၂၀၂၂ ဇွန်လ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ MOD နဲ့ချိတ်ဆက်ပြီးတော့ ပါဝင်နေတဲ့ Local PDF ၅၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလဆို Local PDF တွေနဲ့ပတ်သက်လို့ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းတပ်သားများခေါ်ယူ
📌 ၃။ နွေဦးတော်လှန်ရေးဟာ တရားသော စစ်ကို ဆင်နွှဲနေတာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးကျော်နီပြောကြား
📌 ၄။ Bago Federal School (BFS) ကို မကြာခင်မှာ ဖွင့်လှစ်မယ်
📌 ၅။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများအားကူညီပေးနိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များရောင်းချမယ်
📌 ၆။ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီဂိတ်တွေ၊ ယာဉ်တန်းလမ်းကြောင်းတွေနဲ့ ပြည်သူတွေဝေးဝေးနေကြဖို့ မြင်ခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မေတ္တာရပ်ခံ
📌 ၇။ ရန်ကုန်မြို့တွင်း စားသောက်ကုန်ဝန်ဆောင်မှုပေးနေတဲ့ Food Panda ကုမ္ပဏီကို ဝန်ထမ်း Rider တွေက သပိတ်မှောက်တာ ၉ရက်ကြာတဲ့အထိ ကုမ္ပဏီဘက်က တောင်းဆိုချက်တွေကို လိုက်လျောမှုမရှိသေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ MOD နဲ့ချိတ်ဆက်ပြီးတော့ ပါဝင်နေတဲ့ Local PDF ၅၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလဆို Local PDF တွေနဲ့ပတ်သက်လို့ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောဆိုလိုက်ပါတယ်။
"၂၀၂၂ကိုတော့ ကျနော်တို့ စစ်ရေးနဲ့ ကျန်တဲ့ကိစ္စရပ်များမှာ အခြေခိုင်အောင်တည် ဆောက်တဲ့ ကာလဖြစ်တဲ့အားလျော်စွာ PDFများလည်း တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်ရှိလာပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင် MOD နဲ့ချိတ်ဆက်ပြီးတော့ပါဝင်နေတဲ့ Local PDF လည်း ၅၀၀ခန့် ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ ဒီ့ထက်ပိုပြီးလည်း change of command တွေကောင်းကောင်း ရအောင် ဒါ့အ ပြင် တစ်ဆင့်တက်ပြီး ရန်သူကိုချေမှုန်းသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ကြ ရမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီးလက်ရှိမှာတပ်ရင်းပေါင်း၂၅၇ ရင်းဖွဲ့စည်းပြီးကာ MOD တွင် စီစစ်အတည်ပြုပြီးသော တပ်ရင်း ၁၀၁ ရင်းရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းတပ်သားများခေါ်ယူ
ဇွန်လ ၁၅ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာခဲ့ပါတယ်။
"မြန်မာ့နွေဦးတော်လှန်ရေးဟာ ရက် (၅၀၀) ပြည့်မြောက်ခဲ့ပါပြီ။ ရက် (၅၀၀) အတွင်းမှာ ခုခံတွန်းလှန်စစ်ဟာ အတိုင်းအတာတစ်ခုထိ ခရီးပေါက်မြောက်ခဲ့ပါတယ်။ လာမယ့်ကာလတွေဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမယ့်ကာလတွေ ဖြစ်လာပါလိမ့်မယ်။ စစ်ကောင်စီအရှိုက်ကို ထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့သတင်းအချက်အလက်ရရှိရေးဟာ အထူးအရေးပါ အရာရောက်လာပါတယ်။ စစ်ကောင်စီနဲ့ပတ်သတ်သမျှ သတင်းအချက်အလက်တွေကို အောက်ပါ နေရာများသို့ ပို့ဆောင်ပြီး သတင်းတပ်သားအဖြစ် ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်"လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းတပ်သားအဖြစ်လျှောက်ထားလိုပါက Email - info2mod@mod.nugmyanmar.org သို့ဆက်သွယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးဟာ တရားသော စစ်ကို ဆင်နွှဲနေတာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးကျော်နီပြောကြား
