၂၀၂၂ ဇွန်လ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုများကို နိုင်ငံတကာက သိရှိစေရေး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၂။ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲရဲ့ သန္နိဌာန်ဟာ အကြောက်တရားနဲ့ အကြမ်းဖက် မှုကြောင့် ငြိမ်းသွားမယ့် မီးတောက် မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးပြောကြားလိုက်
📌 ၃။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ထီးမဲလက်မှတ် ဒေါ်လာ ၇ သောင်း ၇ ထောင် ဘတ်ဂျက်ကိုများစွာကျော်လွန်ရောင်းချရခဲ့
📌 ၄။ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အပေါ် အမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် မတရားအမိန့်ချမှတ်
📌 ၅။ MFDMC ထောက်ပံတပ်သားအဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့ ဒုဝန်ကြီးအိသဉ္ဇာမောင် တိုက်တွန်းပြောကြား
📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ တနိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု စတင်မယ်
📌 ၇။ PDF များသိမ်းဆည်းရမိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ထုတ်ကုန် ဘီယာများကို ဖျက်ဆီးတက်နင်းပြီး ဖားကန့်ပင်မသပိတ် ချီတက်ဆန္ဒပြခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုများကို နိုင်ငံတကာက သိရှိစေရေး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုများကို နိုင်ငံတကာက သိရှိစေရေး ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြားခဲ့ပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၂၂) ကို ဇွန်လ ၁၆ ရက်နေ့ ကျင်းပခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်များအနေဖြင့် ခိုင်မာပြင်းပြသော စိတ်ဓာတ်ဖြင့် ကြိုးစားဆောင်ရွက်လာမှုကြောင့် ယခုလို အောင်မြင်သည့် အခြေအနေကို ရောက်ရှိလာပါကြောင်း၊ ဆက်လက်ပြီး ပိုမိုထိရောက် အောင်မြင်သည်အထိ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ရေးသာမကဘဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာန အားလုံးမှ စုပေါင်းအားဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားအားလုံးကို တိုက်ထုတ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့ပါတယ်။
တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင်များက(၁၅/၂၀၂၂)အစည်းအဝေးတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အသေးစိတ်လုပ်ငန်းစီမံချက်များကို ချပြရှင်းလင်းပြီး ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒများ မြေပြင်နှင့် ကိုက်ညီခြင်း ရှိ/မရှိ ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ပြီး ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယ ဥက္ကဌ(၂)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် အပါအဝင် ဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲရဲ့ သန္နိဌာန်ဟာ အကြောက်တရားနဲ့ အကြမ်းဖက် မှုကြောင့် ငြိမ်းသွားမယ့် မီးတောက် မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးပြောကြားလိုက်
ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲရဲ့ သန္နိဌာန်ဟာ အကြောက်တရားနဲ့ အကြမ်းဖက် မှုကြောင့် ငြိမ်းသွားမယ့် မီးတောက် မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုလိုက်တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရဟာအဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ အရပ်သား ခေါင်းဆောင်မှုအောက်မှာရှိတဲ့ စစ်တပ်နဲ့အတူ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အခြေခံတဲ့ နိုင်ငံသစ်ထူထောင်သွားမယ်လို့ ဝန်ကြီးကပြောခဲ့တာပါ။
၂၀၂၁ခု နှစ် ဖေဖော်ဝါရီ၁ရက်နေ့ကစတင်တဲ့ စစ်တပ်အာဏာသိမ်းမှုမှာ ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးသမားများနဲ့ နိုင်ငံတော်အကြီးအကဲများကို စစ်တပ်က ဖမ်းဆီးအရေးယူခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများပါဝင်တဲ့ပြည်သူ့ခုခံတွန်းလှန်စစ်ကို ပြည်သူ့အစိုးရက ဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ထီးမဲလက်မှတ် ဒေါ်လာ ၇ သောင်း ၇ ထောင် ဘတ်ဂျက်ကိုများစွာကျော်လွန်ရောင်းချရခဲ့
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ထီးမဲလက်မှတ် ဒေါ်လာ ၇ သောင်း ၇ ထောင် ဘတ်ဂျက်ကိုများစွာကျော်လွန်ရောင်းချရခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ အမေ့ထီး Campaign ကျင်းပရေးအဖွဲ့မှ မဲလက်မှတ်များရောင်းရငွေကို ပြောပြခဲ့ပါတယ်။
ပြည်သူ့ဘဝလုံခြုံဖို့ အမေ့ထီးဖြင့်ကာကွယ်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်အမြဲအသုံးပြုနေကျ ဒေါင်းမြီးပုံပါထီးလေးကို မဲဖောက်ပေးရန်အတွက် ကံစမ်းမဲလက်မှတ်များရောင်းချလာခဲ့တာ ရက် ၅၀ ခန့်မှာ မဲလက်မှတ်ရောင်းချခြင်းကို ရပ်ဆိုင်းပြီး စာရင်းများ စီစစ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ အမေ့ထီး Campaign ကျင်းပရေးအဖွဲ့မှ မျှော်လင့်ထားတဲ့ ဒေါ်လာ ၇ သောင်း ၇ ထောင် ဘတ်ဂျက်ကိုများစွာကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်လို့ဆိုပါတယ်။ အမေ့ထီး ကံစမ်းမဲဖွင့်ပွဲကို ဇွန်လ ၁၈ ရက် ည ၇ နာရီမှာ ကျင်းပသွားပါမယ်။
========================
📌📌 ၄။ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အပေါ် အမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် မတရားအမိန့်ချမှတ်
စစ်ကောင်စီရဲ့ စေခိုင်းချက်အရ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အပေါ် တရားရုံးက အမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်မတရား အမိန့်ချမှတ်ခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ငါးမှုအတွက်ချမှတ်ခဲ့တာလို့ စကစခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကဖော်ပြပါတယ်။
ဒါ့အပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးစဉ် အထောက်အထားမပြနိုင်သော မြန်မာငွေကျပ် သိန်း ၉၀၀၀ ကျော်၊ အမေရိကန်ဒေါ်လာ နှစ်သောင်း၊ ထိုင်းဘတ်ငွေ ငါးသိန်း တို့အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၄င်းတို့က ဆိုလိုက်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အမှုများကို စစ်ဆေးစဥ် ကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။
========================
📌📌 ၅။ MFDMC ထောက်ပံတပ်သားအဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့ ဒုဝန်ကြီးအိသဉ္ဇာမောင် တိုက်တွန်းပြောကြား
MFDMC ထောက်ပံတပ်သားအဖြစ် ပူးပေါင်းပါဝင်ပေးကြဖို့ ဒုဝန်ကြီး အိသဉ္ဇာမောင် တိုက်တွန်းပြောကြားလိုက်ပါတယ်။ MFDMC ကိုဝင်ချင်တယ်ဆိုလို့ရှိရင် စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ထိုင်းနိုင်ငံတွေကနေပြီးတော့ ထောက်ပို့မန်ဘာတွေအဖြစ် ဝင်ပေးကြပါ။ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကျမတို့ရဲ့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကို ကူညီအားပေးလို့ရတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။
MFDMC ဟာ ထောက်ပံ့တပ်သားစုဆောင်းရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားတဲ့ "ကမ္ဘာ့ပထမဦးဆုံးသော ပြည်ပထောက်ပံ့ရေးတပ်ဖွဲ့" ဖြစ်ပါတယ်။ အမိမြေအတွက် ရှေ့တန်းကနေ အသက်စွန့်ပြီး ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေတဲ့ ရဲဘော်များကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် MFDMC က ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များကို လတ်တလောမှာစုဆောင်းခေါ်ယူနေပါတယ်။ မိမိတို့ရောက်ရှိရာ နိုင်ငံ၊ဒေသအလိုက် နီးစပ်ရာကို ဆက်သွယ်စုံစမ်း ပါဝင်နိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ တနိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု စတင်မယ်
ဇွန်လ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုက လွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု စတင်မယ်လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းကပြောပါတယ်။ ဇွန်လ ၁၉ ရက်နေ့၊ တနင်္ဂနွေနေ့မှာ တနိုင်ငံလုံးမှာနေထိုင်ကြတဲ့ လူထုကြီးဟာ ကိုယ် ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအလိုက် ဘာသာရေးအဆောက်အအုံများ၊ ဘုရားများဆီသို့ ချီတက်ဆုတောင်းကြမယ်လို့ဆိုပါတယ်။
ဆုတောင်းတဲ့ရည်ရွယ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအတွက်၊ သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက်၊ ယခုအချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက် ပါဝင်မှာဖြစ်ပါတယ်။လူထုရဲ့ မကြောက်တရားနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် ခရီးဆက်ကြမယ်လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းကဖော်ပြပါတယ်။
========================
📌📌 ၇။ PDF များသိမ်းဆည်းရမိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ထုတ်ကုန် ဘီယာများကို ဖျက်ဆီးတက်နင်းပြီး ဖားကန့်ပင်မသပိတ် ချီတက်ဆန္ဒပြခဲ့
PDF များသိမ်းဆည်းရမိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ထုတ်ကုန် ဘီယာများကို ဖျက်ဆီးတက်နင်းပြီး ဖားကန့်ပင်မသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ တိုင်းရင်းသားများပါဝင်ပြီး စစ်တပ်ထုတ်ကုန် ဘီယာများအား ဖျက်ဆီးဆန္ဒပြခဲ့တယ်လို့ ဖားကန့်ပင်မသပိတ်ကဖော်ပြပါတယ်။
သိမ်းဆည်းရမိတဲ့ စစ်တပ် ထုတ်ကုန် ABC၊ DAGON ဘီယာများကို ဖျက်ဆီးပြီး "တော်လှန်ဟစ်ကြွေး သွေးမအေးဘူး" ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ လူအများစုကကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကာလအတွင်း ဝင်ရောက်လာသော်လည်း မြေပြင်သပိတ်များဟာ လူထုနဲ့တစ်သားတည်းရှိနေခဲ့ပါတယ်။
No comments:
Post a Comment