၂၀၂၂ ဇွန်လ ၂၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေး အသုံးစရိတ်တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းရရှိရန်လိုအပ်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပြောင်း
📌 ၃။ စစ်ရေးအရရှုံးနိမ့်နေတဲ့ ဒေသများမှာ စစ်ကောင်စီတပ်သားများက အိမ်ခြေပေါင်း တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခဲ့
📌 ၄။ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ ရွာများကို စကစတပ်များ စစ်ကြောင်းထိုး၍ သောင်းကျန်းဖျက်ဆီး
📌 ၅။ လောင်းလုံးမြို့နယ် ဝဗျောကျေးရွာကို ယမန်နေ့က စကစတပ်များဝင်ရောက်စီးနင်းကာအသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချိုကိုဖမ်းဆီးခေါ်သွားပြီး နေအိမ်ရှေ့တွင်ရုပ်အလောင်းလာရောက်ပစ်ထား
📌 ၆။ အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာတွင် ရေချိုးနေစဥ်လက်နက်ကြီးကျည်ထိမှန်ကာ အမျိုးသမီး တစ်ဦး ခါးအောက်ပိုင်း ပြတ်တောက် သေဆုံး
📌 ၇။ သီးကုန်းရွာ အိမ် ၇၀ မီးရှို့ခံရ
📌 ၈။ ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့မှ ထွက်လာသောစကစတပ်နှင့်ပျူများလိုက်ပါလာသည့် မြေသယ်ကားကို ကာကွယ်ရေးတပ်များပစ်ခတ်၍ သုံးပွင့်နဲ့ ဗိုလ်တစ်ဦးအပါအဝင် ပျူနဲ့ စကစတပ်များ ၁၄ ဦးစလုံးသေဆုံး
📌 ၉။ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ် ဆောင်ကန်းလမ်းခွဲအနီး စစ်ကောင်စီထုတ်ကုန် ဒဂုန်နီဘီယာတင်ဆောင်လာသော ၁၂ ဘီးယာဥ်အား စစ်ဆေးတွေ့ရှိ၍ဘီယာဖာများကိုဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေး အသုံးစရိတ်တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းရရှိရန်လိုအပ်
တော်လှန်ရေး အသုံးစရိတ်တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းရရှိရန်လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ တော်လှန်ရေး အသုံးစရိတ်အနေဖြင့် လစဉ် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၀) သန်းရရှိရန်လိုအပ်ပြီး ထိုပမာဏကို လစဉ်ပြည့်မှီ စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တော်လှန်းရေးတာဝန်တစ်ရပ် အနေဖြင့် အခွန်ဆောင်ကြရန် တိုက်တွန်းလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
လက်ရှိမှာငွေတိုက်စာချုပ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် ပိုင်ဆိုင်မှုကိုရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရရှိပြီးဖြစ်ပါတယ်။ အဆိုပါ ငွေကြေး၏ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ်အသုံးပြုထားပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပြောင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်နေ့က နေပြည်တော်အချုပ်ထောင်၀န်းထဲက သီးသန့်အဆောက်အအုံထဲကိုပို့ဆောင်လိုက်တယ်လို့တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။ ဇွန်လ၂၂ ရက် မွန်းလွဲပိုင်းမှာ ပို့ဆောင်လိုက်တာဖြစ်ပြီးတော့ နေပြည်တော် အချုပ်ထောင်မှာ အသစ်ဆောက်ထားတဲ့နေရာလည်းဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုက နေ့စဥ်တရားရင်ဆိုင်စေပြီး အမှုများစွာ စွပ်စွဲတရားစွဲဆိုထားပါတယ်။ ဇွန်လ ၂၃ ရက်နေ့ ရုံးထုတ်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အသစ်ဆောက်လုပ်ပြီးတဲ့ အထူးတရားရုံးမှာဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အမှုကို စစ်ဆေးမယ်လို့သိရပါတယ်။
========================
📌📌 ၃။ စစ်ရေးအရရှုံးနိမ့်နေတဲ့ ဒေသများမှာ စစ်ကောင်စီတပ်သားများက အိမ်ခြေပေါင်း တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခဲ့
စစ်ရေးအရရှုံးနိမ့်နေတဲ့ ဒေသများမှာ စစ်ကောင်စီတပ်သားများက အိမ်ခြေပေါင်း တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်များဟာ စစ်ရေးအရရှုံးနိမ့်နေတဲ့ ဒေသများတွင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်လျက်ရှိပြီး နေအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးလျက်ရှိရာ ယခုလက်ရှိအချိန်အထိ အိမ်ခြေပေါင်း တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ မီးရှို့ ဖျက်ဆီးခံရမှုများတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်ပြီး မေလအတွင်း မီးရှို့ဖျက်ဆီး ခံရသည့်အိမ်ခြေ ၇ ထောင်ကျော်ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုးပွားလာလျက်ရှိသော နေရပ်စွန့်ခွာပြေးနေရသည့် ပြည်သူလူထုထံသို့ အကူအညီများ မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေးအတွက် တိုင်းရင်းသားမဟာမိတ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ ရွာများကို စကစတပ်များ စစ်ကြောင်းထိုး၍ သောင်းကျန်းဖျက်ဆီး
ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ ရွာများကို စကစတပ်များ စစ်ကြောင်းထိုး၍ သောင်းကျန်းဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်နေ့တွင် PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က တောင်ဘက်သို့စစ်ကြောင်းထိုးသောမြစ်သာတမံ ဆည်ပေါ်မှအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ၂၁ ရက်နေ့အထိ ပနန်းရွာ၊ စပါယ်ရွာ၊ ယင်းမာရွာနှင့် စင်ပုံရွာများအတွင်းအရက်၊ဘီယာများသောက်စားကာ ပစ္စည်းများခိုးယူလုယက်ခြင်း၊ ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဘုရားဌာပနာများကိုပါခိုးယူကြခြင်း၊ ပြည်သူများ၏အသက်တွေကိုခြိမ်းခြောက်ခြင်းများရှိခဲ့ပါတယ်။
၄င်းရွာများရှိပြည်သူများမှာ ဆင်းရဲဒုက္ခများစွာဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး ဂန့်ဂေါတောင်ပိုင်းတွင်စစ်ဘေးရှောင်ပြည်သူများ (၁၀၀၀) ကျော်ခန့်အထိ ရှိပါတယ်။ ယခုအခါ စစ်ကြောင်းသည် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင်ပျောက်နေကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၅။ လောင်းလုံးမြို့နယ် ဝဗျောကျေးရွာကို ယမန်နေ့က စကစတပ်များဝင်ရောက်စီးနင်းကာအသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချိုကိုဖမ်းဆီးခေါ်သွားပြီး နေအိမ်ရှေ့တွင်ရုပ်အလောင်းလာရောက်ပစ်ထား
လောင်းလုံးမြို့နယ် ဝဗျောကျေးရွာကို ယမန်နေ့က စကစတပ်များဝင်ရောက်စီးနင်းကာအသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချိုကိုဖမ်းဆီးခေါ်သွားပြီးနောက်နေအိမ်ရှေ့တွင်ရုပ်အလောင်းလာရောက်ပစ်ထားခဲ့ပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာ၌ စစ်ကောင်စီတပ်သားများက ဇွန်လ ၂၁ ရက်နေ့ည ၁၁ နာရီခန့်က နေအိမ်သုံးလုံးကို သေနတ်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချို(ခ)မယ်ချို ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်၊ နံနက် ၂ နာရီလောက်မှာတော့ ရိုက်နှက်ဒဏ်ရာ၊ ဓားဒဏ်ရာများအပြင် သေနတ်ဒဏ်ရာ တချက်ဖြင့် သေဆုံးနေပြီဖြစ်တဲ့ ရုပ်အလောင်းကို နေအိမ်ရှေ့တွင် လာရောက်စွန့်ပစ်သွားခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ ထားဝယ်ကထုတ်ပြန်ပါတယ်။
အဆိုပါ အကြမ်းဖက်ဖမ်းဆိီးသတ်ဖြတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စရဖတပ်ဖွဲ့ဝင်များနှင့် ပန္ဒလဲကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိကာ နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာတွင် ရေချိုးနေစဥ်လက်နက်ကြီးကျည်ထိမှန်ကာ အမျိုးသမီး တစ်ဦး ခါးအောက်ပိုင်း ပြတ်တောက် သေဆုံး
အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာတွင် ရေချိုးနေစဥ်လက်နက်ကြီးကျည်ထိမှန်ကာ အမျိုးသမီး တစ်ဦး ခါးအောက်ပိုင်း ပြတ်တောက် သေဆုံးခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာမှ မလှလှမိုးသည် ၎င်း၏နေအိမ်၌ ရေချိုးနေစဉ် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ခါးအောက်ပိုင်း ပြတ်တောက်ပြီး သေဆုံးသွားခဲ့ကြောင်း AAPP ကဖော်ပြပါတယ်။
ဧရာဝတီမြစ်တွင်းခုတ်မောင်းသွားသည့် စက်လှေပေါ်မှနေ၍ စစ်အုပ်စု၏တပ်မှ ပုလွေရွှေကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၀၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၇။ သီးကုန်းရွာ အိမ် ၇၀ မီးရှို့ခံရ
သီးကုန်းရွာ အိမ် ၇၀ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ်၊ မုံရွာမြို့နှင့် မိုင်၂၀ ခန့် အလောင်တော်ကသဖဘုရား အနီး တစ်ရွာလုံးမီးရှိုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ ဒုတိယအကြိမ် မီးလာရှို့သွားပြီး အချိန်မီ တိမ်းရှောင်နိုင်ကြတယ်လို့လည်း ဆိုပါတယ်။ အဆိုပါမီးရှို့ခံရမှုတွင် မက်သဒစ်အသင်းတော် မုံရွာ နှင့် ကိုးရီးယားမစ်ရှင် ပူပေါင်းဆောက်လုပ်ထားသောဘုရာကျောင်း မီးရှို့ပြာကျသွားပါသည်။ ဒါ့အပြင် ခရစ်ယန်အိမ် ၁၀ အိမ်... ဗုဒ္ဓဘာသာအိမ် ၆၅ အိမ် အားလုံးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့လည်း သိရပါတယ်။ ယခုလက်ရှိမှာ မုံရွာမြို့မိဖများက ပြန်လည်ထူထောင်ရေး ကူညီပေးနေကြတယ်လို့ သိရပါတယ်။
========================
📌📌 ၈။ ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့မှ ထွက်လာသောစကစတပ်နှင့်ပျူများလိုက်ပါလာသည့် မြေသယ်ကားကို ကာကွယ်ရေးတပ်များပစ်ခတ်၍ သုံးပွင့်နဲ့ ဗိုလ်တစ်ဦးအပါအဝင် ပျူနဲ့ စကစတပ်များ ၁၄ ဦးစလုံးသေဆုံး
ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့မှ ထွက်လာသောစကစတပ်နှင့်ပျူများလိုက်ပါလာသည့် မြေသယ်ကားကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၂၂ ရက် ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့မှ ထွက်လာသော စကတပ်နှင့်၊ ပျူများကို တိုက်ခိုက်ခဲ့ပါတယ်လို့ N.L.G.R.F အဖွဲ့ကပြောပါတယ်။
ခင်ဦးမြို့နယ်၊ ကံသစ်ရွာ အနောက်ဘက် မူးချောင်းတံတားအနီးတွင် ခင်ဦးမြို့မှ ထွက်လာသော စခ၊ ပျူများကို မိမိတို့ N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ရာ စကစတပ်နဲ့ပျု ၁၄ ဦးသေဆုံးတယ်လို့ပြောပါတယ်။ သေဆုံးသူများထဲတွင် (၃) ပွင့်ဗိုလ် တစ်ဦးပါ၍ ကာကွယ်ရေးတပ်များဘက်မှ ၂ ယောက် ထိမှန်ခဲ့ပါတယ်။
========================
📌📌 ၉။ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ် ဆောင်ကန်းလမ်းခွဲအနီး စစ်ကောင်စီထုတ်ကုန် ဒဂုန်နီဘီယာတင်ဆောင်လာသော ၁၂ ဘီးယာဥ်အား စစ်ဆေးတွေ့ရှိ၍ဘီယာဖာများကိုဖျက်ဆီး
ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ် ဆောင်ကန်းလမ်းခွဲအနီး စစ်ကောင်စီထုတ်ကုန် ဒဂုန်နီဘီယာတင်ဆောင်လာသော ၁၂ ဘီးယာဥ်အား စစ်ဆေးတွေ့ရှိ၍ဘီယာဖာများကိုဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ အချိန် ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ် ဆောင်ကန်းလမ်းခွဲအနီး စစ်ကောင်စီထုတ်ကုန် ဒဂုန်နီဘီယာတင်ဆောင်လာသော ၁၂ ဘီးယာဥ်အား စစ်ဆေးတွေ့ရှိရသဖြင့် ဖယ်ခုံမြို့နယ်ပြည်သူကာကွယ်ရေးတပ်ရင်း ၂ က ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီထုတ်ကုန် များဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းသယ်ဆောင်ခြင်းများမပြုလုပ်ရန် သတိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ထပ်မံတွေ့ရှိပါက ပိုမိုပြင်းထန်သောအပြစ်ဒဏ်များပေးမည်ဖြစ်ကြောင်း PEKHON PDF 2 ကထုတ်ပြန်ပါတယ်။ စစ်တပ်ထုတ်ကုန်များကို လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တားမြစ်ထားပါတယ်။
No comments:
Post a Comment