၂၀၂၂ ဇွန်လ ၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖွဲ့စည်းခြင်းတနှစ်ပြည့်အခမ်းအနားအားကျင်းပပြုလုပ်
📌 ၃။ ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
📌 ၄။ ဖျောင်းထက် တော်လှန်ရေးဖလား ရန်ပုံငွေပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်
📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဉ်တွင် အမေရိကန်ရောက် မြန်မာပြည်ဖွားများ အားတက်သရောပါဝင်ပူးပေါင်း
📌 ၆။ မိုးကုတ်ဖက်ဒရယ်ကျောင်းတွင် တန်းခွဲအသစ်များအတွက် ကျောင်းသားသစ်လက်ခံတဲ့ရက် တိုးမြှင့်
📌 ၇။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဘားအံတက္ကသိုလ်မှ တတိယနှစ် သင်္ချာအထူးပြုကျောင်းသား တစ်ဦးကို စစ်တပ်ကဖမ်းဆီး၍ သတ်ဖြတ်ခဲ့
📌 ၈။ ကန့်ဘလူမြို့နယ်၊ နှောကုန်းရွာကိုစကစတပ်က မီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
နွေဦးတော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာအကြောင်းတော့ မရှိပါဘူး"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ စကစတပ်များကို နိုင်ငံအဝှမ်း ခုခံတော်လှန်စစ်များဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား ၁၃၀၆၂ ဦးသေဆုံးကာ ၄၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖွဲ့စည်းခြင်းတနှစ်ပြည့်အခမ်းအနားအားကျင်းပပြုလုပ်
ယမန်နေ့ (၅၊ ၆၊၂၀၂၂) တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဖွဲ့စည်းခြင်းတနှစ်ပြည့်အခမ်းအနားကို Zoom မှတဆင့် ည ၇ နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကအဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး အတွင်းဝန်များဖြစ်သော ဦးစောစံအေးနှင့် ဦးထက်နိုင်ဦးတို့က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ထို့နောက် ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်းက CDM ဝန်ထမ်းများနှင့် ရင်းနှီးစွာ စကားပြောဆိုခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိ CDM ဝန်ထမ်းများက CDM success committee ၏ Task force များတွင် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူချစ်အနုပညာရှင် ကိုပေါက်က မိတ်ဆက်စကားပြောကြားပြီး CDMဝန်ထမ်းများအား အေးအတူပူအမျှနှင့် ဆည်းလည်းခတ်သံ သီချင်းများ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ထို့အပြင် CDM ပြည်သူ့စစ်သားတစ်ဦးဖြစ်သော Captain Zero ကလည်း ခွန်အားဖြည့်မိငယ်နှင့် မေမေနေကောင်းလား သီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ CDM ဝန်ထမ်းများကလည်း အလိုမရှိ၊ ခွန်အားဖြည့်မိငယ်နှင့် သွေးသစ္စာသီချင်းများအား သံပြိုင်သီဆိုခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အဆုံးမှာ ဝန်ထမ်းတစ်ဦးက မုဒိတာစကားပြောကြားပြီး ည ၉ နာရီခွဲချိန်တွင် ရပ်နားခဲ့ပါတယ်။ အခမ်းအနားအား CDM ဝန်ထမ်းသုံးရာကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၃။ ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုလိုက်ပါတယ်။ ဇွန်လဆန်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကဆိုခဲ့ပါတယ်။
"ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါတယ်။မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါတယ်"လို့ဆိုထားပါတယ်။
