4th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

📌နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး   ၂၀၂၂ ခုနှစ် မေလ အတွင်း သွားရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု ခရီးစဥ်နှင့် ပက်သက်၍ သတင်းထုတ်ပြန်ကြေညာ

📌ချင်းပြည်နယ် ပြည်သူလူထု တစ်သိန်းနီးပါးဟာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌တနင်္သာရီတိုင်းက အကြမ်းမဖက် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာကြောင်း Southern Monitor ကဖော်ပြ

📌Loikaw PDF တပ်ရင်းမှ ကရင်နီ (ကယား) ပြည်အတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ငွေ ချီးမြှင့်နိုင်စေရန် " ကျပ်သိန်းသုံးရာတိတိ " အား  JFK ထံ ထည့်ဝင်လှူဒါန်း

📌CDM ထောက်ပံ့သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးလာတဲ့အတွက် ထောက်ပံ့သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး မလုံခြုံမှုကိုခံစားနေရ

📌NUG အစိုးရတာဝန်ရှိသူတွေအနေနဲ့ PDF ကိုထောက်ပံ့တဲ့အထဲက ၁၀ရာခိုင်နှုန်းလောက်ကို CDM သမားတွေအတွက် ခွဲတမ်းပေးစေချင်တယ်လို့ တက္ကသိုလ်ဆရာသမဂ္ဂများ CDM Supporting ကော်မတီ တာဝန်ရှိသူကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌၁။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်နေ့တွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဝန်ကြီးဌာန၏ မူဝါဒများ၊ အမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံတကာက အသိအမှတ်ပြုရေးအတွက် လုပ်ဆောင်နေမှုများ၊ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ နှင့် ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။


တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပြီးရေးရာကော်မတီများမှ လည်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး   ၂၀၂၂ ခုနှစ် မေလ အတွင်း သွားရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု ခရီးစဥ်နှင့် ပက်သက်၍ သတင်းထုတ်ပြန်ကြေညာ


ဇွန်လ ရက်နေ့ ထုတ်ပြန်ချက်အရ ဝါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလ အတွင်း အမေရိကန်ပြည်ထောင်စု သို့ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိခဲ့ပါတယ်။


အဆိုပါခရီးစဥ်အတွင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယနိုင်ငံခြားရေး၀န်ကြီးအပါအ၀င် အဆင့်မြင့်အရာရှိကြီးများ၊ အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်ခေါင်းဆောင် အပါအ၀င် လွှတ်တော်ကိုယ်စား လှယ်များ၊ အာဆီယံ မှ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံလျက် သံတမန်ရေး အရအရေးကြီးသော အစည်း၀ေးများ ကျင်းပ နိုင်ခဲ့သည့်အတွက် ဖိတ်ကြား စီစဥ် ပေးသော အမေရိကန် ပြည်ထောင်စု အစိုးရ နှင့် တာဝန်ရှိသူများအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) မှလှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြထားပါတယ်။


ခရီးစဥ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန် Mrs. Wendy Sherman နှင့် တွေ့ဆုံခဲ့ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ပေါ်ပေါက်လာနိုင်ရေးအတွက် မြန်မာပြည်သူ တို့၏ စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းနေမှုများနှင့် စပ်လျဥ်းသည့် ကျင့်၀တ်ဆိုင်ရာကိစ္စရပ်များအပါအဝင် အကြမ်းဖက် စစ်အုပ်စု ၏တရားမဲ့ အုပ်စိုးမှုအောက်တွင် ဘေးဒုက္ခအန္တရယ်ကျရောက်နေသည့် မြန်မာပြည်သူများ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရေး တို့အား နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်။


အလားတူ အမေရိကန် သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး - Rob Berschinski ( Special Assistance to the President- S. Director for Democracy & Human Rights) နှင့် လည်း ကောင်း၊မလေးရှားနိုင်ငံခြားရေး၀န်ကြီး နှင့်လည်းကောင်း၊အမေရိကန်အထက်လွှတ်တော် ရီပတ်ပလင်ကင်ခေါင်းဆောင်  နှင့်လည်းကောင်း အသီးသီးတွေ့ဆုံနိုင်ခဲ့ပါတယ်လို့ထုတ်ပြန်ထားပါတယ်။


========================


📌📌၃။ချင်းပြည်နယ် ပြည်သူလူထု တစ်သိန်းနီးပါးဟာ နေရပ်စွန့်စွာတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဥ်ကျင်းပတဲ့ ချင်းပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်မှုဆိုင်ရာဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကအခုလိုဆိုခဲ့ပါတယ်။


