၂၀၂၂ ဇွန်လ ၂၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တွေ့ဆုံမှုများမှ ရလဒ်ကောင်းများဟာ စစ်ကောင်စီ အမြတ်ဖြတ်တိုက်ထုတ်ရေးအတွက် ကောင်းမွန်သော စုစည်းမှုဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေက မထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီ မပေးတဲ့အပြုအမူကို NUG အစိုးရအနေနဲ့ လက်သင့်ခံစရာအကြောင်းမရှိဘူးလို့ဆို
📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၂၀၁၁ ဦးထိရှိလာ
📌 ၄။ မြစ်ရေတက်ချိန်တွင် တောင်သူများစိုက်ပျိုးသီးနှံရိတ်သိမ်းရန် လုပ်အားအခက်အခဲကြုံနေလို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ကူညီရိတ်သိမ်းပေး
📌 ၅။ စာလုံးပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲပေးစရာမလိုဘူးလို့ Red we loves of Mogok အဖွဲ့ ပြောကြားလိုက်
📌 ၆။ စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် တမူးမြို့ ပန်းသာကျေးရွာရှိတပ်စွဲထားတဲ့စကစတပ်နှင့်ပျူများကို တမူး PDF ဝင်ရောက်စီးနင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး (၂၅) ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တွေ့ဆုံမှုများမှ ရလဒ်ကောင်းများဟာ စစ်ကောင်စီ အမြတ်ဖြတ်တိုက်ထုတ်ရေးအတွက် ကောင်းမွန်သော စုစည်းမှုဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
တွေ့ဆုံမှုများမှ ရလဒ်ကောင်းများဟာ စစ်ကောင်စီ အမြတ်ဖြတ်တိုက်ထုတ်ရေးအတွက် ကောင်းမွန်သော စုစည်းမှုဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
မိမိတို့အနေဖြင့် အထူးဒေသအုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပြင် ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်ပါ တွေ့ဆုံဆွေးနွေးမှုများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာပါကြောင်း၊ထိုရလဒ်ကောင်းများသည် စစ်ကောင်စီ အမြတ်ဖြတ်တိုက်ထုတ်ရေးအတွက် ကောင်းမွန်သော စုစည်းမှုဖြစ်သလို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးအတွက်လည်း ခိုင်မာသည့် အုတ်မြစ်တစ်ရပ်ဖြစ်သည့်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၁၇/၂၀၂၂) ကို ဇွန်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၆/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး နိုင်ငံတကာမှ ပေးပို့လာမည့် အုပ်ချုပ်ရေးဆိုင် အထောက်အပံ့များနှင့်ပတ်သက်၍ ပြည်နယ်အတိုင်ပင်ခံကောင်စီများလည်း ရရှိစေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေက မထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီ မပေးတဲ့အပြုအမူကို NUG အစိုးရအနေနဲ့ လက်သင့်ခံစရာအကြောင်းမရှိဘူးလို့ဆို
အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေက မထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီ မပေးတဲ့အပြုအမူကို NUG အစိုးရအနေနဲ့ လက်သင့်ခံစရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
ဒီစစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေကိုပဲ အကူအညီပေးမယ်။ စစ်ဗိုလ်ချုပ်တွေက မထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အကူအညီမပေးဘူးဆိုတာ ကျနော်တို့အနေနဲ့ လုံးဝလက်သင့်ခံစရာအကြောင်းမရှိဘူးဆိုတာ တစ်စိုက်မတ်မတ်ပြောနေတာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။
နိူင်ငံတကာတွင် လူသားချင်းစာနာထောက်ထားမှု ဥပဒေရှိပြီး ဘက်မလိုက်ရဘဲ ကြားနေဖြစ်ရမယ်လို့ ဝန်ကြီးဒေါက်တာဆာဆာကပြောပါတယ်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁၄ သန်းကျော်က လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ UN OCHA ကကြေညာထားပါတယ်။ လက်ရှိ လူဦးရေ ၅၄ သန်းရှိပြီးယင်း လူဦးရေရဲ့ ထက်ဝက်ခန့် ဆင်းရဲတွင်း နက်နေပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၂၀၁၁ ဦးထိရှိလာ
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၂၀၁၁ ဦးထိရှိလာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၁၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ကထုတ်ပြန်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မ ၁၂/ခ ရပ်ကွက် ပါဟဲတံတားအနီးတွင် ဂိတ်ထိုးထားသည့် ပျူစောထီးများမှ ရပ်ကွက်တွင် နေထိုင်သည့် သုံးဘီးယာဉ်မောင်း ဦးဝင်းသင့် (ခ) ဦးရှည်ကြီးကို ဂိတ်ရှေ့၌ သုံးဘီးကို ရပ်တန့်မပေး၍ဟုဆိုကာ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ပြီး သေနတ်ဖြင့် ငါးချက် ပစ်သတ်ခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ညပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းတပင်မြို့မကျေးရွာရှိ စည်းစိမ်တိုး စက်သုံးဆီဆိုင်ကို ပျူစောထီး ငါးဦးမှ ဝင်ရောက် စီးနင်းခဲ့ပြီး ဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဦးကျော်အောင်နှင့် ဒေါ်မြင့်ကြည်တို့အား လည်ပင်းကို ဓားဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ မြစ်ရေတက်ချိန်တွင် တောင်သူများစိုက်ပျိုးသီးနှံရိတ်သိမ်းရန် လုပ်အားအခက်အခဲကြုံနေလို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ကူညီရိတ်သိမ်းပေး
မြစ်ရေတက်ချိန်တွင် တောင်သူများစိုက်ပျိုးသီးနှံရိတ်သိမ်းရန် လုပ်အားအခက်အခဲကြုံနေလို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ကူညီရိတ်သိမ်းပေးခဲ့ကြပါတယ်။
မြစ်ရေတက်ချိန်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများရိတ်သိမ်းရာ၌ လုပ်အား ခေါ်ယူရာတွင် အခက်ခဲများနှင့် ကြုံတွေ့ကြရသည့် အပြင် စကစတပ်ရန်ကိုလည်း စိုးရိမ်နေကြရသည့် အချိန်ပင်ဖြစ်ပါတယ်။ကျမတို့စစ်သည်များမှ ကင်းလမ်းကြောင်းတာဝန်ယူပေးခြင်းနှင့်အတူ ရိတ်သိမ်းရာတွင်လည်း ဖေးမကူညီမှုဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်လို့ပြောပါတယ်။ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ဟာ စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
"ကျမတို့၏ သွေး ၊ ချွေး တို့သည် ဖိနှိပ်ခံပြည်သူလူထုဘဝမှ လွတ်မြောက်ရန်အတွက် ကြိုးစားအားထုတ်မှုများ ဖြစ်စေရမယ်” လို့အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)ကပြောပါတယ်။
========================
📌📌 ၅။ စာလုံးပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲပေးစရာမလိုဘူးလို့ Red we loves of Mogok အဖွဲ့ ပြောကြားလိုက်
စာလုံးပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲပေးစရာမလိုဘူးလို့ Red we loves of Mogok အဖွဲ့ ပြောကြားလိုက်လိုက်ပါတယ်။
စာပစ်ခြိမ်းခြောက်ငွေတောင်းသည့်ကိစ္စကို အရေးယူမှာဖြစ်ပါတယ်။ စာထဲတွင် " မိုးကုတ်မြို့ခံ PDF အဖွဲ့အစည်းက စုပေါင်းပြီးငွေကြေးအလှူလိုက်ခံနေပါတယ်။မြို့ခံ နယ်ခံ ရှမ်း ပလောင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပို့သည် " ဆိုတဲ့စာပါနေပါတယ်။ မိုးကုတ်မြို့ခံ PDF ဘယ်နှစ်ဖွဲ့ပဲရှိတယ်ဆိုတာ ပြည်သူများသိပြီးသားဖြစ်ပါလိမ့်မယ်။ မိမိတို့ ယခုလို စာပစ်ငွေတောင်းမှုများကို ဘယ်တုန်းကမှမလုပ်ခဲ့ကြောင်း လုပ်မည်မဟုတ်ကြာင်းလည်း ရှင်းတန်းထုတ်ပြန်ခဲ့ပြီးပါပြီလို့ Red we loves of Mogokအဖွဲ့ကပြောပါတယ်။
မိုးကုတ်မြို့မှာ PDF လို့ဆိုကာ စာပစ်ချိန်းခြောက်၍ ငွေတောင်းခံမှုများရှိနေပါတယ်။ အဆိုပါ စာပစ်ငွေညှစ်တောင်းခံမှုများကိုလည်း ဆက်သွယ်တိုင်ကြားရန်Red we loves of Mogokအဖွဲ့ကထုတ်ပြန်ပါတယ်။ ယခုလိုစာများ မိမိတို့အိမ်ရှေ့ရောက်လာခဲ့သည်ရှိသော် အရေးမလုပ်ကြပါနဲ့၊ စာလုံးပေါင်းအမှားတွေနဲ့ PDF ယောင်ဆောင်ကာ ငွေလိုက်တောင်းတာကို မိဘပြည်သူများအနေဖြင့် ငွေလွှဲပေးစရာမလိုပါခင်ဗျာလို့ ရန် Red we loves of Mogok အဖွဲ့ကပြောပါတယ်။
========================
📌📌 ၆။ စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် တမူးမြို့ ပန်းသာကျေးရွာရှိတပ်စွဲထားတဲ့စကစတပ်နှင့်ပျူများကို တမူး PDF ဝင်ရောက်စီးနင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး (၂၅) ဦးသေဆုံး
စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် တမူးမြို့ ပန်းသာကျေးရွာရှိတပ်စွဲထားတဲ့စကစတပ်နှင့်ပျူများကို တမူး PDF ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ မိမိတို့ တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၂) ၊ တပ်ရင်း (၃) နှင့် Special Task Force အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဇွန်လ ၂၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်ပြီး ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးအဖွဲ့ဝင်များကို စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၄)မှ ဖြတ်တောက်တာဝန်ကိုယူ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်အတွင်း တမူးဘက်မှ စကစ တပ်သားများ စစ်ကူ ကားနှစ်စီးဖြင့် တက်လာခဲ့ပြီးပန်းသာရွာရှိ ပျူစောထီးအဖွဲ့ဝင်များသည်လည်း ရွာအတွင်း မှနေ၍ နှစ်ထပ်အိမ်များ၏ အောက်ထပ်၌ ကြိုတင်စီစဉ်ဆောက်လုပ်ထားပြီးဖြစ်သော ကတုတ်ကျင်းများ၊ အပေါ်ထပ်ရှိ ဘန်ကာများ အတွင်းခြေကုတ်ယူကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။
အဆိုပါတိုက်ပွဲဟာ ညနေ ၄ နာရီ ၂၀ မိနစ်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး (၂၅) ဦးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရ၍ ဗန်မော်ကျေးရွာဘက်သို့ဆုတ်ခွာသွားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု မှ ရဲဘော်(၅) ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။
No comments:
Post a Comment