၂၀၂၂ ဇွန်လ ၂၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသွင်ကူးပြောင်းမှုကာလဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား
📌 ၂။ အမေ့ထီးရံပုံငွေကနေရရှိလာတဲ့ ဘဏ္ဍာငွေတွေကို ချင်းနဲ့ကရင်နီဒေသတွေအတွက်လည်း ခွဲဝေသုံးစွဲမယ်
📌 ၃။ ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးတည်ထောင်သော Seikphyu Online School ကျောင်းအပ်နှံရက် ငါးရက်ထပ်မံတိုးမြှင့်
📌 ၄။ မြောင်ပညာရေးကွန်ရက်နှင့်အတူ ပူးပေါင်း၍ ဖွင့်လှစ်ထားသော MEDUS-12 ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နွေဦးရောင်နီဆေးအဖွဲ့များမှ ကျန်းမာရေးနှင့်ပတ်သက်၍ လာရောက် စစ်ဆေး
📌 ၅။ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈) ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်း တိတိချီးမြှင့်ခဲ့
📌 ၆။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့
📌 ၇။ တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ်မှာကာကွယ်ရေးတပ်နဲ့ စကစတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံး
📌 ၈။ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်မှ မြို့တောင်ဘက်ရှိ ကျောင်းရွာရပ်ကွက်နှင့် အနောက်မအုပ်ရပ်ကွက်များဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ထိမှန်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသွင်ကူးပြောင်းမှုကာလဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား
အသွင်ကူးပြောင်းမှုကာလဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအသိပေးပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၈ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာကျနော်တို့ဘက်က အားသာနေတဲ့ အခြေအနေကို သိနေကြပြီမို့ တော်လှန်ရေးအလွန်ကာလတွေအထိ ကျနော်တို့မဟာမိတ်အင်အားစုတွေဘက်ကနေ စုစုစည်းစည်းနဲ့ ဆောင်ရွက်နေကြတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိရှိလိုတာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့ ဒါနဲ့ဆက်စပ်နေတဲ့လုပ်ငန်းစဉ်တခုဖြစ်တဲ့ အသွင်ကူးပြောင်းမှုကာလဖွဲ့စည်းပုံပေါ်ပေါက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတာရှိပါတယ်။ ယာယီသမ္မတကြီးရဲ့လမ်းညွှန်ချက်တွေနဲ့အတူ လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီမှာလည်း ပဏာမတိုင်ပင်ဆွေးနွေးထားပြီးပြီဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အမေ့ထီးရံပုံငွေကနေရရှိလာတဲ့ ဘဏ္ဍာငွေတွေကို ချင်းနဲ့ကရင်နီဒေသတွေအတွက်လည်း ခွဲဝေသုံးစွဲမယ်
အမေ့ထီးရံပုံငွေကနေရရှိလာတဲ့ ဘဏ္ဍာငွေတွေကို ချင်းနဲ့ကရင်နီဒေသတွေအတွက်လည်း ခွဲဝေသုံးစွဲမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇွန်လ ၂၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။
"ဒီတပတ်မှာဆိုရင်တော့အမေ့ထီးရံပုံငွေကနေရရှိလာတဲ့ ဘဏ္ဍာငွေတွေကို ကြားကာလ အုပ်ချုပ်ရေးအကောင်အထည်ဖော်နေတဲ့ စစ်ကိုင်း၊ မကွေးဒေသ တွေအတွက်စီမံသုံးစွဲနိုင်ရေးအပြင် ပြည်သူ့အုပ်ချုပ်ရေးတွေ အလွန်အားကောင်းနေ ပြီဖြစ်တဲ့ ချင်းနဲ့ကရင်နီဒေသတွေအတွက်လည်း ခွဲဝေသုံးစွဲနိုင်ကြဖို့ တိုင်ပင်ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ တဆက်ထဲအမေ့ထီးရံပုံငွေကြိုးစား စီမံခဲ့ကြတဲ့ အဖွဲ့သားတွေနဲ့ ပါဝင်ကူညီပံ့ပိုးကြတဲ့ပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါ တယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုသိမ်ထီး မဲလက်မှတ်ကို တစ်စောင်အမေရိကန်ဒေါ်လာ ၁၀ နဲ့ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ ၇ သောင်း ၇ ထောင်ဘတ်ဂျက်ကိုများစွာကျော်လွန်ရောင်းချရခဲ့ပါတယ်။
========================
📌📌 ၃။ ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးတည်ထောင်သော Seikphyu Online School ကျောင်းအပ်နှံရက် ငါးရက်ထပ်မံတိုးမြှင့်
ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးတည်ထောင်သော Seikphyu Online School ကျောင်းအပ်နှံရက် ငါးရက်ထပ်မံတိုးမြှင့်လိုက်ပါတယ်။ ဇွန်လ ၂၈ ရက်မှာ ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ CDM ကျောင်းသားမိဘများအတွက် ရည်ရွယ်ကာ ထုတ်ပြန်ခဲ့ပါတယ်။
"ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဦးစီးတည်ထောင်သော Seikphyu Online School၏ ဇွန်လအတွင်းက ကျောင်းအပ်နှံရေးသတင်းပတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်လိုက်ရသောမိဘပြည်သူများအနေဖြင့် ဇွန်လ ၂၈ ရက်နေ့မှစ၍ ဇူလိုင် ၂ ရက်နေ့ထိ ၅ ရက်တာထပ်တိုးကျောင်းအပ်လက်ခံမှာဖြစ်တယ်လို့ဆိုပါတယ်။ သို့ဖြစ်ပါ၍ ယခင်သတင်းပတ်တွင်မအပ်နှံလိုက်ရသော ဆိပ်ဖြူမြို့နယ်နှင့်အခြားသောမြို့နယ်များမှ မည်သည့် CDM ကျောင်းသားမဆို သက်ဆိုင်ရာအတန်းအလိုက်လျှောက်လွှာဖောင်များမှတစ်ဆင့်ဝင်ရောက်အပ်နှံနိုင်တယ်လိုဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ပါတယ်။
========================
📌📌 ၄။ မြောင်ပညာရေးကွန်ရက်နှင့်အတူ ပူးပေါင်း၍ ဖွင့်လှစ်ထားသော MEDUS-12 ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နွေဦးရောင်နီဆေးအဖွဲ့များမှ ကျန်းမာရေးနှင့်ပတ်သက်၍ လာရောက် စစ်ဆေး
ဇွန်လ ၂၈ ရက် မြောင်ပညာရေးကွန်ရက်နှင့်အတူပူးပေါင်း၍ ဖွင့်လှစ်ထားသော MEDUS-12 ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နွေဦးရောင်နီဆေးအဖွဲ့များမှ ကျန်းမာရေးနှင့်ပတ်သက်၍ လာရောက် စစ်ဆေးခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်နေ့မှာ မြောင်ပညာရေးကွန်ရက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ (၂၇) ရက်နေ့တွင် မြောင်ပညာရေးကွန်ရက်နှင့်အတူပူးပေါင်း၍ ဖွင့်လှစ်ထားသော MEDUS-12 ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နွေဦးရောင်နီဆေးအဖွဲ့ဝင် ဆရာ / မ များမှ ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများနှင့် ကျန်းမာရေးစစ်ဆေးမှုများကို လာရောက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ယခုအချိန်ခါဟာ သွေးလွန်တုတ်ကွေးရာသီ ဖြစ်နေသောကြောင့် မိမိပတ်ဝန်းကျင်တွင် ခြင် ကြားရင်မှကင်းဝေးနိုင်ရန်အတွက် ဖုံး ၊ သွန် ၊ ခပ် ၊ စစ် ၊ လောင်း ၊ ထောင် ၊ လဲ ၊ ဖွင့် ၊ မြှုပ် ၊ ရှင်း ၊ မှုတ် တို့ကို ကျောင်းသားကလေးလူငယ်များနားလည်စေရန် ဆေးအဖွဲ့က အသေးစိတ်ရှင်းပြမှုများ ပြုလုပ်ပေးသွားတယ်လို့ သတင်းရရှိပါတယ်။ မြစ်ရေတက်ချိန်ကာလဖြစ်သောကြောင့် သွားလာရေးခက်ခဲသော်လည်း စေတနာ မေတ္တာတရားများကို အရင်းခံကာ ကျောင်းသား/ သူ ကလေးသူငယ်များ၏ ကျန်းမာပျှော်ရွှင်စွာ ပညာသင်ယူနိုင်ရေးကို ရှေးရှုပေးပါသော Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့ အား MEDUS-12 မှ တာဝန်ခံမှ ကျေးဇူးအထူးပင် တင်ရှိကြောင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈) ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်း တိတိချီးမြှင့်ခဲ့
ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈)ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်း တိတိချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၈ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ရင်ခွင်သို့လက်နက်နှင့်တကွ ဝင်ရောက်လာသူများစွာ ရှိနေပြီး မိမိတို့ဆီပေးပို့လာသော သတင်းအချက်အလက်များအရ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈) ဦး ကို ၄င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး ကျပ်ငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်းတိတိ ချီးမြှင့်ခဲ့ပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက်နှင့်တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ဥပဒေများဖြင့်အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ဂုဏ်ပြုဆုငွေများဆက်လက်ချီးမြှင့်သွားရန်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှဖမ်းဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ဍအတွင်းတွင် ဇွန်လ၂၅ ရက်နေ့ကမသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ဖော်ပြပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ Ice ၁၁ တောင့် အထုပ် ၂ ထုပ်၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြား၊ 380 ကျည် 3 တောင့်၊ လက်လုပ် သေနတ် ၁ လက်၊ ဟန်းဖုန်း ၂ လုံးနှင့် ပိုက်ဆံ ၁၃၁၆၅၀ ကျပ်ကို သိမ်းဆည်းရမိခဲ့ရာ လက်ဝယ်တွေ့ရှိသူအား နောက်နောင်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဆက်မလုပ်ရန် သတိပေး၍ လွှတ်ပေးခဲ့ပါတယ်။ ၄င်းဖမ်းဆီးမှုဆက်စပ်မှုက တဆင့် ထပ်မံ၍စုံစမ်းစစ်ဆေးချက်အရ ဇွန်လ ၂၆ ရက်နေ့တွင် နေအိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ ကာလပေါက်ဈေး (ကျပ်သိန်းနှစ်ရာ) ခန့် တန်ဖိုးရှိသော Ice တစ်တုံးကို သိမ်းဆည်းရရှိခဲ့ပါတယ်။ သိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး၍ ငွေသားများကို တော်လှန်ရေးကာလ ရံပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ်မှာကာကွယ်ရေးတပ်နဲ့ စကစတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံး
တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ်မှာကာကွယ်ရေးတပ်နဲ့ စကစတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်မှာ စစ်ရေးသတင်းကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ဇွန်လ၂၄ ရက်တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အတွင်းရှိ ကဇိရွာမှကျောက်ဖြူရွာသို့ စကစတပ်များဟာ အင်အား ၅၀ ပါ စစ်ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ထို့နောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနဲ့ ကျောက်ဖြူရွာအနီး အပြန်အလှန်ပစ်ခတ်ကြရာ စကစတပ်ဖွဲ့ဝင် ၄ ဦးသေ၊ ၃ ဦးဒဏ်ရာရကာ ကာကွယ်ရေးရဲဘော်ဘက်မှ ၂ ဦးကျဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။
စကစတပ်များဟာ တိုက်ပွဲဖြစ်ပွားပြီးဇွန်လ ၂၆ ရက်နေ့မှာ ကျောက်ဖြူရွာ၊လောင်းမင်းဘရွာသို့တပ်ဖြန့်ကာ ကျောက်ဖြူရွာမှ နေအိမ် ၃ လုံး၊ စပါးကျီ ၃ လုံးကို မီးရှို့၍ ဝက်နှစ်ကောင်ကိုပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ထို့နောက် စော်ဖျားရွာဘက်သို့ဆုတ်ခွာရာ လမ်းကြောင်းတလျှောက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နဲ့မဟာမိတ်လေးဖွဲ့မှ နှစ်ကြိမ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ ၇ ဦးဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၈။ ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်မှ မြို့တောင်ဘက်ရှိ ကျောင်းရွာရပ်ကွက်နှင့် အနောက်မအုပ်ရပ်ကွက်များဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ထိမှန်သေဆုံး
ချောင်းဦးမြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်မှ မြို့တောင်ဘက်ရှိ ကျောင်းရွာရပ်ကွက်နှင့် အနောက်မအုပ်ရပ်ကွက်များဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။ ဇွန်လ၂၈ ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှသတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ မြို့တောင်ဘက်ရှိ ကျောင်းရွာရပ်ကွက်နှင့် အနောက်မအုပ်ရပ်ကွက်များဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်သည် နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး သားအမိ နှစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားခဲ့တဲ့ သားအမိ နှစ်ဦးမှာ ချောင်းဦးမြို့၊ ကျောင်းရွာရပ်ကွက်မှ ဒေါ်ပေါက် နှင့် သမီးဖြစ်သူ မဝါမိုး တို့ဖြစ်ကြောင်း သိရှိရပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၃၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
No comments:
Post a Comment