"အခုဆိုရင် စာရင်းဇယားတွေအရ ၂၀ ရာခိုင်နှုန်းသော ချင်းပြည်သူလူထု တစ်သိန်းနီးပါးဟာ ပြည်တွင်းကိုနေရပ်စွန့်ခွာပြီး နယ်နမိတ်ချင်းထိစပ်နေတဲ့ မီဇိုရမ်၊မဏိပူရ စသဖြင့် ဒေသတွေမှာ ဒုက္ခ သည်အဖြစ်နေထိုင်နေကြရတယ်။သူတို့မှာ လက်တွေ့ လူသာစချင်းစာနာမှု အကူအညီလိုအပ်မှုနဲ့ကြုံတွေ့နေရတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါ ချင်းပြည်နယ်မှ နေရပ်စွန့်ခွာတိမ်းရှောင်နေသော ပြည်သူလူထုအား ပြည်သူမှပြည်သူသို့ အကူအညီပေးမှုဖြင့် NUG အစိုးရက ဆောင်ရွက်ပေးနေတယ်လို့ ဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌၄။တနင်္သာရီတိုင်းက အကြမ်းမဖက် လူထုလှုပ်ရှားမှုများ ပြန်လည်အားကောင်းလာကြောင်း Southern Monitor ကဖော်ပြ


ယခုလပိုင်းအတွင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အချို့မှာ လက်နက်ကိုင်တိုက်ပွဲများနှင့် အကြမ်းဖက်ပဋိပက္ခ ဖြစ်စဉ်များ မြင့်တက်လာနေသော်လည်း အကြမ်းမဖက်လူထုလှုပ်ရှားမှုများ တကျော့ပြန် အားကောင်းလာနေကြောင်း တွေ့ရတယ်လို့ Southern Monitor ကဆိုထားပါတယ်။


Southern Monitor က ပြုစုထားသည့် အချက်အလက်များအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့သည့် လူထုလှုပ်ရှားမှု ၂၉ ကြိမ်မှာ ပြည်သူ ပါဝင်မှု ဦးရေ ၂၇၄ ဦး၊ ဖေဖော်ဝါရီလမှာ လူထုလှုပ်ရှားမှု ၆၉ ကြိမ်မှာ ပြည်သူပါဝင်မှု ဦးရေ ၇၇၄ ဦး၊ မတ်လမှာ လူထုလှုပ်ရှားမှု ၄၂ ကြိမ်မှာ ပြည်သူပါဝင်မှု ၄၅၄ ဦး၊ ဧပြီလမှာ လူထုလှုပ်ရှားမှု ၆၁ ကြိမ်မှာ ပြည်သူပါဝင်မှု ၁၂၉၃ ဦး၊ မေလမှာ လူထုလှုပ်ရှားမှု ၄၉ ကြိမ်မှာ ပြည်သူပါဝင်မှု ၁၄၇၈ ဦးအထိ ပါဝင်ခဲ့ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။


 အကြမ်းမဖက်လူထုလှုပ်ရှားမှုများကို ရေတွက်ရာတွင် မြို့ပေါ်သပိတ်နှင့် ကျေးလက်သပိတ်များ၊ အဖွဲ့လိုက် အသေးစား ဆန္ဒထုတ်ဖော်မှုများ၊ ညသပိတ်နှင့် ဆုတောင်းပွဲများ၊ အသံတိတ်သပိတ်၊ သံပုံတီးသပိတ်၊ ပိုစတာများ သင်္ကေတများ ဆိုင်းဘုတ်များဖြင့် ဆန္ဒထုတ်ဖော်သည့် အွန်လိုင်းကမ်းပိန်းများ ပါဝင်ပါတယ်။


========================


📌📌၅။Loikaw PDF တပ်ရင်းမှ ကရင်နီ (ကယား) ပြည်အတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ငွေ ချီးမြှင့်နိုင်စေရန် " ကျပ်သိန်းသုံးရာတိတိ " အား  JFK ထံ ထည့်ဝင်လှူဒါန်း


ဇွန်လ ရက်နေ့မှာ Loikaw PDF တပ်ရင်းမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး စတင်သည့်အချိန်ကတည်းက စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးတပ်ဦးမှ တိုက်ပွဲဝင်တော်လှန်ခဲ့ကြသည့် သူရဲကောင်း CDM ဝန်ထမ်းများ၏ ပေးဆပ်အနစ်နာခံမှုများကို မမေ့မလျော့ ဂုဏ်ပြုသည့်အနေဖြင့် မိမိတို့ Loikaw PDF တပ်ရင်းမှ ကရင်နီ (ကယား) ပြည်အတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ငွေ ချီးမြှင့်နိုင်စေရန် " ကျပ်သိန်းသုံးရာတိတိ " အား  JFK ထံ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ လှူဒါန်းငွေကြေးဟာ တောင်တန်းဂီတ လက်မှတ်များ ရောင်းရငွေမှ ပမာဏ တစ်ခု ဖြစ်တယ်လို့လည်းသိရပါတယ်။ 


