၂၀၂၂ ဇွန်လ ၂၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ G7 အဖွဲ့ဝင်နိုင်ငံများဟာ အကြမ်းဖက်စစ်အုပ်စုထံ အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမှာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၂။ အမှုအခင်းတွေဖြစ်ရင် တရားမျှတမှုတွေရရှိအောင် ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပေးနေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးအသိပေးပြောကြား
📌 ၃။ အာဏာရှင်ကို ဒို့ခေတ်မှာပဲ အဆုံးသတ်ပေးလိုက်ကြစို့လို့ ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဟာ အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်
📌 ၅။ တိုက်ပွဲတွင် ကျဆုံးခဲ့သော CDM တပ်ကြပ် တပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ကို ကာကွယ်ရေးဝန်ကြီးက "ပြည်သူ့ သူရဲကောင်း"အဖြစ် သတ်မှတ်ဂုဏ်ပြု
📌 ၆။ ရွာငံမြို့နယ် လေးရွာကျေးရွာ အထွက်ရှိအကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင် ကို “ရဲဘော်ဦးစစ်ဆင်ရေး"အနေဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့
📌 ၇။ ပြင်ဦးလွင်-မန္တလေးလမ်းဖြတ်သန်းမောင်းနှင်လာတဲ့ စစ်ကား ၈ စီးတွင် ၃ စီး မိုင်းထိမှန်၍ စကစတပ်ဖွဲ့ဝင် ၃ ဦးသေ
📌 ၈။ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့
📌 ၉။ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း မွှေနှောက်ကာ မီးရှို့ဖျက်ဆီး
📌 ၁၀။ စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀) အားပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်များ ဖမ်းဆီးဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ G7 အဖွဲ့ဝင်နိုင်ငံများဟာ အကြမ်းဖက်စစ်အုပ်စုထံ အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမှာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်
G7 အဖွဲ့ဝင်နိုင်ငံများဟာ အကြမ်းဖက်စစ်အုပ်စုထံ အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမှာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။ အကူအညီလိုအပ်နေသော မြန်မာ ပြည်သူများထံ ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကြမ်းဖက်စစ်တပ် သည် ငြင်းပယ်ထားရုံသာမက ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပြင်းပြင်းထန်ထန် ဖောက်ဖျက်ကျူးလွန်လျက်ရှိပါတယ်။ ထို့အပြင် အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များကလည်း ငတ်မွတ်ခေါင်းပါးမှုအား စစ်လက်နက်တစ်ခုအဖြစ် ပြည်သူတစ်ရပ်လုံးအပေါ် အသုံးချလာကြတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် G7 အဖွဲ့ဝင်နိုင်ငံများသည် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ပြည်သူများအပေါ် ကျုးလွန်လျက်ရှိသည့် လူသတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးနေသည့် ရုရှားနှင့် အခြားနိုင်ငံများမှ လက်နက်ခဲယမ်း စီးဝင်နေမှုကိုလည်း ဟန့်တားရမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ ထို့ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာပြည်သူများအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများမှ ထပ်တိုးအစီအမံများ ဆောင်ရွက်ရန် ကတိကဝတ်များချမှတ်ရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏လက်အောက်မှ မိမိတို့၏လွတ်လပ်မှုရရှိရန် ကြိုးပမ်းနေမှုများအား ပံ့ပိုးကူညီပေးပါရန် မျှော်လင့်အပ်ပါတယ်လို့ဖော်ပြထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ အမှုအခင်းတွေဖြစ်ရင် တရားမျှတမှုတွေရရှိအောင် ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပေးနေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးအသိပေးပြောကြား
အမှုအခင်းတွေဖြစ်ရင် တရားမျှတမှုတွေရရှိအောင် ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းပေးနေတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးခူးထဲဘူးကအသိပေးပြောပါတယ်။ ဇွန်လအတွင်း ဖက်ဒရယ်ဂျာနယ်နဲ့တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးကထည့်သွင်းပြောပါတယ်။
"ပြည်သူ့ဝန်ဆောင်မှုအပိုင်းမှာ အမှုအခင်းတွေဖြစ်ရင် တရားမျှတမှုတွေဖြစ်အောင် ရဲတပ်ဖွဲ့တွေ ဖွဲ့ပေးပါတယ်။ရဲတပ်ဖွဲ့တွေကတော့တချို့ဒေသမှာ CDM လုပ်တဲ့ရဲရှိတယ်။ရဲတပ်ဖွဲ့ဝင်ဟောင်းတွေရှိတယ်။သူတို့နဲ့ပူးပေါင်းပြီးတော့ မြေပြင်မှာရှိတဲ့ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းတာလုပ်တယ်"လို့ ဒုဝန်ကြီးကပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တင်ပြသော ရဲတပ်ဖွဲ့ဥပဒေအား မကြာသေးမီက ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဒေသခံပြည်သူများကအမှုအခင်းနဲ့ပတ်သတ်၍တိုင်ကြားစာပေါင်း ၄၀၀ ကျော်ရှိပါတယ်။
========================
📌📌 ၃။ အာဏာရှင်ကို ဒို့ခေတ်မှာပဲ အဆုံးသတ်ပေးလိုက်ကြစို့လို့ ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်း
အာဏာရှင်ကို ဒို့ခေတ်မှာပဲ အဆုံးသတ်ပေးလိုက်ကြစို့လို့ ဝန်ကြီးဦးတင်ထွန်းနိုင်တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၇ ရက် လူမှုကွန်ရက်မှာ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကရေးသားပြောကြားခဲ့ပါတယ်။
ကျနော်တို့ ဒီတော်လှန်ရေးကို ဆင်နွှဲနေကြတာ မကြောက်မရွံ့ ဆင်နွှဲနေတာတော့မဟုတ်ပါဘူး။လတ်တလော ရင်ဆိုင်ကြုံတွေ့ရတဲ့ အကြောက်တရားထက် ပိုမိုဆိုးရွားတဲ့ အကြောက်တရားကို မလိုလားလို့-မလိုချင်တော့လို့ ကြောက်ကြောက်နဲ့ပဲ ဆင်နွှဲနေကြတာဖြစ်ပါတယ်။အထူးသဖြင့် အင်အားသုံး-အကြောက်တရားသွင်း၊ အစွမ်းကုန် ဖိနှိပ် ရက်စက်ပြလိုက်တာနဲ့ ပြည်သူဟာ ခေါင်းလျှိုနာခံသွားတာပဲ ဆိုတဲ့ အာဏာရှင်လက်ဆွဲ ဓလေ့ထုံးစံ စရိုက်ဆိုးကို ရိုက်ချိုးချေဖျက်ချင်လို့ ဆင်နွှဲနေကြတာသာဖြစ်တယ်။ ဆက်လက်ပြီးအဆုံးစွန်တဲ့ ပေးဆပ်မှုတွေနဲ့ စတေးရင်း လမ်းခင်းလျှောက်လှမ်းကြရဦးမှာ အသေအချာပါပဲ။ အာဏာရှင်ကို ဒို့ခေတ်မှာပဲ အဆုံးသတ်ပေးလိုက်ကြပါစို့လို့ဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပါတယ်။ ယင်းနောက်၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့စည်းကာ စက်တင်ဘာ၇ရက်နေ့မှာ ခုခံတွန်းလှန်စစ်များစတင်ခဲ့ပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဟာ အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းဟာ အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ ဇွန်လ (၂၇) ရက်မှာသတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၂၂) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ ကထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းသို့ စစ်ကောင်စီက ပို့ဆောင်လိုက်ခြင်းသည် မြန်မာ့သမိုင်းတွင်သာမက နိုင်ငံတကာမျက်နှာစာတွင် အမည်းစက်စွန်းထင်စေမည့် ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။
