၂၀၂၂ ဇွန်လ ၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌European External Action Service (EEAS) ၏ Deputy Managing Director ဖြစ်သူ Paola Pampaloni နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ
📌အရပ်သားထိခိုက်သေဆုံးတဲ့ ဗုံးဖောက်ခွဲမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ်အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ကြိုးပမ်းမှုသာဖြစ်တယ်လို့လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ဖဒရယ် ပညာရေးစနစ်ကို ဖေါ်ဆောင်နေသည့် Myanmar Basic Education Home အနေနဲ့ ကျောင်းသားမိဘများထံ အသိပေးထုတ်ပြန်
📌၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိတ်ပိတ်သိမ်းဆည်းလိုက်တဲ့နေအိမ်နဲ့အဆောက်အဦ ၆၁၇ ခုထက်မနည်းရှိလာ
📌(YRG) အဖွဲ့မှတာဝေးပစ် (60 mm) လက်နက်ကြီးကို အောင်မြင်စွာ ထုတ်လုပ်နိုင်
📌မီတာ ၈၀၀ ခန့်ပစ်နိုင်သော 70mm နှစ်လုံးပြူး ကိုအောင်မြင်စွာထုတ်လုပ်နိုင်
📌ဒီပဲယင်း မြို့နယ်တွင်းက စကစတပ်များကို အရာတော်မြို့နယ်ရွှေတွင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်များက နေအိမ်(၈၉)လုံးကို မီးရှို့ဖျက်ဆီး၍ ရမ်းကားပစ်ခတ်မှုကြောင့်အရပ်သားသုံးဦးသေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌European External Action Service (EEAS) ၏ Deputy Managing Director ဖြစ်သူ Paola Pampaloni နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ
ဇွန်လ ၁ ရက်နေ့မှာ ဥရောပ သမဂ္ဂ မြန်မာက သတင်းထုတ်ပြန်ချက်အရ European External Action Service (EEAS) ၏ Deputy Managing Director ဖြစ်သူ Paola Pampaloni နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး နှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ASEAN အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး အစရှိသည်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် မေလ၂၅ရက်နေ့ကလည်းUK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး (Foreign, Commonwealth & Development Office) ၌ UK နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
========================
📌📌အရပ်သားထိခိုက်သေဆုံးတဲ့ ဗုံးဖောက်ခွဲမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ်အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ကြိုးပမ်းမှုသာဖြစ်တယ်လို့လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
မေလ ၃၁ ရက်နေ့ လူမှုကွန်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလို ရေးသားခဲ့ပါတယ်။
"ရန်ကုန်မြို့ ဘားလမ်းကားမှတ်တိုင်အပါအဝင်တချို့မြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိကြောင်း ကြားသိရတဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်။
အခုလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပါတယ်။ဒီလုပ်ရပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ကြိုးပမ်းမှုသာ ဖြစ်ပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။
မေလ ၃၁ ရက်တွင် ညနေ၃နာရီအချိန် ရန်ကုန်မြို့ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းဘတ်စ်ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲကာ လူဆယ်ဦးထိခိုက်ကာ တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ဖဒရယ် ပညာရေးစနစ်ကို ဖေါ်ဆောင်နေသည့် Myanmar Basic Education Home အနေနဲ့ ကျောင်းသားမိဘများထံ အသိပေးထုတ်ပြန်
ယနေ့တွင် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်၏ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖိနှိပ်နေမှုများကို ဒူးထောက်အညံ့မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကိုဖော်ဆောင်မည့် အရည်အသွေးမြင့် ကြားကာလပြည်သူ့ပညာရေးယန္တရားကို တစ်ခဲနက်လိုလားတောင့်တစွာဖြင့် MBEH Page သို့ အဆက်မပြတ် ဆက်သွယ်မေးမြန်းနေသည်ကို တွေ့ရှိနေရပါသည်။
“ပညာရေးလွတ်လပ်မှု၊ အတွေးအခေါ်လွတ်လပ်မှုအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို တခဲနက် လိုလားတောင့်တပြီး စစ်အာဏာရှင်ပညာရေးစနစ်အောက် မသင်ကြားလိုတဲ့ ပြည်သူတွေအတွက် NUG MOE ရဲ့ အောက်ပါအစီအစဉ်တွေမှာ အတန်းအဆင့်နောက်ကျကျန်နေခဲ့မည်ကို လုံးဝစိုးရိမ်ပူပန်နေရန် မလိုအပ်ဘဲ အတန်းအဆင့်ဆင့်တက် သင်ယူနိုင်ပါတယ်"
NUG MOE တွင် ကျောင်းသားစာရင်းသွင်းကြရန် "လက်လှမ်းမမီနိုင်တဲ့ ကလေးများကိုလည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ ပြည်သူများထံသို့ ပန်ကြားတောင်းဆိုအပ်ပါတယ်။
ပညာရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရေးအဖွဲ့အစည်းများ၊ Social Influencers များ၊ အနုပညာရှင်များ၊ ပြည်သူများအားလုံးအနေဖြင့်လည်း ပြည်သူများ၊ မိဘများ၊ ကလေးထံသို့ သတင်းစကားပါးပေးခြင်း၊ ကလေးများအားလုံးပါဝင်သင်ယူနိုင်အောင် လက်ဆင့်ကမ်းနှိုးဆော်ကူညီပေးခြင်းများကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ NUG MOE ရဲ့ Channels တွေမှာ အတန်းစုံ သင်ရိုးကုန် သင်ယူနိုင်ပါတယ်။
========================
📌📌၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိတ်ပိတ်သိမ်းဆည်းလိုက်တဲ့နေအိမ်နဲ့အဆောက်အဦ ၆၁၇ ခုထက်မနည်းရှိလာ
ဇွန်လ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ကြေညာချက်ထဲမှာ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိတ်ပိတ်သိမ်းဆည်းလိုက်တဲ့နေအိမ်နဲ့အဆောက်အဦ ၆၁၇ ခုထက်မနည်းရှိလာတယ်လို့ ဖေါ်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီမှ မေလ ၁၀ ရက် ရရှိထားသော စာရင်းများအရ လွှတ်တော် ကိုယ်စားလှယ် ၁၂၀ ဦးအပါအဝင် စုစုပေါင်းပါတီဝင်၂၀၉ ဦးတို့ရဲ့ နေအိမ် အဆောက်အဦများလည်း ချိတ်ပိတ်ခံခဲ့ရပါတယ်။
စကစတပ်များဟာ အကြောင်းမဲ့နေအိမ်များကိုချိတ်ပိတ်ရုံသာမက ၄င်းတို့အလိုရှိသော လူများနေအိမ်တွင်မရှိပါက ဖျက်ဆီးရမ်းကားခြင်းတို့လည်း ပြုမူဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌(YRG) အဖွဲ့မှတာဝေးပစ် (60 mm) လက်နက်ကြီးကို အောင်မြင်စွာ ထုတ်လုပ်နိုင်
YesagyoRevolution Group (YRG) အဖွဲ့မှတာဝေးပစ် (60 mm) လက်နက်ကြီးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ တာဝေးပစ် (60 mm) လက်နက်ကြီးကို ပစ်ခတ်စမ်းသပ်ပြခဲ့ပါတယ်။
"စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသော ကျွန်တော်တို့ YesagyoRevolution Group (YRG) အဖွဲ့သည် တာဝေးပစ် (60 mm) လက်နက်ကြီးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါလက်နက်ကြီးကိုအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော်လည်းဆက်လက်၍ထုတ်လုပ်နိုင်ရန်အတွက် အကူအညီထောက်ပံ့မှုများလိုအပ်နေတယ်လို့လည်းသိရပါတယ်။ စကစတပ်များဟာ ရေစကြိုမြို့နယ်အတွင်း အင်အားတိုးချဲ့လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရေး အသည်းအသန်လုပ်ဆောင်နေရပါတယ်။
========================
📌📌မီတာ ၈၀၀ ခန့်ပစ်နိုင်သော 70mm နှစ်လုံးပြူး ကိုအောင်မြင်စွာထုတ်လုပ်နိုင်
KGZ တပ်ဖွဲ့ မှ မီတာ ၈၀၀ ခန့်ပစ်နိုင်သော 70mm နှစ်လုံးပြူး ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်းကိုဇွန်လ ၁ ရက်နေ့မှာ Karenni Generation Z (KGZ) မှ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။
"KGZ တပ်ဖွဲ့ မှ မီတာ ၈၀၀ ခန့်ပစ်နိုင်သော 70mm နှစ်လုံးပြူး ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး မိဘပြည်သူများမှ ပေးပို့လှူဒါန်းခဲ့သော အလှူငွေများမှ စုစုပေါင်း သိန်း ၁၇၀ ဖိုးခန့် ကုန်ကြမ်းများကိုလဲ ဝယ်ယူစုဆောင်းပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ လက်နက်ကြီးအတွက်ပေါက်ကွဲအားကောင်းမွန်စေရန် အရည်သွေးကောင်းယမ်းများကိုလဲထပ်မံလိုအပ်နေသေးတယ်လို့ Karenni Generation Z (KGZ)မှသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌ဒီပဲယင်း မြို့နယ်တွင်းက စကစတပ်များကို အရာတော်မြို့နယ်ရွှေတွင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်များက နေအိမ်(၈၉)လုံးကို မီးရှို့ဖျက်ဆီး၍ ရမ်းကားပစ်ခတ်မှုကြောင့်အရပ်သားသုံးဦးသေဆုံးခဲ့
ဇွန်လ ၁ ရက် နေ့ဒေသခံ သတင်းအရင်းအမြစ်များအတည်ပြုချက်အရ မေလ (၂၅) ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့များ အရာတော်မြောက်နယ်ကို စစ်ကြောင်းလှည့်စဉ်က ရွှေတွင်းကုန်းကျေးရွာတွင် ပြည်သူ့နေအိမ် (၈၉) လုံး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သီးနှံသိုလှောင်သည့် စပါးကျီများ၊ လယ်ယာသုံးစက်ပစ္စည်းများကိုပါ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရွာအတွင်းသို့ ဝင်ရောက်လာသောစစ်ကောင်စီတပ်ဖွဲ့များပစ်ခတ်မှုကြောင့် ရွှေတွင်းကုန်းကျေးရွာမှ အသက် (၆၈) နှစ်အရွယ်နှင့် (၆၇) နှစ်အရွယ် သက်ကြီး (၂) ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ရွှေတွင်းကုန်းအနီး အိုးဖိုကုန်းမှ အသက် (၃၅) နှစ်အရွယ် အရပ်သားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
No comments:
Post a Comment