လတ်တလောတွင် စကစမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီတို့ကို သေဒဏ်များချမှတ်ထားရာ အတည်ပြုထားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ ဖျောင်းထက် တော်လှန်ရေးဖလား ရန်ပုံငွေပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတက်ရောက်
၂၀၂၂ ခုနှစ် ဂျွန်လ (၀၅ )ရက် တနင်္ဂနွေနေ့တွင် တောင်ကိုရီးယားနိုင်ငံ ဖျောင်းထက်မြို့၌ တော်လှန်ရေးဖလား ရန်ပုံငွေပွဲနှင့် ဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ ရုံးအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ်က တော်လှန်ရေးအတွက် မိန့်ခွန်းအမှာစကားကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါ နွေဦးတော်လှန်ရေးဖလား ဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများကို လက်ရှိ စစ်ကောင်စီတပ်မီးရှို့ခံနေရသော ကျေးရွာများမှ စစ်ရှောင် ပြည်သူများနှင့် တော်လှန်ရေး အဖွဲ့များကို ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည်ဟု သိရှိရပါတယ်။
NUG ကိုယ်စားလှယ်ရုံး အထောက်ကူပြုအဖွဲ့ဝင်များက ငွေတိုက်စာချုပ် နှင့် EOD အစုရှယ်ရာများကို ရောင်းချပေးခြင်းဖြင့် အားဖြည့်ပါဝင်ခဲ့ကြပြီး ကိုရီးယားတက္ကသိုလ်တစ်ခု၌ စာသင်ကြားနေသည့် မြန်မာ ဆရာမ ကထိက တစ်ဦးကလည်း မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေသည့် Click2Donate လုပ်ငန်းစဥ်များကို ရှင်းပြပေးကာ နေ့စဉ် ပုံမှန် Click ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၅။ နွေဦးအောင်နိုင်ရေးခရီးစဉ်တွင် အမေရိကန်ရောက် မြန်မာပြည်ဖွားများ အားတက်သရောပါဝင်ပူးပေါင်း
နွေဦးအောင်နိုင်ရေးခရီးစဉ်တွင် အမေရိကန်ရောက် မြန်မာပြည်ဖွားများ အားတက်သရောပါဝင်ပူးပေါင်းနေကြတယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၄ ရက်နေ့ကစတင်သော ခရီးစဥ်ဟာ ဇွန်လ ၆ ရက်နေ့မှာ တတိမြောက်ခရီးစဥ်ရှိသွားပြီလို့သိရပါတယ်။
"မနေ့က နယူးယောက်ပြည်နယ်က မြို့တစ်မြို့ကိုရောက်ပါတယ်။ ခရစ်ယာန်ဘာသာ တိုင်းရင်းသားတွေဟာ ဘုရားကျောင်းထဲမှာပဲ ခရီးစဥ်အကြောင်း ဘုန်းဘုန်းကို မိန့်ကြားစေပါတယ်။နွေဦးအောင်နိုင်ရေးခရီးစဥ်တွေကိုလည်း အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့ပါတယ်"လို့ ဆရာတော် အရှင်ဇဝနကမိန့်ကြားပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံသည့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသား အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ပြီး တော်လှန်ရေးကြီးမှာ အဆုံးထိပါဝင်ကြဖို့ တမြို့ဝင်တမြို့ထွက် တိုက်တွန်းစည်းရုံးသွားမည့် နွေဦးအောင်နိုင်ရေးခရီးစဉ် ‘‘Democracy Road Trip for Burma’’ ကို ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် စတင်ခဲ့ပါတယ်။
အထက်ပါအစီအစဉ်နှင့်အတူ
(၁) အမေရိကန်အစိုးရမှ ထိမ်းသိမ်းထားသောငွေ 1 billon ကို NUG အစိုးရထံသို့ လွှဲပြောင်း ပေးရန် အတွက် အမေရိကန်ရှိ မြန်မာနွယ်ဖွားများမှ in person ကိုယ်တိုင်ကိုယ်ကျ DocuSign ဖြင့်လက်မှတ် ရေးထိုးပြီး တောင်းဆိုမည့် “one million signatures for one billion campaign’’
(၂) ပြည်သူ့တော်လှန်ရေး ထောက်ပို့ အစီအစဉ်အတွက် PDF တစ်ဦးလျင် ဒေါ်လာ $၂၀ မှစတင်၍ စုစုပေါင်းလူဦးရေ နှစ်သောင်းပါဝင်ခြင်းဖြင့် တစ်လ လျှင် $400,000 ပုံမှန်ထောက်ပို့နိုင်မည့် ရည်မှန်းချက်ကိုပါ တစ်ပါတည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ မိုးကုတ်ဖက်ဒရယ်ကျောင်းတွင် တန်းခွဲအသစ်များအတွက် ကျောင်းသားသစ်လက်ခံတဲ့ရက် တိုးမြှင့်
မိုးကုတ်ဖက်ဒရယ်ကျောင်းတွင် တန်းခွဲအသစ်များအတွက် ကျောင်းသားသစ်လက်ခံတဲ့ရက် တိုးမြှင့်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၆ ရက်နေ့တွင် ကြေညာချက်အရမိုးကုတ်ဖက်ဒရယ်ကျောင်းတွင် ကျောင်းအပ်နှံလိုသည့် ကျောင်းသူ၊ ကျောင်းသားအရေအတွက် အင်မတန်များပြားနေသည့်အတွက် ကျောင်းအပ်နှံရက်ကို (၁၅.၆.၂၀၂၂) အထိ ပြောင်းလဲတိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။
မိုးကုတ်ဖက်ဒရယ်ကျောင်း၏ ''ဇွန်လအတွင်းဖွင့်လှစ်မည်ဟုကြေညာထားသော တန်းခွဲအသစ်များ''ကို ဇူလိုင်လ ပထမပတ်သို့ ပြောင်းရွေ့သတ်မှတ်ထားတယ်လို့သိရပါတယ်။ ယခုအထိ ကျောင်းအပ်နှံထားပြီးသူ ကျောင်းသူ၊ ကျောင်းသားများအားလုံးကို လက်ခံသင်ကြားပေးမည်ဖြစ်ကာ မိုးကုတ်ဖက်ဒရယ်ကျောင်း၏ သင်ကြားရေးပုံစံသည် အွန်လိုင်းသင်ကြားရေးစနစ်ဖြစ်ပြီး သင်ကြားရေးတွင် Zoom Platform နှင့် Telegram ကို အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။
========================
📌📌 ၇။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဘားအံတက္ကသိုလ်မှ တတိယနှစ် သင်္ချာအထူးပြုကျောင်းသား တစ်ဦးကို စစ်တပ်ကဖမ်းဆီး၍ သတ်ဖြတ်ခဲ့
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဘားအံတက္ကသိုလ်မှ တတိယနှစ် သင်္ချာအထူးပြုကျောင်းသား တစ်ဦးကို စစ်တပ်ကဖမ်းဆီး၍ သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြပါတယ်။
"အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော ဘားအံတက္ကသိုလ်မှ တတိယနှစ် သင်္ချာအထူးပြုကျောင်းသား တစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၄ ရက်နေ့တွင် ပစ်ခတ်၍ ဖမ်းဆီးခဲ့ပြီး ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့ပါတယ်"လို့ AAPP ကဆိုပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၉၀၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများအပေါ် ဝရမ်းမပါဘဲ ဖမ်းဆီး၍ စစ်ကြောရေး စခန်းများတွင် ညှင်းပန်းနှိပ်စက်သတ်ဖြတ်လျက်ရှိပါတယ်။
========================
📌📌 ၈။ ကန့်ဘလူမြို့နယ်၊ နှောကုန်းရွာကိုစကစတပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊နှောကုန်းရွာကိုစကစတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၆ ရက် နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ နှောကုန်းရွာကိုစကစတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းကောင်းဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။
"စကစတပ်က ကန့်ဘလူမြို့နယ်၊နှောကုန်းရွာကိုမီးရှို့ခဲ့ပါတယ်။နှောကုန်းရွာကိုနေရာအနှံ့မီးရှို့ခဲ့ကြပါတယ်"လို့ဆိုပါတယ်။
အဆိုပါရွာအား ကိုးတောင်ဘို့မှာတပ်ထိုင်ထားတဲ့စကစတပ်အင်အား(၈၀)ကျော်ခန့်ဖြင့် လျော်ဖြူကုန်းရွာ၊ ဇီးကနားရွာနဲ့ နှောကုန်းရွာ ဘက်ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ၄င်းတို့မီးရှို့ဖျက်ဆီးမှုကြောင့် နှောကုန်းရွာ အိမ်ခြေအများစုမီးလောင်ဆုံးရှုံးခဲ့ပါတယ်။
No comments:
Post a Comment