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 


📌📌၆။CDM ထောက်ပံ့သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးလာတဲ့အတွက် ထောက်ပံ့သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး မလုံခြုံမှုကိုခံစားနေရပါတယ်။


 ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက CDM ထောက်ပံ့သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထောက်ပံ့တဲ့အလုပ်ကို စနစ်တကျလုပ်ဖို့ ပိုခက်ခဲလာတယ်လို့ CDM ထောက်ပံ့သူတစ်ဦးကဆိုပါတယ်။ 


လေးကေ့ကော်ရောက် CDM ထောက်ပံ့သူတစ်ဦး


CDM ဝန်ထမ်းတွေကို ပိုက်ဆံညှစ်ဖို့အတွက် စစ်ကောင်စီက ၅၀၅ ထုတ် ဖမ်းဆီးလိုက် ပြန်လွှတ်လိုက်ပုံစံမျိုးနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မျိုးစလုံးကို ထိခိုက်အောင်ပြုလုပ်နေပါတယ်။ ကူညီသူတွေဟာလည်း မြို့ပေါ်မှာနေထိုင်ပြီး ပေါ်ပေါ်တင်တင်အလှူခံတာမျိုးလုပ်ဖို့ အခြေအနေလုံးဝမပေးတော့ဘူးလို့ကျန်းမာရေး CDM ထောက်ပံ့သူတစ်ဦးက ဆိုပါတယ်။


ကျန်းမာရေး CDM ထောက်ပံ့သူတစ်ဦး


မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းစုစုပေါင်း ၁၂ သိန်းကျော်လောက်ရှိပြီး အဲ့ဒီအထဲက ဌာနစုံဝန်ထမ်းအများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီယန္တရားတွေမလည်ပတ်နိုင်အောင် CDM ဝန်ထမ်းတွေက အဓိကအားဖြည့်ပေးခဲ့တာကြောင့် တော်လှန်ရေးဟာ မျှော်မှန်းထားတာထက်ပိုပြီးအားကောင်းခဲ့တာဖြစ်ပါတယ်။ 


ဒီသတင်းကိုနွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌၇။NUG အစိုးရတာဝန်ရှိသူတွေအနေနဲ့ PDF ကိုထောက်ပံ့တဲ့အထဲက ၁၀ရာခိုင်နှုန်းလောက်ကို CDM သမားတွေအတွက် ခွဲတမ်းပေးစေချင်တယ်လို့ တက္ကသိုလ်ဆရာသမဂ္ဂများ CDM Supporting ကော်မတီ တာဝန်ရှိသူကပြောပါတယ်။


ဝန်ထမ်းတွေဟာ အချိန် ၁၅ လနီးပါးကြာချိန်မှာတော့ ဆိုးရွားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။ ပညာရေးဝန်ထမ်းတွေကို အကူအညီပေးဖို့ တက္ကသိုလ်ဆရာသမဂ္ဂများ CDM Supporting ကော်မတီကိုဖွဲ့စည်းထားပြီး တက္ကသိုလ်ဆရာ၊ ဆရာမတွေသာမက အခြေခံပညာက ဆရာ၊ ဆရာမတွေကို အဓိကပံ့ပိုးပေးနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ အလှူရှင်တွေလက်ပန်းကျလာတယ်လို့ဘတက္ကသိုလ်ဆရာသမဂ္ဂများ CDM Supporting ကော်မတီတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ 


တက္ကသိုလ်ဆရာသမဂ္ဂများ CDM Supporting ကော်မတီတာဝန်ရှိသူတစ်ဦး


စစ်ကောင်စီက CDM ဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့နည်းမျိုးစုံနဲ့ဖိအားပေးနေတာ၊ သူတို့စကားနားမထောင်တဲ့သူတွေကို ၅၀၅ ထုတ်ပြီး အဖမ်းအဆီးကြမ်းလာတာတွေကြောင့် CDM ဝန်ထမ်းတချို့ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။ ဒီဝန်ထမ်းတွေကို အကူအညီပေးဖို့ ပံ့ပိုးကူညီသူတွေကျေနပ်အောင် ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်ပေးပြီး ကြိုးစားအလှူခံနေရတယ်လို့ ထောက်ပံ့သူတစ်ယောက်ကပြောပါတယ်။


CDM ထောက်ပံ့သူ ကျောင်းဆရာတစ်ဦး


အာဏာသိမ်း စစ်ကောင်စီက အာဏာရေးဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို ၂၀၂၁ မတ်လကတည်းက ဆက်တိုက်ဖိအားပေးနေရာကနေ  မေလထဲမှာတော့ တစ်နိုင်ငံလုံးက အခြေခံပညာ CDM ဝန်ထမ်း တစ်သိန်းနှစ်သောင်းကျော်ကို အလုပ်ကနေရပ်နားကြောင်းထုတ်ပြန်ခဲ့ပါတယ်။ 


ဒီသတင်းကိုနွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment