ဆရာသမဂ္ဂများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ် (၂၀၀) ဦး တက်ရောက်ခဲ့ကြပါတယ်။
ထိုသို့ ပြည်သူ့ပညာရေး ၊ ကြားကာလပညာရေး အစီအစဥ်များအပေါ် ဆရာကြီးဒေါက်တာသိန်းလွင်မှ အကြံပြုဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ကိုယ်စားလှယ်များမှ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
ကြားကာလပညာရေးတွင် အကောင်အထည်ဖော်နေသည့် ကျောင်းများ၏ လွှမ်းခြုံနိုင်မှု ၊ ပညာရေးဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ သင်ရိုးနှင့် သင်ကြားနည်းများ ၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးနှင့်စပ်လျဥ်းသည်များ ၊ တိုင်းရင်းသားဒေသများ၏ ပညာရေး ၊ ဘာသာရပ်ဆိုင်ရာ ကိစ္စများ ၊ မိခင်ဘာသာစကားအခြေပြု ပညာရေး ၊ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာများ အစရှိသည်များကို ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌စကစများမီးရှို့ဖျက်ဆီးသွားသောအိမ်များမှ အိမ်ထောင်စု ၈၄ စု အား တအိမ်ထောင်လျှင် ၅ သောင်းနှုန်းဖြင့် မြိုင်မြို့နယ် PDF ကထောက်ပံကူညီ
စကစများမီးရှို့ဖျက်ဆီးသွားသောအိမ်များမှ အိမ်ထောင်စု ၈၄ စု အား တအိမ်ထောင်လျှင် ၅ သောင်းနှုန်းဖြင့် မြိုင်မြို့နယ် PDF က ထောက်ပံကူညီခဲ့တယ်လို့ မေလ၂၇ ရက်မှာ မြိုင် PDF က ဆိုပါတယ်။
"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တော်လှန်းရေးလုပ်ရင်း မေလ ၂၅ ရက်တွင် တဖက်တလမ်းမှ စကစများမီးရှို့ဖျက်ဆီးသွားသော အိမ်ထောင်စု ၈၄ စု အား တအိမ်ထောင်လျှင် ၅ သောင်းနှုန်းဖြင့် ထောက်ပံ့ခဲ့ပါတယ်" လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အပြစ်မဲ့ ပြည်သူအိမ်များကို မီးရှို့နေသော စကစတပ်များအနေဖြင့် ကျူးလွန်သမျှကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
========================
📌📌ဇွန်လ ၁ ရက်နေ့ကစလို့ အခွန်ကောက်ခံမယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ
ပြည်ထောင်စုလွှတ်တော်ရဲ့အခွန်အကောက်ဥပဒေအရ ဇွန်လ၁ရက်နေ့ကစလို့ စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မယ်လို့ မေလ ၂၇ ရက်နေ့မှာ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။
၂၀၂၁ စက်တင်ဘာ ၂၀ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်များ ကောက်ခံတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်များနဲ့အညီစီးပွားရေးလုပ်ငန်းရှင်များထံမှ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခွန်များကို စနစ်တကျ ကောက်ခံတော့မယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ကောက်ခံရရှိလာတဲ့ အခွန်ငွေများကို NUG က ချမှတ်ထားတဲ့မူဝါဒလမ်းညွှန်ချက်များနှင့် အညီအကျိုးရှိစွာ သုံးစွဲသွားမယ်လို့သိရပါတယ်။
========================
📌📌အကြမ်းဖက် စကစရဲ့ ဝန်ထမ်းများနဲ့ တပ်သတင်းပေး ၂၄ ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ညွန်ကြားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး
မေလနောက်ဆုံးပတ်မှာ အကြမ်းဖက် စကစရဲ့ ဝန်ထမ်းများနဲ့ တပ်သတင်းပေး ၂၄ ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ညွန်ကြားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်လို့ KNDFB03 က ဖော်ပြပါတယ်။
"အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ၏ သတင်းပေးများနှင့် EPC နေ့စား ဝန်ထမ်းများ စုစုပေါင်း (၂၄) ဦးကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ညွန်ကြားမှုဖြင့် ကရင်နီပြည်ရဲဌာန (KSP) နှင့် KNDF တို့မှ မေလ (၂၆) ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်" လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာဆိုင်ရာ အရပ်ဘက်စစ်ဘက်ဆိုင်ရာ စည်းကမ်းများကို လိုက်နာကျင့်သုံးလျက် ရှိနေပါတယ်။ အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ စစ်ကိုင်းတိုင်းမှာ မိုးမြေပဲရာသီချိန်ဖြစ်ပေမယ့် စစ်တပ်က စစ်ကြောင်းတွေဆက်တိုက်ထိုးနေတာကြောင့် စိုက်ပျိုးရေးဘက်ကိုတောင်သူတွေမလှည့်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးဦးကျ မိုးမြေပဲရာသီချိန်ဖြစ်ပေမယ့် မျိုးမြေပဲတွေဖျက်ဆီးခံရတာ၊ သွင်းအားစုဓါတ်မြေဩဇာနဲ့ပိုးသတ်ဆေးဖိုးမရှိတာ၊ အချိန်မရွေး ပြေးနေရတာတွေကြောင့် စိုက်ပျိုးရေးဘက်ကိုတောင်သူတွေမလှည့်နိုင်ကြတော့ဘူးလို့ ကနီ ပအဖ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ကနီ ပအဖ တာဝန်ရှိသူတစ်ဦး
မေလ ၁၉ ရက်နေ့မှာ စစ်တပ်က ဒုတိယအကြိမ်ဝင်ရောက်ပြီး မီးရှို့အကြမ်းဖက်တာခံခဲ့ရတဲ့ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာမှာ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေ၊ ကျွဲနွားတွေပါ ဖျက်ဆီးခံခဲ့ရတဲ့အတွက် နောက်နှစ်စာ ဝမ်းစာတောင်မကျန်တော့ဘူးလို့ ရွာသူတစ်ယောက်ကပြောပါတယ်။
ကနီ၊ နတ်ကြီးရွာသူတစ်ဦး
အခုမေလအတွင်း ကနီမြို့နယ်ထဲက ရွာ ၁၁ရွာအထိ စစ်တပ်ကဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းမှာ အိမ်ခြေတစ်သောင်းဝန်းကျင်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ အခက်အခဲတွေတွေ့နေရပါတယ်။ ဒီသတင်းကိုတော့ နွေဦး K က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
📌📌NUG ဆီက လက်နက်အထောက်အပံ့တွေ ပိုရဖို့ မျှော်လင့်တယ်လို့ မကွေးတိုင်း၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူက ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တွေမရခဲ့သလို ချိတ်ဆက်နိုင်မှုအားနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်အထောက်အပံ့တချို့ရရှိထားပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင် ကိုမြတ်သူကပြောပါတယ်။ YDF အနေနဲ့ နိုင်ငံတကာစစ်စည်းကမ်းတွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒတွေနဲ့အညီ ရှေ့ဆက်သွားမှာဖြစ်ပြီး NUG ဆီက လက်နက်အထောက်အပံ့တွေပိုရဖို့မျှော်လင့်တယ်လို့ ကိုမြတ်သူက ဆိုပါတယ်။
ကိုမြတ်သူ - ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တွေမှာ အတိုင်းအတာတစ်ခုအထိနယ်မြေလွှမ်းမိုးထားနိုင်တဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။စစ်ကိုင်းတိုင်းမှာလည်း စစ်တပ်က သာလွန်အင်အားသုံးပြီးအကြမ်းဖက်တာကိုလျှော့ချနိုင်ဖို့ဆိုရင် NUG က ဒေသတွင်း PDF တွေ လက်နက်တပ်ဆင်ပေးဖို့လိုအပ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူ
အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီနဲ့ PDF တွေ ထိတွေ့မှုဆက်တိုက်ဖြစ်ပွားနေသလို ပျူစောထီးနဲ့ ဒလန်တွေကြောင့် မြေပြင်အခြေအနေရှုပ်ထွေးပြီး PDF အဖွဲ့တွေကြားထဲမှာ သဘောထားကွဲလွဲမှုတချို့လည်းရှိနေပါတယ်။ ဒီသတင်းကိုတော့ နွေဦး K က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment