၂၀၂၂ ဇွန်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် တရားရေးဝန်ကြီးဌာန တို့ တွေ့ဆုံဆွေးနွေး
📌 ၂။ နွေဦးတော်လှန်ရေးအတွက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးသို့အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း
📌 ၃။ လွတ်လပ်၍ ပိုကောင်းတဲ့ပညာရေးကို လိုချင်သူတိုင်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်သင့်တယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ပြော
📌 ၄။ KNDO ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှ စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းပေးအပ်
📌 ၅။ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့
📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC တို့ ပူးပေါင်း၍ EOD ရှယ်ယာ နှင့် ငွေတိုက်စာချုပ်များ ကို စတင်ရောင်းချ
📌 ၇။ တရားဝင် Agent များ၌ သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြရန် NUG Pay ကကြေညာ
📌 ၈။ Click 2 donateမှ မေလတွင် သိန်းပေါင်းနှစ်ထောင့်ငါးရာဝန်းကျင်သာပေးပို့နိုင်တော့မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် တရားရေးဝန်ကြီးဌာန တို့ တွေ့ဆုံဆွေးနွေး
ဇွန်လ ၂၇ ရက်မှာကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေး ( ၅/၂၀၂၂ ) ကို ကျင်းပခဲ့ပါတယ်လို့သိရပါတယ်။
ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီ အစည်းအဝေးသို့ ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ - ၂၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်၊ နှင့် ဒုတိယ ပြည်ထောင်စုဝန်ကြီး ခူးထဲဖူး၊ ဖက်ထရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးချစ်ထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယပြည်ထောင်စုဝန်ကြီး ဗဟန်းထန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ CRPH ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ နှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး မှ တရားစီရင်ရေး ဖော်ဆောင်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် တရားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်- ဦးမင်းနောင်ခိုင် မှ တရားစီရင်ရေး ဖော်ဆောင်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေအား ထပ်ဆင့် ရှင်းလင်းတင်ပြခြင်း၊ တရားစီရင်ရေးဖော်ဆောင်မှုနှင့် တရားရုံးများစောင့်ကြည့်ထိန်းညှိရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်နှင့် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်တို့မှ တရားစီရင်ရေးဖော်ဆောင်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရေးရာတာဝန်ခံများမှဆွေးနွေးတင်ပြထားသည့် လက်ရှိအခြေအနေ၊ အချက်အလက် ကောက်နုတ်ချက်များနှင့် တရားစီရင်ရေးအာဏာအပ်နှင်းရန် တင်ပြလာသည့်မြို့နယ်များအား ရှင်းလင်းတင်ပြခြင်း၊ တရားရုံး၊ဥပဒေရုံးများ တည်ဆောက်ရန် လိုအပ်သည့် အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးအတွက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးသို့အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်း
ဇွန်လ ၂၇ ရက်နေ့မှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာအခုလိုရေးသားပြောကြားခဲ့ပါတယ်။
"သူ့နာမည် ကျနော် မသိပါ။ အခုထိ သူဘာစီးပွားရေးလုပ်နေမှန်းလည်းကျနော်မသိပါဘူး။ အပြင်မှာလည်း မတွေ့ဖူးပါဘူး။သို့သော်.. နွေဦးတော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း (၁၀၀,၀၀၀) ကို နှစ်ကြိမ်ခွဲ ပေးပို့လှူဒါန်းပါတယ်။ (ဒုတိယအကြိမ်ပေးပို့လှူဒါန်းတဲ့ ဒေါ်လာငါးသောင်း ဂုဏ်ပြုမှတ်တမ်းလွှာကို ပူးတွဲဖော်ပြအပ်ပါတယ်။အဆိုပါ ငွေသား ဒေါ်လာတစ်သိန်းကို ငွေတိုက်စာချုပ်(ဘွန်း)၊ မအလအိမ်ရှယ်ယာ (EOD) ပြန်ထုတ်ပေးရမလား သို့မဟုတ် အခွန်ဆောင်တယ်လို့ သတ်မှတ်ပေးရမလား ဆိုတော့..မလိုပါဘူးတဲ့။ တော်လှန်ရေးအတွက် NUG အစိုးရအနေနဲ့ လိုအပ်သလိုသာ စီမံခန့်ခွဲပါလို့ ဆိုတယ်လို့ဝန်ကြီးကပြောပါတယ်။
အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းတဲ့ မြန်မာနိုင်ငံသားအားဂုဏ်ပြုမှတ်တမ်းလွှာလေးတော့ ပြန်လည်ပေးပို့ရာ " မြန်မာနိုင်ငံသားတစ်ဦး" လို့သာ ဖော်ပြပေးရန်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
"အကြောက်တရားအောက်မှာ လူတိုင်း ခက်ခဲနေတာ၊ တွန့်ဆုတ်တွေဝေနေတာ၊ မဝံ့မရဲဖြစ်နေတာကို နားလည်စာနာ သဘောပေါက်ပါတယ်။သို့သော်.. သူ့လိုပဲ.. အကြောက်တရားအောက်ကနေ.. နည်းလမ်းရှာပြီး မဖြစ်၊ဖြစ်အောင် တော်လှန်ရေးအတွက် အားထုတ်ပါဝင်လို့ရနေတာကို ကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်များ အတုယူကြိုးပမ်းသင့်ပါတယ်။"လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ကထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၃။ လွတ်လပ်၍ ပိုကောင်းတဲ့ပညာရေးကို လိုချင်သူတိုင်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်သင့်တယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ပြော
ဇွန်လအတွင်း သတင်းဌာနတခုတွေ့ဆုံမေးမြန်းခန်းမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကအခုလိုပြောကြားခဲ့ပါတယ်။
"စစ်ကျွန်ပညာရေးကို ဘာကြောင့်တော်လှန်သင့်သလဲဆိုတော့ ကျောင်းသားတွေ သူတို့ရဲ့အနာဂါတ်ကိုသူတို့ပုံဖော်လို့မရအောင် ထိန်းချုပ်ထားတဲ့ ပညာရေးစနစ်ဖြစ်တယ်။အကြောက်တရားတွေနဲ့လွတ်လပ်မှုမရှိဘဲ ထိန်းချုပ်ထားပြီးမှ သူတို့သင်စေချင်သလောက်ပဲ သက်ယူခွင့်ရရှိတဲ့ပညာရေးဖြစ်တယ်။အဲဒါကြောင့်နိုင်ငံကို တိုးတက်ချင်သူတွေအနေနဲ့ ပိုပြီးကောင်းတဲ့အရည်အသွေးကိုရယူချင်သူတွေအနေနဲ့ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်သင့်ပါတယ်"လို့ဒုဝန်ကြီးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၄။ KNDO ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှ စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းပေးအပ်
KNDO ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှ စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ဇွန်လ ၂၈ ရက်မှာ ထောက်ပံငွေ လက်ခံရရှိကြောင်း မကေမှ ၄င်း လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။
"KNDO ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြထံသို့ NUG အစိုးရမှပေးအပ်သော စစ်သုံးစရိတ် ထောက်ပံ့ငွေ ဘတ်တစ်သန်းကို KNDO ထောက်ပို့တပ်ခွဲ ကျွန်မ ဗိုလ်ကေမှ ယနေ့ ဇွန်လ ၂၈ ရက်တွင် လက်ခံရရှိပါတယ်။ ပြည်သူ့အစိုးရမှတဆင့် ပြည်သူ့ရဲဘော်များအတွက် ပေးပို့လာသော ထောက်ပံ့ငွေ အားလုံးကို ဗိုလ်ချုပ်ထံသို့ လွှဲအပ်ပြီးဖြစ်ပါတယ်"လို့ပြောပါတယ်။ ပြည်သူ့အစိုးရနဲ့ ပြည်သူများ ကူညီသော ငွေများကို KNDO အဖွဲ့အစည်းအနေဖြင့် အလေအလွင့်မရှိအောင် ထိရောက်စွာ အသုံးပြုသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့
ဇွန်လ ၂၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊အဆောက်အဦးအရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၆၁၇) ခုထက်မနည်းရှိခဲ့ပါတယ်။ နေအိမ်နဲ့အဆောက်အဦ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့အထဲတွင် လွှတ်တော်အမတ်များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်၊အတတ်ပညာရှင်တို့လည်းပါဝင်ပါတယ်။
========================
📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC တို့ ပူးပေါင်း၍ EOD ရှယ်ယာ နှင့် ငွေတိုက်စာချုပ်များ ကို စတင်ရောင်းချ
ဇွန်လ ၂၈ ရက်မှာ ယူနိုက်တက်ဘွန်းက သတင်းထုတ်ပြန်ဖော်ပြချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC တို့ ပူးပေါင်း၍ EOD ရှယ်ယာ နှင့် ငွေတိုက်စာချုပ်များ ကို စတင်ရောင်းချနေပြီလို့သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC တို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ဖော်ဆောင်နေကြသော ပအိုဝ်းတော်လှန်ရေးအင်အားစုများအား ထောက်ပံ့နိုင်ရေးအတွက် EOD ရှယ်ယာ နှင့် ငွေတိုက်စာချုပ်များ ကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါတယ်လို့ဆိုပါတယ်။
လက်ရှိမှာငွေတိုက်စာချုပ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့်နေအိမ် ပိုင်ဆိုင်မှုကိုရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရရှိပြီးဖြစ်ကာ အဆိုပါ ငွေကြေး၏ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ်အသုံးပြုထားပါတယ်။
========================
📌📌 ၇။ တရားဝင် Agent များ၌ သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြရန် NUG Pay ကကြေညာ
ပြည်သူများအနေဖြင့် တရားဝင် Agent များ၌သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြရန် NUGPay ကကြေညာလိုက်ပါတယ်။ NUGPay Account ကိုဖွင့်ရန် Android စနစ်သုံး ဖုန်းများအတွက် NUGPay ကို Play Store မှ တဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ iOS version အတွက် မကြာမီအချိန်အတွင်း Apple App Store မှ Download ရယူအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။
NUGPay ဝန်ဆောင်မှုများကို ရယူနိုင်ရန် အေးဂျင့်မှ တဆင့် Activate လုပ်ရမည် ဖြစ်ပြီး မကြာမီ အချိန်အတွင်းတွင် နိုင်ငံတကာရှိ agent များကိုလည်း ကြေညာသွားမှာ ဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် တရားဝင် Agent များ၌သာ NUGPay Account ဖွင့်လှစ်ခြင်း၊ ငွေသွင်း၊ငွေထုတ် ဝန်ဆောင်မှုများကို ပြုလုပ်ပေးကြပါရန် NUGPay မှ မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၈။ Click 2 donateမှ မေလတွင် သိန်းပေါင်းနှစ်ထောင့်ငါးရာဝန်းကျင်သာပေးပို့နိုင်တော့မယ်
Click 2 donateမှ ဧပြီလအတွက် သိန်းပေါင်းလေးထောင်ကျော် ပံ့ပိုးပေးနိုင်ခဲ့ပြီး မေလတွင် သိန်ပေါင်းနှစ်ထောင့်ငါးရာဝန်းကျင်သာပေးပို့နိုင်တော့မယ်လို့ဆိုပါတယ်။ အဓိက ဝင်ငွေများလျော့နည်းရခြင်းမှာ app တွေ web တွေ အပိတ်ခံရတာပါဝင်တယ်လို့ Click 2 donateမှဖော်ပြပါတယ်။
"မနေ့ကပဲ မေလ ရငွေတွေရရှိခဲ့ပါတယ် ။ မေလရငွေတွေကတော့ တော်တော့်ကိုနည်းသွားတာဖြစ်ပြီး သိန်းနှစ်ထောင့်ငါးရာဝန်းကျင်ပဲပေးပို့နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ အသစ်တွေအမြန်ထွက်မှပဲ အများကြီးပြန်ကူနိုင်မှာမို့ ဒီတစ်လနှစ်လတော့ သိန်းပေါင်းအများကြီးမကူနိုင်တဲ့အခါ နားလည်ပေးကြဖို့ ရှေ့တန်းကသူရဲကောင်းတွေကိုလဲ ပြောချင်ပါတယ် ။ကျွန်တော်တို့ ပိုကြိုးစားပါ့မယ်။ နောက်ထပ်ပိုပြီးအများကြီးပြန်ရလာတဲ့အထိ ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်ခင်ဗျာ"လို့ Click 2 donateမှထုတ်ပြန်ပါတယ်။ ဧပြီလရငွေတွေကို ပေးပို့ရာအဖွဲ့ပေါင်း ၃၉ ဖွဲ့ဆီကို သိန်းပေါင်း လေးထောင့်လေးရာ့ကိုးဆယ်ကျော်ပေးပို့ ပြီးဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment