၂၀၂၂ ဇွန်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နေပြည်တော် လရောင်တောမြေအမှုအဂတိနဲ့စွဲချက်တင်ထားတဲ့အပေါ် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် ထွက်ဆို
📌 ၂။ NUG နဲ့ မဟာမိတ်တွေ သွေးကွဲစေဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတဲ့အထဲမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ကိစ္စတခုလည်း အပါအဝင်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအကြောင်း ပြည်ထဲရေးဝန်ကြီးတင်ပြ
📌 ၄။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲတွင် လူရွှင်တော် အီကြာကွေးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသူရှစ်ယောက်အထိရှိလာ
📌 ၅။ ထီးလင်းမြို့နယ်ဘက်မှမင်းတပ်ဘက်သို့ တက်လာတဲ့ စကစတပ်များ နှင့် ပလုမ်တွီ ဘက်ကင်းစောင့်လျက်ရှိတဲ့ CDF-Mindat တို့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
📌 ၆။ DRM Rangers Mandalay — PDF တပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရ၍ စစ်ရေးအား ခေတ္တရပ်နား
📌 ၇။ MB PDF မှ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်၍ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေး
📌 ၈။ People's Voices (PV)(S01011) အနေနဲ့ “NUGPay Agent” အဖြစ် ထမ်းဆောင်ခွင့်ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နေပြည်တော် လရောင်တောမြေအမှုအဂတိနဲ့စွဲချက်တင်ထားတဲ့အပေါ် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် ထွက်ဆို
နေပြည်တော် လရောင်တောမြေအမှု အဂတိနဲ့စွဲချက်တင်ထားတဲ့အပေါ် ဇွန်လ၂၈ ရက်က စစ်ဆေးခဲ့ရာ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် ထွက်ဆိုခဲ့တယ်လို့တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်းထွက်ဆိုမှုမှာ နေပြည်တော် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေ ၁၀၁ ဒသမ ၃၃ ဧကကို ချထားပေးသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့ကို အဂတိမှုနဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။ ထို့နောက်အမှုများကို ဇူလိုင် ၅ ရက်နေ့သို့ ချိန်းဆိုခဲ့ကြောင်းသိရပြီး အတိုင်ပင်ခံမှာကျန်းမာရေးကောင်းမွန်ကြောင်းသိရပါတယ်။
========================
📌📌 ၂။ NUG နဲ့ မဟာမိတ်တွေ သွေးကွဲစေဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတဲ့အထဲမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ကိစ္စတခုလည်း အပါအဝင်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဇွန်လ ၂၈ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလိုပြောပါတယ်။
"စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအစုံမှာ အထိနာနေတာဖြစ်ပါတယ်။ ဒါကြောင့်အကြမ်းဖက်မှုတွေ ကိုလည်း ပိုမိုဆောင်ရွက်နေပြီး မြို့ပြမှာဆိုရင် တရားမဲ့ အဖမ်းအဆီးတွေကိုလည်း ကြမ်းကြမ်းတမ်း တမ်းဆောင်ရွက်နေတာတွေ့ရပါတယ်။ ဒါ့အပြင်ကျနော်တို့မဟာမိတ်အင်အားစုတွေကြားမှာလည်း သွေးကွဲစေဖို့နည်းလမ်း မျိုးစုံနဲ့ဆောင်ရွက်နေတဲ့အထဲမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ကိစ္စတခု လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအတွက်ကျနော်တို့တော်လှန်ရေးအင်အားစုတွေဘက်က မူဝါဒအရ ဘဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ငန်းစဉ်တွေအနေနဲ့ဘဲဖြစ်ဖြစ်၊ ပြတ်ပြတ်သားသားတုံ့ပြန်ဖို့လိုအပ်နေပါ တယ်"လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က ကြေညာထားပါတယ်။
========================
📌📌 ၃။ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအကြောင်း ပြည်ထဲရေးဝန်ကြီးတင်ပြ
ဇွန်လ ၂၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအကြောင်း ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကတင်ပြခဲ့ပါတယ်။
လက်ရှိမှာ ပြည်သူ့ရဲတပ်ဖွဲ့ကို ထိန်းချုပ်၊စိုးမိုးနယ်မြေများတွင် CDM ရဲများ၊ အမှုထမ်းဟောင်းများနဲ့ တိုးချဲ့ဖွဲ့စည်းလျက်ရှိပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းပြီးပါက အမှုအခင်းနဲ့ပတ်သက်တဲ့တိုင်ကြားစာပေါင်း ၄၀၀ ကျော်ကိုလည်းစီစစ်သွားမယ်လို့သိရပါတယ်။
========================
📌📌 ၄။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲတွင် လူရွှင်တော် အီကြာကွေးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသူရှစ်ယောက်အထိရှိလာ
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲတွင် လူရွှင်တော် အီကြာကွေးအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးသူရှစ်ယောက်အထိရှိလာတယ်လို့သတင်းရရှိပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ လူရွှင်တော်အီကြာကွေးကျဆုံးတယ်လို့ VENOM တပ်ရင်းကဖော်ပြပါတယ်။
"RIP ပါ ကိုအီကြာကွေးရေ။ ကျွန်တော်တို့ VENOM စစ်ကြောင်းအတွက်တာဝန်အကျေလွန်ခဲ့ပါတယ်ဗျာ။ ယနေ့မှာ VENOM စစ်ကြောင်းရဲ့နောက်ထပ် ကြယ် ၃ ပွင့်ဟာထပ်မံကြွေကျသွားခဲ့ပါပြီဗျာ။ သူရဲကောင်းတွေဆုံးရှုံးရကျိုးမနပ်ဘူးဗျာ၊ အားလုံး ၈ ယောက်ရှိသွားပြီဗျာ။ မတန်ဘူးဗျာ"လို့ VENOM ကဖော်ပြပါတယ်။ ဥကရစ်က စခန်းသိမ်းတိုက်ပွဲကို ကော်ပရာစစ်ကြောင်းနဲ့ VENOM တပ်ရင်းတို့က ပူးပေါင်းဆင်နွှဲနေပြီး ခြေကုပ်စခန်းကြီးတစ်ခုလုံးကို အပြည့်အဝ မသိမ်းရသေးကြောင်း VENOM တပ်ရင်းကဖော်ပြပါတယ်။
========================
📌📌 ၅။ ထီးလင်းမြို့နယ်ဘက်မှမင်းတပ်ဘက်သို့ တက်လာတဲ့ စကစတပ်များ နှင့် ပလုမ်တွီ ဘက်ကင်းစောင့်လျက်ရှိတဲ့ CDF-Mindat တို့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
ထီးလင်းမြို့နယ်ဘက်မှမင်းတပ်ဘက်သို့ တက်လာတဲ့ စကစတပ်များ နှင့် ပလုမ်တွီ ဘက်ကင်းစောင့်လျက်ရှိတဲ့ CDF-Mindat တို့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။ "ယနေ့မနက် ၉ နာရီအချိန်မှစ၍ ထီးလင်းမြို့နယ်ဘက်မှမင်းတပ်ဘက်သို့ တက်လာသည့် စကစများ နှင့် ပလုမ်တွီ ဘက်ကင်းစောင့်လျက်ရှိတဲ့CDF -Mindatတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။ မင်းတပ်မြို့နယ်မဒပ်ကျေးရွာဘက်သို့စကစတပ်များကလက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ စကစတပ်များဟာ ချင်းပြည်နယ် မင်းတပ်ကို နယ်မြေစိုးမိုးရေး အသည်းအသန်ကြိုစားနေရတာဖြစ်ပါတယ်။
========================
📌📌 ၆။ DRM Rangers Mandalay — PDF တပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရ၍ စစ်ရေးအား ခေတ္တရပ်နား
DRM Rangers Mandalay — PDF တပ်ဖွဲ့ဝင်တချို့ဖမ်းဆီးခံရ၍ စစ်ရေးအား ခေတ္တရပ်နားလိုက်တယ်လို့ဇွန်လ ၂၈ ရက်တွင် အများပြည်သူသို့အသိပေးခဲ့ကြေညာခဲ့ပါတယ်။
"ကျွန်တော်တို့ DRM အဖွဲ့ ဝင်တချို့သည် Jun'27 နေ့ ညနေ 7:00 PM ခန့်တွင်စစ်အုပ်စု၏ မတရားဖမ်းစီးခြင်းကို ခံခဲ့ရပါတယ်။ ကျန်ခဲ့သည့် ရဲဘော်များလည်း လုံခြုံရေးအရ တိမ်းရှောင်နေရပါသဖြင့် ကျွန်တော်တို့ရဲ့ mission များ အား ခတ္တရပ်နားခြင်းကို ညှိုးငယ်စွာ အသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။ DRM Rangers Mandalay — PDF အနေဖြင့် ပြည်သူ့ရှေ့မှောက် ပြန်လာမယ်လို့လည်းထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ MB PDF မှ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်၍ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေး
MB PDF မှ မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်၍ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်တွင် MB PDF မှ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဘက်စစ်ကောင်စီမှ ကာလရှည်စွာတပ်စွဲထားသည့် မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်ကျေးရွာဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၊ KNDF BO3 နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့စောင့်ကြည့်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်တယ်လို့ဆိုပါတယ်။
အကြောင်းရင်းမှာ အကြမ်းဘက်စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း (၁၀၀၀)ကျော်ခန့်)စိုက်ပျိုးခြင်းမပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲနေထိုင်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့်အတွက်ကြောင့် MBPDF၊ KNDF နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ၎င်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီအား နည်းပေါင်းစုံဖြင့် ရိက္ခာဖြတ်တောက်နိုင်စေရန်အား လျှို့ဝှက်စွာ သဘောတူဆုံးဖြတ်ထားပြီးသားကိစ္စလည်းဖြစ်တယ်လို့ဆိုပါတယ်။
Mission အောင်မြင်ဖို့ လျှို့ဝှက်သောနည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့သော်လည်း ဆက်လက်သွားလာနေသည့်အတွက်ကြောင့် ယခုလို ထပ်မံသတိပေးလိုကြောင်းဖော်ပြပါတယ်။ ထို့ကြောင့် ဇွန် ၂၈ ရက်နေ့မှစ၍ မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမှ ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ကြပါရန် အထူးသတိပေးအပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ People's Voices (PV)(S01011) အနေနဲ့ “NUGPay Agent” အဖြစ် ထမ်းဆောင်ခွင့်ရ
People's Voices (PV)(S01011) အနေနဲ့ “NUGPay Agent” အဖြစ် ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်လို့ ဇွန်လ၂၉ ရက်မှာ People's Voices ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။
"People's Voices (PV)(S01011) အနေဖြင့် NUGPAY Agent တာဝန်များကို ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်သွားပါမယ်။လက်ရှိ Pilot project ကာလတွင်သာရှိနေသေးသောကြောင့် agent တခုကို အကောင့် ၁၀ ခုစာသာ ဖွင့်လို့ရပါသေးတယ်ရှင့်"လို့ဖော်ပြပါတယ်။
နောက်ပိုင်းတွင် အားလုံး စတင် အကောင့်ဖွင့်လို့ရပါက ထပ်ပြီး အသိပေးကြော်ငြာပေးသွားမယ်လို့ဆိုပါတယ်။
No comments:
Post a Comment