၂၀၂၂ ဇွန်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးမှာ အချင်းချင်း စကားများနေလို့ မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေး
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ လက်နက်တစ်ခုတည်းတင်မကဘဲ လူထုအင်အားပါ ပါဝင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
📌 ၃။ ဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့တဲ့ ပုသိမ်ထီးကို ဇွန်လ ၁၈ ရက်နေ့မှာ ကံစမ်းမဲဖွင့်ပွဲကျင်းပမယ်
📌 ၄။ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တိုက်တွန်း
📌 ၅။ စစ်ကျွန်ပညာရေးယန္တရားအောက်မှ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအားပယ်ဖျက်
📌 ၆။ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်သောင်းကျန်းပြီးအမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်
📌 ၇။ ဇွန်လဆန်းမှာ CDM ဝန်ထမ်းစာရင်းတွေကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာပေးပို့ထားပြီး ဖမ်းဆီးတာတွေဆက်တိုက်ပြုလုပ်လာတယ်လို့ CDM ဝန်ထမ်းတချို့ကပြော
📌 ၈။ မဲဆောက်ရောက် ပြည်ထဲရေးဝန်ကြီးဌာန CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေးခက်ခဲလာတဲ့အတွက် လက်မှုလုပ်ငန်းတွေလုပ်ကိုင်ပြီး ရပ်တည်နိုင်ဖို့ကြိုးစားနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးမှာ အချင်းချင်း စကားများနေလို့ မဖြစ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသတိပေး
နွေဦးတော်လှန်ရေးဟာ အချင်းများရန်ဖြစ်နေဖို့မဟုတ်ဘဲ တော်လှန်ရေးကို နိုင်တဲ့အထိတိုက်ရမယ်လို့ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်တာပါ။ နွေဦးတော်လှန်ရေးဟာ ရေရှည်မှာ နိုင်အောင်တိုက်ရမဲ့တိုက်ပွဲဖြစ်ပြီး ရည်ရွယ်ချင်းတူတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံး နိုင်အောင်တိုက်ရမယ်လို့ ဝန်ကြီးကဆိုတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ နွေဦးတော်လှန်ရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကနေပေါ်ပေါက်လာခဲ့တာပါ။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ လက်နက်တစ်ခုတည်းတင်မကဘဲ လူထုအင်အားပါ ပါဝင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တစ်နှစ်အတွင်းမှာ ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ လက်နက်အင်အား တစ်ခုတည်းတင်မကဘဲ နည်းပညာ၊လူထုအင်အားနဲ့ နိုင်ငံရေးအရ တိုက်ခိုက်တာတွေလည်းပါဝင်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရက လတ်တလော ကြားကာလ အစီအစဥ်များကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အင်းတော်၊ ကျွန်းလှ၊ဝန်းသို၊ကသာ၊ထီးချိုင့်၊ကန့်ဘလူ၊ဗန်းမော်၊ပင်လည်ဘူးစတဲ့မြို့နယ်တွေမှာ ကြားကယလအစီအစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လက်ရှိမှာပြည်ထဲရေးဝန်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်နေကာ ပြည်သူလူထုရဲ့အမှုအခင်းနဲ့ပတ်သက်တဲ့တိုင်ကြားစာပေါင်း ၄၀၀ ကျော်ကိုလည်း ဖြေရှင်းပေးသွားမယ်လို့ ပြောကြားထားပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့တဲ့ ပုသိမ်ထီးကို ဇွန်လ ၁၈ ရက်နေ့မှာ ကံစမ်းမဲဖွင့်ပွဲကျင်းပမယ်
ဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့တဲ့ ပုသိမ်ထီးကို ဇွန်လ ၁၈ ရက်နေ့မှာ ကံစမ်းမဲဖွင့်ပွဲကျင်းပပါမယ်။ ကံစမ်းမဲလက်မှတ်ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့ သရုပ်ဆောင် မင်းမော်ကွန်း၊သရုပ်ဆောင်ဒေါင်း၊ဒါရိုက်တာကိုပေါက်စတဲ့ထင်ရှားကျော်ကြားသူများကတက်ရောက်ကြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီးမဲလက်မှတ်ကို တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ ရောင်းချခဲ့တာဖြစ်ပြီးတော့စင်ကာပူ၊ မြန်မာ၊ အမေရိကန် နိုင်ငံများကအများဆုံးဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒီကံစမ်းမဲလက်မှတ်များရောင်းချရငွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေများမှာ ကာကွယ်ရေးအတွက် ခုနစ်ဆယ်ရာခိုင်နှုန်းအသုံးပြုသွားပါမယ်။
========================
📌📌 ၄။ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တိုက်တွန်း
ဇွန် ၁၆ ရက်နေ့အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အထူးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့တာပါ။ အမျိူးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကိုSaifuddin Abdullahကဆိုခဲ့တာပါ။
အာဆီယံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အထူးဆွေးနွေးပွဲကို စစ်ကောင်စီဟာ တက်ရောက်ခွင့် မရရှိခဲ့ဘူးဖြစ်ပါတယ်။ လက်ရှိသံတမာန်အရေးမှာ အမျိုးသားညီညွတ်ရေးအစိုးဟာ အမေရိကန်၊ပြင်သစ်၊နော်ဝေ၊ယူကေ စတဲ့နိုင်ငံများနဲ့ အထူးဆက်ဆံရေးကောင်းမွန်လျက်ရှိတာကိုတွေ့မြင်နေရပါတယ်။
========================
📌📌 ၅။ စစ်ကျွန်ပညာရေးယန္တရားအောက်မှ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအားပယ်ဖျက်
စစ်ကျွန်ပညာရေးယန္တရားအောက်မှ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအားပယ်ဖျက်လိုက်တယ်လို့ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဖြေဆိုထားတဲ့ စာမေးပွဲအောင်စာရင်းရလဒ်များဟာ စစ်အာဏာရှင်လူတစ်စုရဲ့ အရည်အချင်းကိုမကြည့်ဘဲ အောင်ချက်ကို မြှင့်တင်မှုများတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
ဇွန်လ ၁၇ ရက်နေ့ ထုတ်ပြန်ဖော်ပြချက်အရ ကျွန်စိတ်ဓာတ်မွေးကာ ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများကို မိမိတို့ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ အမည်ပျက်စာရင်းအဖြစ် ထုတ်ပြန်ကြေညာအပ်ပြီး ထိုအောင်စာရင်းရလဒ်အားလက်မခံဘဲပယ်ဖျက်လိုက်တယ်လို့ဆိုခဲ့တာပါ။ လက်ရှိအချိန်ထိ တော်လှန်ရေးတွင်ပါဝင်နေကြသော ရဲဘော်ကျောင်းသားကျောင်းသူများ၊ CDM လုပ်ဆောင်နေကြသောကျောင်းသားကျောင်းသူများအား မိမိတို့ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ လေးစားဂုဏ်ယူကြောင်းပြောကြားလိုက်ရပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက်သောင်းကျန်းပြီးအမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်
"လောင်းလုံးမြို့သို့ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ ဇွန်လ ၁၆ ရက်၊ ည ၁၀ နာရီခန့်က လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်က အသက် (၃၂) နှစ်ခန့်ရှိ မနွယ်နီဌေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတနေရာမှာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ကာ စွန့်ပစ်ထားခဲ့ပါတယ်။ရွာသားတွေရဲ့ ကူညီပေးမှုကြောင့် မနွယ်နီဌေးကိုတော့ အချိန်မှီ ဆေးရုံတင်ပို့နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အလားတူ ဇွန်လ ၁၇ ရက်၊ နံနက် (၁)နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာအတွင်းရှိ နေအိမ်တခုကိုစကစတပ်များ သေနတ်ပစ်ခတ်၍ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး အသက် (၄၁)နှစ်ရှိ မအေမီဖြိုးဝေကို ပစ်သတ်ခဲ့ပါတယ်။ ထို့နောက်ဂေါ့အင်းကျေးရွာ၊ ကြယ်တောင်အနီး အသက် (၂၀)ခန့်ရှိ လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကို ထပ်မံ ပစ်ခတ်ခဲ့သဖြင့် တဦးသေဆုံးပြီး အခြားတဦးဖြစ်တဲ့ ကိုနေလင်းကို ကိုတော့ အချိန်မှီဆေးရုံတင်ပို့နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာ လောင်းလုံးမြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၅၀)ခန့် ရောက်ရှိနေပြီး CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူ (၇)ဦးကို မတရားဖမ်းဆိီးထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌 ၇။ ဇွန်လဆန်းမှာ CDM ဝန်ထမ်းစာရင်းတွေကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာပေးပို့ထားပြီး ဖမ်းဆီးတာတွေဆက်တိုက်ပြုလုပ်လာတယ်လို့ CDM ဝန်ထမ်းတချို့ကပြောပါတယ်။
ဇွန်လဆန်းကစပြီး CDM ဝန်ထမ်းစာရင်းကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာပို့ပေးထားပြီး လက်ဗွေနှိပ်လိုက်တာနဲ့ပေါ်လာတဲ့အတွက် ဖမ်းဆီးခံရသူတစ်ချို့ရှိခဲ့တယ်လို့ ပိုက်ဆံပေးပြီးလွတ်လာတဲ့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ဝန်ထမ်းအချင်းချင်းပြန်ဖမ်းနေတာဖြစ်ပြီး လွတ်လာတဲ့ CDM ဝန်ထမ်းဟာ ငွေကျပ် ၁၄သိန်းအထိ လာဘ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
CDM ဝန်ထမ်းတစ်ဦး
CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း စောင့်ကြည့်ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီး ဇွန်လဆန်းမှာ လေဆိပ်မှာ အဖမ်းခံရတဲ့ CDM ဝန်ထမ်း ၃၇ယောက်အထိရှိခဲ့တယ်လို့ ရန်ကုန်ပြောက်ကျားလူငယ်တစ်ယောက်ကပြောပါတယ်။ CDM ဝန်ထမ်းတွေကိုဖမ်းဆီးငွေညှစ်တာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ဌာနတိုင်းကို ဖောက်ခွဲတိုက်ခိုက်မှုတွေပြုလုပ်သွားမယ်လို့ ရန်ကုန် UG ကိုအောင်ဇေယျ ကပြောပါတယ်။
ကိုအောင်ဇေယျ (ရန်ကုန် UG)
စစ်ကောင်စီယန္တရားတွေမလည်ပတ်နိုင်အောင် ပြည်သူတွေဘက်ကရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေဟာ တော်လှန်ရေးမှာ အရေးပါတဲ့ကဏ္ဍကပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေးအတွက်ရပ်တည်ရခက်ခဲလာပြီး အဖမ်းခံရမယ့်အခြေအနေတွေကို ကြုံတွေ့လာရတာဖြစ်ပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
========================
📌📌 ၈။ မဲဆောက်ရောက် ပြည်ထဲရေးဝန်ကြီးဌာန CDM ဝန်ထမ်းတွေဟာ စားဝတ်နေရေးခက်ခဲလာတဲ့အတွက် လက်မှုလုပ်ငန်းတွေလုပ်ကိုင်ပြီး ရပ်တည်နိုင်ဖို့ကြိုးစားနေရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကိုရောက်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာန CDM ဝန်ထမ်းတွေဟာ သူများတိုင်းပြည်မှာ နေထိုင်စားသောက်စရိတ်ကြီးတဲ့ပြဿနာနဲ့ရင်ဆိုင်နေရတာပါ။ စားဝတ်နေရေးအတွက် တော်လှန်ရေးလွယ်အိတ်တွေချုပ်ရောင်းပြီး ရပ်တည်နိုင်ဖို့ကြိုးစားနေရတယ်လို့ CDM Unity အဖွဲ့ကပြောပါတယ်။
CDM ရဲဝန်ထမ်းတစ်ဦး
စစ်သားတွေနဲ့ ရဲတွေကို CDM ဝင်ဖို့ဖိတ်ခေါ်ခဲ့တဲ့ ပြည်သူ့ရင်ခွင့်အစီအစဉ်ဟာ စစ်သားတွေကိုဦးစားပေးထောက်ပံ့တဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက် အကူအညီတောင်းခံလို့မရခဲ့ဘူးလို့ မဲဆောက်ရောက် CDM ရဲမေဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ လတ်တလောမှာတော့ CDM ဝန်ထမ်းအချင်းချင်းအပြန်အလှန်ကူညီပြီးရှင်သန်နိုင်ဖို့ကြိုးစားနေရပါတယ်။
CDM ရဲမေတစ်ဦး
တော်လှန်ရေးသပိတ်ကာလမှာကတည်းက ရဲဝန်ထမ်းတော်တော်များများဟာ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်ခဲ့တာပါ။ စစ်တပ်က အကြမ်းဖက်မှုတွေပြုလုပ်ခဲ့တဲ့နောက်ပိုင်းမှာလည်း စစ်သားတွေနဲ့ ရဲဝန်ထမ်းတွေဟာ အချင်းချင်းမကြေလည်မှုတွေဖြစ်ခဲ့တာကြောင့် CDM ဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။
ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။
No comments:
Post a Comment