ဒါ့အပြင်မည်သည့် ပြစ်မှုတစုံတရာမျှ ကျူးလွန်ခြင်းမရှိသည့် လူထုခေါင်းဆောင်အား မတရားသော ဥပဒေပုဒ်မ အမျိုးမျိုးတပ်၍လည်းကောင်း၊ တရားဥပဒေ၏အကာအကွယ်ကိုယူ၍ ခုခံလျှောက်ထားပေးနေကြသည့် တရားလွှတ်တော် ရှေ့နေများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းဖြင့်လည်းကောင်း၊ တရားဥပဒေဘောင်အတွင်းမှ တရားသဖြင့်ချေပ လျှောက်ထားခွင့်တို့ဆုံးရှုံးလျက် မတရားသည့်ဥပဒေများကို ရင်ဆိုင်နေရသော အသက်အရွယ်အားဖြင့် ၇၇ နှစ်ကျော် ရှိနေသည့် နိုင်ငံခေါင်းဆောင်အား ယခုလို အချုပ်ထောင်တခုအတွင်း ပြောင်းရွေ့လိုက်သည့် မတရားလုပ်ရပ်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ပါတယ်လို့ဖော်ပြပါတယ်။
အခြားသောအကျဉ်းထောင်များနည်းတူ နေပြည်တော်အချုပ်ထောင်တွင်လည်း သောက်သုံးရေသန့်ရှင်းမှု မရှိခြင်း၊ မှက်၊ ခြင်၊ ယင်ပေါများခြင်း၊ မိလ္လာကိစ္စအခက်တွေ့နိုင်ခြင်း၊ လေကောင်းလေသန့်မရရှိခြင်း၊ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးရန်လိုအပ်ခြင်း၊ အစားအသောက်ထားသိုရန်မရှိခြင်း၊ လတ်ဆတ်သန့်ရှင်းသော အစားအသောက် ကျွေးမွေးမှုမရရှိခြင်း စသည်တို့ခံစားရမည့်အပြင် သီးသန့်နေရာတခုတွင်ထားရှိသဖြင့် အရေးပေါ် ကျန်းမာရေးကိစ္စများပေါ်ပေါက်ပါက အချိန်မီကုသရန်ခက်ခဲခြင်းတို့ ရှိနိုင်ခြင်းကြောင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်တစ်ဦးအပေါ် အသက်အန္တရာယ်တစုံတရာသက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားသည်ဟု သုံးသပ်ပါတယ်လို့ ထုတ်ပြန်ပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူလူထုယုံကြည်အားကိုးသည့် ခေါင်းဆောင်ဖြစ်၍လည်းကောင်း၊ နိုင်ငံတကာမှလေးစားချစ်ခင်သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့်လည်းကောင်း၊ တိုင်းပြည်အကျိုးကိုရှေ့ရှုသည့် ခေါင်းဆောင်ကောင်းဖြစ်သည့်နှင့်အညီ အမှီအခိုနှင့် နေထိုင်သင့်သော အသက်အရွယ်သို့ရောက်ရှိနေသော လူထုခေါင်းဆောင်အား အချုပ်ထောင်တွင် ရင်ဆိုင်ကြုံတွေ့ နေရမည့် ဆုတ်ယုတ်ဆိုးဝါးသောအခြေအနေများမှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးပါရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ လွတ်မြောက်စေရေး အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်သံတမန်များအား ကူညီဆောင်ရွက်ပေးပါရန်တောင်းဆို တိုက်တွန်းအပ်ပါတယ်လို့ဗဟိုအလုပ်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဖော်ပြပါတယ်။
========================
📌📌 ၅။ တိုက်ပွဲတွင် ကျဆုံးခဲ့သော CDM တပ်ကြပ် တပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ကို ကာကွယ်ရေးဝန်ကြီးက "ပြည်သူ့ သူရဲကောင်း"အဖြစ် သတ်မှတ်ဂုဏ်ပြု
တိုက်ပွဲတွင် ကျဆုံးခဲ့သော CDM တပ်ကြပ် တပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ကို ကာကွယ်ရေးဝန်ကြီးက"ပြည်သူ့ သူရဲကောင်း"အဖြစ် သတ်မှတ်တ်ဂုဏ်ပြုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုလွှာကို ပေးအပ်ထုတ်ပြန်ခဲ့ပါတယ်။
တပ်ကြပ်ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် ၂-၈-၂၀၂၁ ရက်နေ့တွင် CDM စတင်ဝင်ရောက်ခဲ့ပြီး ရှေ့တန်းအထိပါ ပြည်သူနှင့်ပူးပေါင်း တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့တွင် တပ်ကြပ် ဝေလင်းအောင် (ခ) ဇော်ဝင်းထွဋ်သည် ဥကရစ်ထစခန်းအား Venom စစ်ကြောင်းနှင့်အတူ တိုက်ခိုက်စဉ် ရင်ဘတ်ကျည်ထိကာ အသက်ပေးလှူခဲ့ပါတယ်။ တပ်ကြပ် ဝေလင်းအောင်(ခ)ဇော်ဝင်းထွဋ်ဟာ အရာရှိသေနတ်အပါအဝင် သေနတ် ၂ လက်ယူဆောင်၍ CDM ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
========================
📌📌 ၆။ ရွာငံမြို့နယ် လေးရွာကျေးရွာ အထွက်ရှိအကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင်ကို “ရဲဘော်ဦးစစ်ဆင်ရေး"အနေဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လေးရွာကျေးရွာ အထွက်ရှိအကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင်ကို “ရဲဘော်ဦးစစ်ဆင်ရေး" အနေဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့တောင်ကြီး TPDF ကပြောပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာ တာဝါတိုင်ဖောက်ခွဲခဲ့တယ်လို့တောင်ကြီး TPDF ကထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် လေးရွာကျေးရွာ အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် Mytel တာဝါတိုင် ကို တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF) နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ပူးပေါင်းတပ်ဖွဲ့ တပ်ခွဲ (၃) မှ "ရဲဘော်ဦးစစ်ဆင်ရေး"အနေဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်။ မိုင်တဲတာဝါတိုင်များဟာ အကြမ်းဖက် စစ်ခေါင်ဆောင်ရဲ့ အကျိုးစီးပွားတစ်ခုလည်းပါဝင်ပါတယ်။
========================
📌📌 ၇။ ပြင်ဦးလွင်-မန္တလေးလမ်းဖြတ်သန်းမောင်းနှင်လာတဲ့ စစ်ကား ၈ စီးတွင် ၃ စီး မိုင်းထိမှန်၍ စကစတပ်ဖွဲ့ဝင် ၃ ဦးသေ
ပြင်ဦးလွင်-မန္တလေးလမ်းဖြတ်သန်းမောင်းနှင်လာတဲ့ စစ်ကား၈စီးတွင် ၃ စီး မိုင်းထိမှန်၍ စကစတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ၂၇ ရက် နံနက်ပိုင်းမှာ စကစတပ်ဖွဲ့ယာဥ်တန်းကို DRM Rangers Mandalay — PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
"DRM နဲ့ တွေ့တော့ စခ ကားများမှာ မြှောက်တက်သွားရှာတယ်။ ရှစ်စီး လာတာသုံးစီးထိပါတယ်။ စခ သုံးကောင်တော့အမျှပေါ့"လို့ ဖော်ပြပါတယ်။ DRM ရဲဘော်အားလုံး safe zone ရောက်ရှိပြီလို့လည်းသိရပါတယ်။ အပြစ်မဲ့ ပြည်သူများကိုတော့ စကစတပ်များ လမ်းပိတ်စစ်နေပါတယ်။
========================
📌📌 ၈။ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့
လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာအတွင်းကို စစ်သား ၁၅ ဦးခန့်ရောက်ရှိလာပြီး ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး (ခ) မိကြုံးတို့ကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခါးနှင့် မျက်လုံးတို့အား အနီးကပ် ပစ်ခတ်၍ သတ်ဖြတ်သွားခဲ့ကြောင်း AAPP ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၃၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများကို မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုခြင်းတို့ နေ့စဥ်ကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၉။ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း မွှေနှောက်ကာ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များဝင်ရောက်သောင်းကျန်း မွှေနှောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်၊မော်လိုက်မြို့နယ်ရှိယူးဝကျေးရွာအုပ်စု မန်ကျည်းတန်းကျေးရွာသို့ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် စကစတပ်မှစစ်ကြောင်းထိုးဝင်ရာက်လာခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။
ထို့နောက်စကစတပ်များမှလူမရှိသောနေအိမ်များမှ ပစ္စည်းများအားစိတ်ကြိုက်ယူဆောင်ပြီး ပျူဒလန်များမှဒီအိမ်မှာ PDF ရှိတယ်။ ဒီအိမ်က PDF ကိုထောက်ပံ့တယ်လို့ဆိုကာ လက်ညှိုးညွှန်သမျှအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၉၀ ကျော်သာရှိသော မန်ကျည်းတန်းကျေးရွာမှာ အိမ်ခြေ ၈၆ အိမ်နှင့် စပါးကြိတ်စက်၊ စပါးကျီများလယ်ယာသုံးစက်ပစ္စည်း များအပါအဝင်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ထို့ပြင်မန်ကျည်းတန်းကျေးရွာသားအသက် ၁၈ နှစ်မပြည့်သေးသူ အရပ်သား နှစ်ဦးကို စကစတပ်မှ ဓါးဖြင့်ခုတ်သတ်သွားခဲ့တယ်လို့သိရပါတယ်။
အလားတူ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်ယူးဝရွာကိုစတင်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၄၉ အိမ်မီးလောင်ခဲ့ပြီး PDF ရဲဘော်မှန်ကြီး(အမည်ပြောင်း)ပြည်သူ့အတွက်အသက်ပေးဆပ်ခဲ့ရပါတယ်။ ညနေပိုင်းတွင်တပ်ကုန်းကျေးရွာကိုမီးဆက်လက်ရှို့ခဲ့ကြရာ အရပ်သား ပြည်သူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။ တပ်ကုန်းကျေးရွာကို ပထမအကြိမ် အိမ်ခြေ ၉၀ ကျော်နှင့် ဒုတိယအကြိမ် အိမ်ခြေ ၃၀ ကျော်မီးရှို့ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာထိုယူးဝကျေးရွာ၊မန်ကျည်းတန်းကျေးရွာနှင့်တပ်ကုန်းကျေးရွာမှစစ်ဘေးရှောင်ပြည်သူ ၅၇၇၁ ဦး ရှိပြီဖြစ်ကြောင်း မော်လိုက် ပကဖ အဖွဲ့ဝင်ထံမှသိရပါတယ်။
========================
📌📌 ၁၀။ စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀) အားပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်များ ဖမ်းဆီးဖျက်ဆီး
ဇွန်လ ၂၇ ရက် စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀) အားပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်များ ဖမ်းဆီးဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ၂၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကိုင်းတိုင်းဒေသတွင်း ခိုးသယ်လာသော ဘီယာများကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ SNAKE EYES LDF ကဖော်ပြပါတယ်။
"စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀) အား အချိုရည်ဖာများကဲ့သို့ အသွင်ဖျက်၍ တင်ဆောင်မောင်းနှင်လာသော Light Truck အမျိုးအစားကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၃)၊ SNAKE EYES LDF၊ C&T SHWEBO LDF နှင့် မဟာမိတ်အဖွဲ့အစည်းများ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ယဉ်မောင်းအား နောက်နောင် သုံးစွဲခြင်း၊ရောင်းဝယ်ခြင်း၊သယ်ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တပါတည်း ပြန်လည် လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ သယ်ဆောင်လာသော စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အားပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးပစ်ခဲ့ကြောင်း SNAKE EYES PDF ကထုတ်ပြန်ပါတယ်။
No comments:
Post a Comment