30th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံဘဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက  ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်

📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF တွေကို ချေမှုန်းနိုင်ခြင်းမရှိတော့လို့ စစ်ကောင်စီဟာ ပြည်သူ့နေအိမ်တွေကိုမီးရှို့ပြီး ပြည်သူတွေကိုသတ်ဖြတ်နေခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ လူနာပေါင်း ၂၈၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီးအဓိကခွဲစိပ်မှု ၈၈၆ ခုကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နိုင်ခဲ့

📌 ၄။ တော်လှန်ရေး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ အင်အားဆုတ်ယုတ်မှု များလာပြီး နွေဦးတော်လှန်ရေးမှာ အင်အားပိုကောင်းလာတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၅။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီကထုတ်ပြန်

📌 ၆။ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၊ တပ်ခွဲ သံမဏိ Force - MPDFသို့ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) မှ လက်နက်ခဲယမ်းများ ဝယ်ယူထုတ်လုပ်တပ်ဆင်နိုင်ရေးအတွက် ကျပ်သိန်း ( ၁၀၀ ) တိတိ ထောက်ပံ့ကူညီ

📌 ၇။ ဗန်းမောက်မြို့တောင်ပိုင်း စီးမော် - သောင်ကြီး အနီး KIA နဲ့ ပူးပေါင်းတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ဦး သေ၊ ဦး အရှင်ဖမ်းဆီးရမိ

📌 ၈။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်စတင်လည်ပတ်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံဘဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက  ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်


ဇွန်လ ၃၀ ရက်နေ့ မှာကြေညာချက်အမှတ် (၁၃/၂၀၂၂) ကိုအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီကို အပြီးသတ်ဖျက်သိမ်း၍ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တလျှက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းရေးအတွက် အားသွန်ကြိုးပမ်းလျက်ရှိသော အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားညီနောင်မဟာမိတ်တို့၏ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်းတွေ့ရပါတယ်လို့ဆိုပါတယ်။


ထိုသို့သော သတင်းတု၊ သတင်းယောင်၊ သတင်းမှားများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့အား အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဉ်များပါ ချမှတ်ထားသယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချိနေသော သတင်းမှားတစ်ခုလည်း ပါဝင်နေသည်ကို တွေ့ရပြီး ထိုကဲ့သို့သော သတင်းမှားမှာ ယခုအကြိမ်တွင် သာမက လွန်ခဲ့သော () ခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခုကို လူပုဂ္ဂိုလ်အချို့က လုပ်ကြံဖန်တီးကာ  နိုင်ငံတကာအဝန်းအဝိုင်းသို့ ပေးပို့ခဲ့ဖူးသည့် သာဓကတစ်ခုလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်း၍ လူ့အဖွဲ့အစည်း ကို မလုံခြုံမှုများဖြစ်စေသည့်  အကြမ်းဖက်စစ်အာဏာရှင်ခေါင်းဆောင် များသည်သာလျင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး  နှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်သည်ဟု သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများအား လေးစားတန်ဖိုးထားလျက်  ကြိုးစားဆောင်ရွက် နေခြင်းဖြစ်ပါတယ်။


ယခုကဲ့သို့ တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချိနေသည့် သတင်းမှားတွင် ပါဝင်သည့် လုပ်ရပ်မျိုးမှာ အမျိုးသားညီညွတ်ရေး အစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်များဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မည်သည့်နည်းနှင့်မျှ လုပ်ကိုင်ဆောင်ရွက်သွားမည် မဟုတ်ပါ။ 


နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံပဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက  ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF တွေကို ချေမှုန်းနိုင်ခြင်းမရှိတော့လို့ စစ်ကောင်စီဟာ ပြည်သူ့နေအိမ်တွေကိုမီးရှို့ပြီး ပြည်သူတွေကိုသတ်ဖြတ်နေခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇွန်လ၂၉ ရက် ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောပါတယ်။


"စစ်ကိုင်းနဲ့မကွေးမှာ တကယ်တော့ သူတို့က PDF တွေကို အပြတ်ချေမှုန်းဖို့လုပ်တာပဲ။ ဒါပေမဲ့သူတို့မချေမှုန်းနိုင်တော့ဘူး။ မချေမှုန်းနိုင်တဲ့အခါကြတေည့ ပြည်သူကို ဒုက္ခပေးလာတဲ့သဘောရှိတယ်။ ပြည်သူတွေရဲ့ အိမ်ကိုမီးရှို့တယ်။ပြည်သူတွေကို သတ်တယ်။ဒါတော်တော်လေးကို ပြည်သူလူထု ဒုက္ခရောက်တာပေါ့"လို့ဝန်ကြီးကပြောပါတယ်။


စစ်ကောင်စီတပ်များဟာ နယ်မြို့များမှာ အရပ်ငါးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနဲ့မီးရှို့သတ်ရာမှာ လူ ၁၇၀ ကျော်ကို သတ် ဖြတ်ခဲ့ကြောင်း လူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ လူနာပေါင်း ၂၈၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီးအဓိကခွဲစိပ်မှု ၈၈၆ ခုကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နိုင်ခဲ့


တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ လူနာပေါင်း၂၈၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပြီးအဓိကခွဲစိပ်မှု ၈၈၆ ခုကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နိုင်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


ဇွန်လ ၂၉ ရက် သီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထည့်သွင်းပြောကြားခဲ့ပါတယ်။


"စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလကနေ ၂၀၂၂ ခုနှစ် မေလအထိ လူနာပေါင်း ၂၈၃၂၁ ဦးကို ကုသပေးနိုင်ခဲ့တယ်။ ပြင်ပလူနာအနေနဲ့  ၂၅၉၅၉ ဦးပေါ့။ အဓိကခွဲစိပ်မှုအနေနဲ့ ၈၈၆ ခုကိုလုပ်နိုင်ခဲ့တယ်။ အဲဒီမှာသာမာန် ခွဲစိပ်မှုပေါင်း ၈၆၈ ခုလုပ်နိုင်ခဲ့တယ်"လို့ဝန်ကြီးကပြောပါတယ်။ ဒါ့အပြင် ရိုးရိုးမီးဖွားပေးမှု ၃၀၀ ဦး၊ ခွဲစိပ်မီးဖွားပေးမှု ၁၅၁ ဦးရှိခဲ့ပါတယ်။


"ကျနော်တို့အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနေတယ်။ တစ်ဖက်က လူမှုရေးတွေ၊ကျန်းမာရေးတွေ ဘယ်လောက်ပဲ ဖျက်ဆီး၊ဖျက်ဆီး တစ်ဖက်က ကျနော်တို့က တိုင်းပြည်ကိုတည်ဆောက်နေပြီးတော့ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အစွမ်းကုန်ပေးဖို့ကြိုးစားနေတယ်လို့ပြောလို့ရတယ်"လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ တော်လှန်ရေး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ အင်အားဆုတ်ယုတ်မှု များလာပြီး နွေဦးတော်လှန်ရေးမှာ အင်အားပိုကောင်းလာတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို


တော်လှန်ရေး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ အင်အားဆုတ်ယုတ်မှု များလာပြီး နွေဦးတော်လှန်ရေးမှာ အင်အားပိုကောင်းလာတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။ ဇွန်လ ၂၉ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က  စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ CDM ဝန်ထမ်းများကို  Zoom ဖြင့် တွေ့ဆုံအားပေးစကားပြောကြားစဥ်ပြောခဲ့ပါတယ်။


"တော်လှန်ရေးကာလတွင် CDM ဝန်ထမ်းများသည် မိသားစုနှင့် လူမှုအခက်အခဲများစွာကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရသည်ကို စာနာနားလည်ပါကြောင်းနှင့် လေးစားဂုဏ်ယူပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် CDM အားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသော်လည်း အရေးပေါ် အကူအညီလိုအပ်သည့် ဝန်ထမ်းများကို ထောက်ပံ့ပေးနေပါကြောင်း၊တော်  လှန်ရေး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ အင်အားဆုတ်ယုတ်မှု များလာပြီး နွေဦးတော်လှန်ရေးမှာ အင်အားပိုကောင်းလာပါကြောင်း"ဝန်ကြီးကပြောပါတယ်။


တက်ရောက်လာသူ CDM ဝန်ထမ်းများက ပြန်လည်တင်ပြဆွေးနွေးရာတွင် CDM ဝန်ထမ်းများအနေဖြင့် စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးအခက်အခဲ၊ အလုပ်အကိုင်ရရှိရန် အခက်အခဲများရှိပါကြောင်း၊ အဆိုပါအခက်အခဲများရှိသော်လည်း စိတ်ဓါတ်ကျ အားလျှော့ခြင်းမရှိဘဲ ဆက်လက် တော်လှန်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးတွင် မပါဝင်သည့် Non CDM ဝန်ထမ်းများကို တော်လှန်ရေးပြီးဆုံးချိန်တွင် မဖြစ်မနေ အရေးယူရန် လိုအပ်ကြောင်း၊ မိမိတို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်နေရုံမျှမက တော်လှန်ရေးအတွက် လိုအပ်သည့် နေရာများတွင် တတ်အားသရွေ့ အားဖြည့်ပါဝင်နေကြပါကြောင်းတင်ပြခဲ့ပါတယ်။


တွေ့ဆုံပွဲကို ဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ ဌာနအသီးသီးမှ CDM ဝန်ထမ်း (၄၅) ဦး တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီကထုတ်ပြန်


ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီကထုတ်ပြန်ပါတယ်။ ဇွန် ၂၉ ရက်နေ့ရက်စွဲနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်လိုက်တာပါ။


ထုတ်ပြန်ချက်အရ မေလ (၂၄) ရက်နေ့ ကျင်းပပြုလုပ်တဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ပုံမှန် အစည်းအဝေးမှာ အစုအဖွဲ့အားလုံးက မူအရ သဘောတူညီမှုအရ လည်းကောင်း၊ဇွန်လ (၁၅) ရက်နေ့ ကျင်းပပြုလုပ်တဲ့ ကောင်စီပုံမှန်အစည်းအဝေးမှာ ထပ်ဆင့်ဆုံးဖြတ်သဘောတူညီမှုအရလည်းကောင်း သဘောတူညီတယ်လို့ဆိုထားပါတယ်။


ဒါ့အပြင်ကိုးကားထားချက်အရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း () အခန်း () ပုဒ်မ (၅၂) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး  ချင်းပြည်နယ်အတွင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း တွေဆောင် ရွက်ဖို့အတွက် ဖွဲ့စည်းထားပြီးဖြစ်သော မြို့နယ်/ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အသိအမှတ် ပြုတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၆။ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၊ တပ်ခွဲ သံမဏိ Force - MPDFသို့ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) မှ လက်နက်ခဲယမ်းများ ဝယ်ယူထုတ်လုပ်တပ်ဆင်နိုင်ရေးအတွက် ကျပ်သိန်း ( ၁၀၀ ) တိတိ ထောက်ပံ့ကူညီ


မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၊ တပ်ခွဲ သံမဏိ Force - MPDFသုိ့ ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) မှ လက်နက်ခဲယမ်းများ ဝယ်ယူထုတ်လုပ်တပ်ဆင်နိုင်ရေးအတွက် ကျပ်သိန်း ( ၁၀၀ ) တိတိ ထောက်ပံ့ကူညီခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၊ တပ်ခွဲ သံမဏိ Force - MPDFမှ ဗိုလ်သံမဏိက လူမှုကွန်ရက်မှာပြောကြားပါတယ်။


"ကျနော်တို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၊ တပ်ခွဲ သံမဏိ Force - MPDF သို့ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) မှ လက်နက်ခဲယမ်းများ ဝယ်ယူထုတ်လုပ်တပ်ဆင်နိုင်ရေးအတွက် ကျပ်သိန်း ( ၁၀၀ ) တိတိ ထောက်ပံ့ကူညီပေးအပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်သားများဟာ မိခင်ဌာနဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) ရဲ့ လမ်းညွှန်ချက်များနှင့်အညီ တော်လှန်ရေး အောင်လံ လွှင့်ထူနိုင်တဲ့အထိ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးကို တော်လှန်ရေးရဲဘော်ညီအကိုများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိသစ္စာပြုအပ်ပါတယ်လို့သံမဏိ Force - MPDFကထုတ်ပြန်ပါတယ်။


========================


📌📌 ၇။ ဗန်းမောက်မြို့တောင်ပိုင်း စီးမော် - သောင်ကြီး အနီး KIA နဲ့ ပူးပေါင်းတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ဦး သေ၊ ဦး အရှင်ဖမ်းဆီးရမိ


ဗန်းမောက်မြို့တောင်ပိုင်း စီးမော် - သောင်ကြီး အနီး KIA နဲ့ ပူးပေါင်းတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် ဦး သေ၊ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၉ ရက်မှာ Banmauk Revolution ကစစ်ရေးသတင်းကိုထုတ်ပြန်ပါတယ်။


ဇွန်လ၂၈ ရက် ညပိုင်းနှင့် ၂၉ ရက်မနက်ပိုင်းတွင် စီးမော် - သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KIA + ကသာတပ်ရင်း (ဗန်းမောက် PDF+အင်းတော်PDF) + ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ရာ စကတပ်က ငါးဦး သေဆုံးပြီး ငါးဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။ ကာကွယ်ရေးတပ်များဘက်မှ ထိခိုက်မှု တစုံတရာ မရှိဘူးလို့သိရပါတယ်။ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၈။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်စတင်လည်ပတ်မယ်


NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်စတင်လည်ပတ်မယ်လို့ဆိုပါတယ်။ NUGPay ကို စတင်အသုံးပြုနိုင်ဖို့ သုံးစွဲသူတွေ အနေနဲ့ NUGPay Agent ထံမှာ မဖြစ်မနေ Activate လုပ်ရမှာ ဖြစ်ပါတယ်။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပြီး တဆင့်ချင်းဆီ လွှမ်းခြုံသွားမှာလည်းဖြစ်ပါတယ်။


NUGPay account ဖွင့်ဖို့ သိကောင်းစရာတွေကို NUGPay လူမှုကွန်ရက်စာမျက်နှာမှာ ပြည့်စုံစွာဖော်ပြထားပါတယ်။ NUGPay ဟာ မတရား အာဏာရယူထားတဲ့ စစ်အုပ်စုဆီကနေ ပြည်သူ့အာဏာကို ပြန်လည်ရယူနိုင်ဖို့ ယာဉ်ရထားတစ်ခုအနေနဲ့ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment