၂၀၂၂ မေလ ၂၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြေပြင်ဦးဆောင်သူများ နှင့် ပြည်သူလူထု တက်ကြွစွာ ဆောင်ရွက်နေမှုကြောင့် အချို့တိုင်းဒေသကြီးများတွင် စိုးမိုးနယ်မြေများ ပိုမိုးတိုးမြှင့်လာနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌ပြည်သူ့အောင်ပွဲ နီးကပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာ
📌မြိုင်မြို့နယ်တွင် ကျောင်းသားပေါင်းတစ်သောင်းကျော်ကို ပြည်သူအစိုးရလက်ထက် သင်ရိုးညွှန်းတမ်းများအပါအဝင် NUG အစိုးရရဲ့ကြားကာလ ပညာသင်ကြားရေး ဗီဒီယို များနဲ့ပါ သင်ကြားပေးလျက်ရှိ
📌ရှမ်းတောင်မှာရှိတဲ့ စကစတပ်များ လက်နက်နဲ့အတူခိုလှုံပါက ငွေကျပ်သိန်း ၃၀ ပေးမယ်လို့ တပ်ရင်း ၁၀၀၈ ဆို
📌သဘာဝဘေးစီမံ အက်ဥပဒေပုဒ်မ ၂၅ နဲ့ ဒေါက်တာအောင်မိုးညိုကို အလုပ်နဲ့ ထောင် ၃ နှစ်ချမှတ်
📌PRA မကွေးကာကွယ်ရေးတပ်ဖွဲ့မှ အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားသစ်များခေါ်ယူ
📌ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမား ဟိန်းထိုက်ဇော်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးကာ သေနတ်နဲ့ ပစ်ခတ်၍ သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြေပြင်ဦးဆောင်သူများ နှင့် ပြည်သူလူထု တက်ကြွစွာ ဆောင်ရွက်နေမှုကြောင့် အချို့တိုင်းဒေသကြီးများတွင် စိုးမိုးနယ်မြေများ ပိုမိုးတိုးမြှင့်လာနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၂၆ ရက် ကျင်းပတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၁၃/၂၀၂၂) မှာ မြေပြင်ဦးဆောင်သူများ နှင့် ပြည်သူလူထု တက်ကြွစွာ ဆောင်ရွက်နေမှုကြောင့် အချို့တိုင်းဒေသကြီးများတွင် စိုးမိုးနယ်မြေများ ပိုမိုးတိုးမြှင့်လာနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
“မြေပြင်အုပ်ချုပ်ရေးလုပ်ငန်းများ တစစ ပိုမို များပြားလုပ်ဆောင်ရန် လိုလာကြောင်း၊ CRPH ကြားခံ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများနှင့် တွေ့ဆုံခဲ့မှု၌ မြေပြင်လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆီးလုပ်ဆောင်ပေးကြရန် နှင့် ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားရန်၊ ပုံမှန်တွေ့ဆုံများ ပြုလုပ်သွားကြရန် လိုကြောင်း၊ မြေပြင်ဦးဆောင်သူများ နှင့် ပြည်သူလူထု တက်ကြွစွာ ဆောင်ရွက်နေမှုကြောင့် အချို့တိုင်းဒေသကြီးများတွင် စိုးမိုးနယ်မြေများ ပိုမိုးတိုးမြှင့်လာနေပြီဖြစ်ကြောင်း၊ ERO ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီးနယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ မိမိတို့အနေဖြင့်ရောထွေးစွက်ဖက်ခြင်းမျိုးမဖြစ်အောင် ကြိုတင်စဉ်းစား၍ ပြင်ဆင်ဆောင်ရွက်ထားကြရန် အရေးကြီးကြောင်း” ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး (၁၂/၂၀၂၂) အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု လုပ်ငန်းပြီးစီးသည့်အခြေအနေကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဘက်အတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်က အစီရင်ခံတင်ပြခြင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမင်းဇေယျာဦးက NUG Pay နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံနိုင်ရေးကိစ္စများ၊ မြေပြင် ပြဿနာရပ်များအပေါ် ပအဖ၊ ပကဖ၊ ပီဒီအက်ဖ် များကြား အချိတ်ဆက်မိမိ ပူးပေါင်းလှုပ်ရှားနိုင်ရေး ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို အကျယ်တဝန်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ဗဟိုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
=======================
📌📌ပြည်သူ့အောင်ပွဲ နီးကပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
မေလနောက်ဆုံးပတ်အတွင်း ပြည်သူမှ ပြည်သူသို့ တွေ့ဆုံမေးမြန်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူ့အောင်ပွဲ နီးကပ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုလိုက်ပါတယ်။
"အောင်ပွဲက တော်တော် နီးနေပြီ။ မြင်နေရပြီ။ ကျနော်တို့က ပြည်သူတွေနဲ့နေတဲ့အတွက် အမှန်တရားကို ထောက်ခံတဲ့လူတွေ၊ အမှန်တရားကို မြင်တဲ့လူတွေနဲ့စကားပြောလို့ရတယ်။ ပြည်သူတွေကို ပြောချင်တာက အောင်ပွဲက အတော့်ကို နီးကပ်နေတဲ့အချိန် ကိုယ့်အသက်ကိုလည်း စောင့်ရှောက်ရမယ်။ ကျန်းမာရေးလည်း အရေးကြီးတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
စစ်ကောင်စီတပ်များကို ပြည်သူ့ခုခံ စစ်ဆင်နွှဲရန် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာ
စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတားမြစ်ခြင်း ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)နဲ့ ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ -
၁။ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားလျက် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက် ညှင်းပန်းနေသော စစ်ကောင်စီသည် တစတစ အင်အားပြုန်းတီးနေသည့် ၎င်းတို့၏ အကြမ်းဖက် စစ်တပ်အား ဖာထေးထောက်ကူနိုင်ရေး နိုင်ငံတဝန်း မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါတွင် “ပြည်သူ့လုံခြုံရေးအဖွဲ့”ဟု ၎င်းတို့ ခေါ်ဆိုသည့် အကြမ်းဖက်အဖွဲ့များကို မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။
၂။ ယခင်က ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာ၊ စွန်ရဲ စသော အမည်အမျိုးမျိုးဖြင့် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ စစ်ကောင်စီသည် ပြည်သူချင်း အကြမ်းဖက် ရန်ပြုစေလျက် ၎င်းအတွက် ထွက်ပေါက် ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒတစ်ခု ချမှတ်ကာ ၎င်းကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့်ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရသော အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုတော်ရိ နိုင်ငံရေး ပါတီ နှင့် အသင်းအဖွဲ့များ၏ ပါဝင်မှုဖြင့် ဖွဲ့စည်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
၃။ စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကလည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကလည်း သတ်မှတ်ကြေညာထားပြီး ဖြစ်သဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ငန်းများတွင် ထောက်ကူပေးသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလျက်ရှိပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေးနည်းလမ်းအရဖြစ်စေ အရေးယူခံရမည်ဖြစ်သည်။
၄။ စစ်ကောင်စီ ပြန်ကြားရေး၏ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားများပါဝင်သော ကာကွယ်ရေးစနစ် တနည်း ပြည်သူကို ပြည်သူနှင့် ပြန်ရန်တိုက်ပေးသည့် အကြမ်းဖက်စနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပါဝင် ဆောင်ရွက်သူများအား စစ်ပညာသင်ကြားပေးခြင်း၊ အကြမ်းဖက်နည်းလမ်းများ ပို့ချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီးဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၎င်းပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပုံ နှင့် ပါဝင်သည့် အသင်းအဖွဲ့များ လူပုဂ္ဂိုလ် များနှင့် ပက်သက်သော သက်သေအထောက်အထားများကိုလည်း ရရှိထားပြီးဖြစ်သည်။
၅။ သို့ဖြစ်၍ စစ်ကောင်စီက ဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” များနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက် “ အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ ” အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်သည်။
၆။ “ ပြည်သူ့လုံခြုံရေးအဖွဲ့” တွင် ပါဝင်ရန် အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်သည်။
၇။ ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီက “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” ဟုဆိုကာ အင်အား စုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြပါရန်နှင့် မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင် များအဖြစ် ပါဝင်ဆောင်ရွက်နေမှုများကို သိရှိရပါက - တယ်လီဂရမ်(telegram) အမည်
" info2mod " သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ " info2mod@protonmail.com " သို့လည်းကောင်း၊ အထောက်အထားများနှင့်တကွ သတင်းပေးပို့ တိုင်ကြားနိုင်ကြရန် ထုတ်ပြန်ကြေညာအပ်ပါသည်လို့ ဖော်ပြပါရှိပါတယ်။
========================
📌📌မြိုင်မြို့နယ်တွင် ကျောင်းသားပေါင်းတစ်သောင်းကျော်ကို ပြည်သူအစိုးရလက်ထက် သင်ရိုးညွှန်းတမ်းများအပါအဝင် NUG အစိုးရရဲ့ကြားကာလ ပညာသင်ကြားရေး ဗီဒီယို များနဲ့ပါ သင်ကြားပေးလျက်ရှိ
မကွေးတိုင်း မြိုင်မြို့နယ်တွင် ကျောင်းသားပေါင်းတစ်သောင်းကျော်ကို ပြည်သူအစိုးရလက်ထက် သင်ရိုးညွှန်းတမ်းများအပါအဝင် NUG အစိုးရရဲ့ ကြားကာလ ပညာသင်ကြားရေး ဗီဒီယိုများနဲ့ပါ သင်ကြားပေးလျက်ရှိတယ်လို့ မေလအတွင်း မြိုင်မြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
"ကျောင်းသားအများစုက ကျောင်းတက်ချင်ကြတယ်။ ရှစ်တန်း၊ ကိုးတန်းကျောင်းသားတွေ နည်းနည်းအသက်ကြီးသွားလို့ ကျောင်းတက် ပျင်းတာလေး ရှိပေမဲ့အခု လိုက်စည်းရုံးလို့ အဆင်ပြေနေပါတယ်။ ကျောင်းသား/ကျောင်းသူတွေကို ပြည်သူ့အစိုးရလက်ထက်က သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားပေးနေပါတယ်။ NUG ရဲ့ ကြားကာလ ပညာရေးအစီအစဥ် သင်ကြားရေး ဗီဒီယိုတွေနဲ့လည်း သင်ကြားပါတယ်" လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
မြိုင်မြို့နယ်တွင် ကျောင်းပေါင်း၇၀ ကျော်ရှိကာ CDM ဆရာ၊ ဆရာမပေါင်း ၃၅၂ဦး၊ စေတနာ့ဝန်ထမ်း ၈၇၂ဦးနဲ့ ကျောင်းသား/ကျောင်းသူပေါင်း ၁၁၃၃၃ ဦးပညာသင်ကြားလျက်ရှိပါတယ်။
========================
📌📌ရှမ်းတောင်မှာရှိတဲ့ စကစတပ်များ လက်နက်နဲ့အတူခိုလှုံပါက ငွေကျပ်သိန်း ၃၀ ပေးမယ်လို့ တပ်ရင်း ၁၀၀၈ ဆို
ရှမ်းတောင်မှာ ရှိတဲ့ စကစတပ်များ လက်နက်နဲ့အတူ ခိုလှုံပါက ငွေကျပ်သိန်း ၃၀ ပေးမယ်လို့ တပ်ရင်း ၁၀၀၈ ဆိုလိုက်ပါတယ်။ မေလ၂၆ ရက်မှာ ခိုလှုံလိုတဲ့ စကစတပ်များကို ပြည်သူ့ကာကွယ်ရေးတပ် ရှမ်းတောင် တပ်ရင်း ၁၀၀၈ က ဆိုလိုက်တာပါ။
"ရှမ်းတောင်မှာရှိတဲ့ စစ်တပ်တော်တော်များများမှာ CDM လုပ်ချင်တဲ့ ရဲဘော်စစ်သားတွေရှိနေသေးတာ ကြားသိထားပါတယ်။ လုပ်ဖို့ အခက်ခဲရှိနေတာလည်း သိပါတယ်။ ဒါကြောင့် မိမိတို့ ၁၀၀၈ တပ်ရင်းဆီသို့ ဟိုဖက်က ပြေးလာလာ ဒီဖက်က ပြေးလာလာ၊ ဘာကိုယ်ရေးလှို့ဝှက်ချက်မှ မပေါက်ကြားစေရပါဘူးလို့ အာမခံပါတယ်။ လက်နက်နဲ့အတူ အလင်းဝင်ပါက ဆုကြေးငွေ သိန်း ၃၀ အပြင် လုံခြုံရေးပါ အာမခံတယ်" လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စကစတပ်များအနေနဲ့ ပြည်ပသွားရောက်လိုပါကလည်း သွားနိုင်ပြီး ကာကွယ်ရေး ရဲဘော်အဖြစ်လည်း တာဝန်ထမ်းဆောင်လို့ ရတယ်လို့ ဆိုထားပါတယ်။
========================
📌📌သဘာဝဘေးစီမံ အက်ဥပဒေပုဒ်မ ၂၅ နဲ့ ဒေါက်တာအောင်မိုးညိုကို အလုပ်နဲ့ ထောင် ၃ နှစ်ချမှတ်
မေ ၂၅ ရက်နေ့က ထောင်တွင်းတရားရုံးမှာ သဘာဝဘေးစီမံ အက်ဥပဒေပုဒ်မ၂၅ နဲ့ ဒေါက်တာအောင်မိုးညိုကို အလုပ်နဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
"ဆရာကတော့ အယူခံဝင်မှာ မဟုတ်ဘူး" လို့ ဒေါက်တာအောင်မိုးညိုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၇၁ (စ) နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ထားပါသေးတယ်။
========================
📌📌PRA မကွေးကာကွယ်ရေးတပ်ဖွဲ့မှ အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားသစ်များခေါ်ယူ
မေလ ၂၆ ရက်မှာ PRA မကွေး ကာကွယ်ရေးတပ်ဖွဲ့မှ တရားဝင်ကြေညာချက်အရ PRA မကွေး ကာကွယ်ရေးတပ်ဖွဲ့မှ အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားသစ်များခေါ်ယူနေပြီဖြစ်ကြောင်းသိရပါတယ်။
သင်တန်းတက်ရောက်လိုသူများအနေနဲ့ PRA မကွေးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားတဲ့ google form မှာ ကိုယ်ရေးအချက်အလက်ဖြည့်ပေးရန် လိုအပ်ပြီး စိစစ်ပြီးပါက ယခုမေလကုန်မှာ အင်တာဗျူးမှာ ဖြစ်ပါတယ်။
အင်တာဗျူးပြီးရွေးချယ်ခံရတဲ့ ရဲဘော်သစ်များကို သင်တန်းတက်ရောက်နိုင်ဖို့ လိုအပ်တဲ့ညွှန်ကြားချက်များ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမား ဟိန်းထိုက်ဇော်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးကာ သေနတ်နဲ့ ပစ်ခတ်၍ သေဆုံး
ချင်းပြည်နယ်ကိုယ်စားပြု လက်ဝှေ့သမားတစ်ဦးဖြစ်သူ ဟာရှိန်းအွမ် (ခ) ဟိန်းထိုက်ဇော်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ မေလ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြေကျေးရွာ၌ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၆၄) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။
စကစတပ်များဟာ ချင်းပြည်နယ်မှာ အင်အား ရာနဲ့ချီသုံးကာ စစ်ကြောင်းထိုးလျက်ရှိပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရပါတယ်။
No comments:
Post a Comment