ဇွန်လ ၁၄ ရက် တော်လှန်ကျန်းမာ က စီစဥ်သော တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့ ကံစမ်းမဲလက်မှတ် ရောင်းချခြင်းအခမ်းအနားမှာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကဆိုခဲ့ပါတယ်။
"ကျနော်တို့ ရင်ဆိုင်နေရတဲ့ ဖက်ဆစ် စစ်တပ်ဟာ အရက်စက်ဆုံး၊အရမ်းကားဆုံး၊ အယုတ်မာဆုံး နည်းတွေနဲ့ဖိနှိပ်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ပြည်သူလူထုကလည်း ပြင်းထန်ဆုံး ခုခံစစ်ကို ဆင်နွှဲနေရတာဖြစ်တယ်။စစ်ပွဲတွေကိုလေ့လာတဲ့အခါ တရားတဲ့စစ်နဲ့မတရားတဲ့စစ်ဆိုပြီးရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်နေတာ မတရားတဲ့စစ်ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ပြည်သူလူထု ခုခံတွန်းလှန်နေတဲ့ စစ်ဟာ တရားတဲ့စစ်ဖြစ်ပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ Bago Federal School (BFS) ကို မကြာခင်မှာ ဖွင့်လှစ်မယ်
ပြည်သူ့ပညာရေးကျောင်းများကိုမှ တက်ချင်သော ကျောင်းသား၊ကျောင်းသူများအတွက်ပဲခူးတိုင်းဒေသကြီးမှ Bago Federal School (BFS) ကို မကြာခင်မှာ ဖွင့်လှစ်တော့မယ်လို့ ဇွန်လအတွင်းကြေညာခဲ့ပါတယ်။
Bago Federal School (BFS) သည် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်များ၊ ဆရာသမဂ္ဂများ ၊ CDM ဆရာဆရာမများ ဦးဆောင်ပြီး တည်ထောင်ထားခြင်း ဖြစ်ပါတယ်။
မကြာမီ Bago Federal School တွင် သင်ကြားပေးနိုင်ပါရန် Volunteer ဆရာ ဆရာမများလည်း ခေါ်ယူသွားပါမည်ဖြစ်ကာ သင်ကြားရေးနည်းပညာများ လိုအပ်သော ဆရာ၊ဆရာမများကို နည်းပညာသင်တန်းများ ပေးသွားမယ်လို့သတင်းရရှိပါတယ်။
ထို့နောက် ကျောင်းသားကျောင်းသူများကို online မှတဆင့် ခေါ်ယူပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၅။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများအားကူညီပေးနိုင်ရန်အတွက် ကံစမ်းမဲလက်မှတ်များရောင်းချမယ်
ဇွန်လ ၁၉ ရက်နေ့မှာ ကံစမ်းမဲလက်မှတ်များရောင်းချမယ်လို့ နွေဦးပွဲတော်က လူမှုကွန်ရက်မှာကြေညာခဲ့ပါတယ်။ ကံစမ်း လှူဒါန်းလိုသူများ အနေဖြင့် လက်မှတ်တစောင်ကို ယန်း ၂၀၀၀ (၁၅ ဒေါ််လာ) ဖြင့် အစောင်ရေအကန့်အသတ်မရှိ ဝယ်ယူလှူဒါန်းနိုင်ပါတယ်လို့ဆိုထားပါတယ်။ ရရှိလာမည့်ရန်ပုံငွေကို MOHADM(NUG)နဲ့ ချိတ်ဆက်လှူဒါန်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ကံစမ်းမဲတွင်ပါဝင်သည့် ဆုမဲများကတော့ ....
1. အမေစုဝတ်ဆင်ခဲ့သော ချည်ထည်ဝမ်းဆက်မြန်မာဝတ်စုံ
2. အမေစုကိုယ်တိုင် လက်မှတ်ရေးထိုးထားသော နိုင်ငံရေးသမိုင်း ဖြတ်သန်းမှု ဓာတ်ပုံမှတ်တမ်းစာအုပ်
3. အမေစုရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် ပန်းချီဆရာမနုယဉ်မှ သီးသန့် ရေးဆွဲပေးထားသော "အမေ့အပြုံး"ပန်းချီကား
4. အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်သားဟောင်းတစ်ဦးမှ ရေးဆွဲလှူဒါန်းထားသော ပန်းချီကား (၂) ချပ်
5. ယနေ့ခေတ်လူငယ်ပန်းချီဆရာများမှရေးဆွဲလှူဒါန်းလာသော အမေစုအမှတ်တရ ပန်းချီကား (၅) ကား
6. ရွှေရေးပန်းချီ (၁) ကား
7. ကျပ်ငွေသိန်း ၂၀ တန်ဖိုးရှိ ဂျပန်ပုလဲပုတီးနဲ့ လက်ပတ်အပါအဝင် အခြားလက်ဝတ်ရတနာများစွာလည်း ဆုမဲအတွင်းပါဝင်လျက်ရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၆။ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီဂိတ်တွေ၊ ယာဉ်တန်းလမ်းကြောင်းတွေနဲ့ ပြည်သူတွေဝေးဝေးနေကြဖို့ မြင်ခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မေတ္တာရပ်ခံလိုက်ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငန်းဇွန်မြို့က အရှေ့ဘက်ခြမ်းစစ်ဆေးရေးဂိတ်ကို Zero ပြောက်ကျားတပ်ဖွဲ့က ဇွန်လ ၁၄ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ယောက်သေဆုံးပြီး ၂ ယောက်ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဂိတ်တွေ၊ လမ်းကြောင်းတွေနဲ့ စခန်းတွေကို ဆက်တိုက် တိုက်ခိုက်ဖို့အစီအစဉ်ရှိတဲ့အတွက် အဲ့ဒီနေရာတွေနဲ့ဝေးဝေးနေကြဖို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
ဗိုလ်ဇီးရိုး (Zero ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ)
(((((((((((((((()))))))))))))))
စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ မန္တလေးတိုင်းတို့က PDF တွေဟာ အချင်းချင်းမဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီလမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ ခုခံတိုက်ခိုက်တာတွေပြုလုပ်နေရတာပါ။ မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်အစပ် ယောချောင်းဘေးကကျေးရွာတွေကို ဇွန်လ ၈ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ စစ်ကောင်စီက အကြမ်းဖက်ဝင်ရောက်နေတာကြောင့် ပြည်သူ ၅ ထောင်ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရတဲ့အကြောင်းကို ပခုက္ကူဒေသခံတစ်ဦးက အခုလိုပြောဆိုထားပါတယ်။
ပခုက္ကူဒေသခံတစ်ဦး
(((((((((((()))))))))))
မကွေးတိုင်း ပခုက္ကူမြိုနယ်နဲ့ ဆိပ်ဖြူမြို့နယ်အစပ် ယောချောင်းဘေးကကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၃ခုနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး သာလွန်အင်အားအသုံးပြုနေတာကြောင့် ဒေသခံ PDF တွေဟာ မခုခံနိုင်ဘဲ ဆုတ်ခွာနေရပါတယ်။ စစ်ကြောင်းတစ်ကြောင်းမှာ အင်အား ၂ ရာကျော်စီပါဝင်ပြီး ကျေးရွာ ၁၀ရွာက အိမ်ခြေ ၃၀၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ပခုက္ကူဒေသခံတွေကပြောပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့တွင်း စားသောက်ကုန်ဝန်ဆောင်မှုပေးနေတဲ့ Food Panda ကုမ္ပဏီကို ဝန်ထမ်း Rider တွေက သပိတ်မှောက်တာ ၉ရက်ကြာတဲ့အထိ ကုမ္ပဏီဘက်က တောင်းဆိုချက်တွေကို လိုက်လျောမှုမရှိသေးဘူးလို့ ဆိုပါတယ်။
Food Panda Zero Customer ကမ်ပိန်းကို ဇွန်လ ၅ရက်နေ့မှာစတင်ခဲ့ ၉ရက်ကြာတဲ့အထိ ဝန်ထမ်း Rider တွေရဲ့တောင်းဆိုချက် ၈ချက်ကို ကုမ္ပဏီဘက်က လိုက်လျောမှုမရှိသေးပါဘူး။ ကုမ္ပဏီဘက်က တောင်းဆိုချက်တွေထဲက ၅ချက်ကို လိုက်လျောပေးဖို့ ညှိနှိုင်းခဲ့တယ်ဆိုပေမယ့် လက်ရှိအချိန်အထိ လိုက်လျောပေးတာမျိုးမရှိသေးဘူးလို့ Rider တစ်ယောက်ကပြောပါတယ်။
Food Panda Rider တစ်ဦး
(((((((((((()))))))))))
ကိုဗစ်ကာလကစပြီး Food Panda ကုမ္ပဏီက သယ်ယူပို့ဆောင်ရေးလုပ်ပေးတဲ့ Rider တွေရဲ့အခွင့်အရေးတွေကို စတင်ချိုးဖောက်ခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကမောက်ကမဖြစ်ချိန်မှာ Rider တွေပုံမှန်ရရှိရမယ့် သယ်ယူပို့ဆောင်မှုတစ်ခုအတွက် ဝန်ဆောင်ခနှုန်းထားကို ကုမ္ပဏီကလျှော့ချခဲ့တာပါ။ Zero Customer ကမ်ပိန်းကာလအတွင်းမှာ အော်ဒါမှာယူတဲ့အရေအတွက် အလွန်နည်းပါးခဲ့ပြီး ဇွန်လ ၁၃ရက်နေ့မှာ ကုမ္ပဏီဘက်က ၇၀ရာခိုင်နှုန်းအထူးလျှော့ဈေးနဲ့ သုံးစွဲသူတွေကိုစွဲဆောင်ခဲ့ပါသေးတယ်။
Food Panda Rider တစ်ဦး
(((((((((((()))))))))))
အရင်တုန်းက သယ်ယူပို့ဆောင်မှုတစ်ခုအတွက် အနည်းဆုံးငွေကျပ်တစ်ထောင်ဝန်းကျင်ရခဲ့ပေမယ့် လက်ရှိအချိန်မှာ ဝန်ဆောင်မှုကြေး ငွေကျပ်၂၀၀ကျော် ၃၀၀ သာပေးတော့တဲ့အတွက် မတ်လ ၁၅ရက်နေ့ကစပြီး ရန်ကုန်နဲ့မန္တလေးမြို့တွေက Rider ၈၀ ရာခိုင်နှုန်းက ဆက်တိုက်သပိတ်မှောက်ခဲ့ကြပါတယ်။ Food Panda ကုမ္ပဏီဟာ ဂျာမနီနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံတကာစံညွှန်းတွေကိုချိုးဖောက်ကာ အလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်နေတယ်လို့ Rider တွေက ဝေဖန်နေကြပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment