20th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ကိုယ်ကျိုးထက် အများအကျိုးကို ကြည့်တဲ့ အာဇာနည်စိတ်ဓါတ် ကို မွေးမြူကြပါလို့ ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းပြောကြား

📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များကလက်နက်အားကိုး၍ နိုင်ငံတော်အာဏာကို ရယူထားတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်

📌 ၃။ သွေးစည်း ညီညွတ်မှုဖြင့်သာ စစ်အာဏာ ရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဆို

📌 ၄။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေပြီလို့ ဖက်ဒရယ်ရေးရာဝန်ကြီးအသိပေး

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (၂၂၃.၆၄) သန်းထောက်ပံ့ပေးနိုင်ခဲ့

📌 ၆။ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် ၀န်ကြီးဌာနရန်ပုံငွေရှာဖွေရေးလေလံရောင်းချပွဲမှာ Recycle Shopping Bags များကိုအမြင့်ဆုံး ကျပ်ငွေ ၁၀ သိန်း နဲ့၀ယ်ယူအားပေး၍ စစ်ဘေးသင့်ဒေသရှိ ကိုယ်၀န်ဆောင်မိခင်များအတွက် အသုံးပြုသွားမယ်

📌 ၇။ ကျောက်ဆည် ခရိုင်အတွင်း CDM ကျောင်းဆရာ၊ဆရာမများ နေထိုင်ရေးခက်ခဲရှိပါက ကူညီမယ်လို့ ဆို

📌 ၈။ CDF ကန်ပက်လက်မှ CDM ရဲတပ်သားတစ်ဦး လွတ်မြောက်နယ်မြေရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းထုတ်ပြန်

📌 ၉။ ဗန်းမောက်ပကဖမှ ရဲစခန်းအား လက်လုပ်မိုင်းနဲ့ တိုက်ခိုက်

📌 ၁၀။ စစ်ကိုင်းတိုင်းမြင်းမူမြို့အဝင်တိုးဂိတ်အား Moe Nyo Revolution Force M.N.R.F နဲ့ညီနောင်မဟာမိတ်များဖောက်ခွဲတိုက်ခိုက်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကိုယ်ကျိုးထက် အများအကျိုးကို ကြည့်တဲ့ အာဇာနည်စိတ်ဓါတ် ကို မွေးမြူကြပါလို့ ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းပြောကြား


ကိုယ်ကျိုးထက် အများအကျိုး ကို ကြည့်တဲ့ အာဇာနည်စိတ်ဓါတ် ကို မွေးမြူကြပါလို့ ဇူလိုင် ၁၉ ရက်ကျင်းပတဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


"အာဇာနည်ဆိုတာ မိမိကိုယ်ကျိုး ကိုစွန့် သူတစ်ပါးအကျိုး၊ အများအကျိုး၊ တိုင်းပြည်အကျိုး အတွက် အသက်ကိုပင်ပဓာဏမထားပဲ အများအကျိုးဆောင်တာကိုအာဇာနည်လို့ ခေါ်ပါ တယ်။ လက်ရှိအာဏာရှင်ဟာ တိုင်းတစ်ပါးနယ်ချဲ့တွေထက် များစွာ ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူလူထုကို နေ့တိုင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒီစစ်အာဏာရှင်ကို ကျနော်တို့ တော်လှန်တိုက်ခိုက်နေတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အကျိုး မိသားစုအကျိုးထက်၊ တိုင်းပြည်အကျိုး အများအကျိုးအတွက် စွန့်လွှတ် တိုက်ပွဲဝင် တော်လှန်ရေးလုပ်ဆောင်ချင်တဲ့  အာဇာနည် စိတ်ဓါတ်ထားရှိဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့နဲ့ တိုင်းပြည်ရောဂါဆိုး၊ ကပ်ဆိုးကနေ လွတ်မြောက်ဖို့အတွက် ကိုယ်ကျိုးထက် အများအကျိုး ကို ကြည့်တဲ့ အာဇာနည်စိတ်ဓါတ် ကို မွေးမြူကြပါလို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များကလက်နက်အားကိုး၍ နိုင်ငံတော်အာဏာကို ရယူထားတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်


အကြမ်းဖက်စစ်အာဏာရှင်များကလက်နက်အားကိုး၍ နိုင်ငံတော်အာဏာကို ရယူထားတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်လိုက်ပါတယ်။ ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


"အကြမ်းဖက်စစ်အာဏာရှင်များက ပြည်သူလူထု၏ဆန္ဒမဲ ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံခေါင်းဆောင်များကို လက်နက်အားကိုး၍ ဥပဒေမဲ့ ဖမ်းဆီးကာ ပြည်သူလူထုထံမှဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် အဓမ္မရယူထားပါတယ်။  ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများဖြင့် ယှဉ်ပြိုင် ရွေးချယ်ရန်နှင့်ပြည်သူလူထု၏အဆုံးအဖြတ်ပေးမှုကို ရဲဝင့်စွာခံယူလိုစိတ်မရှိခြင်းကြောင့် လက်နက်အားကိုး၍ နိုင်ငံတော်၏အာဏာကို ရယူထားခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ မတရားသဖြင့် အာဏာစွဲကိုင်နိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးခေါင်းဆောင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျောင်းသားလူငယ်များ၊ အနုပညာရှင်များနှင့် ပြည်သူထောင်ပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်နေအိမ် အဆောက်အအုံများကို ချိတ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ခြင်းစသည်တို့ကို လူမဆန်စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ သွေးစည်း ညီညွတ်မှုဖြင့်သာ စစ်အာဏာ ရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဆို


သွေးစည်း ညီညွတ်မှုဖြင့်သာ စစ်အာဏာ ရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားမှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကထည့်သွင်းပြောကြားခဲ့ပါတယ်။


"ယနေ့နိုင်ငံရေးအခင်းအကျင်းအရ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအကြား ပိုမိုစည်းလုံးညီညွတ်စွာနဲ့ လက်တွဲညီညီ လျှောက်လှမ်းကြမယ်ဆိုင်ရင် မိမိတို့ရဲ့ ခရီးပန်းတိုင်းဆီ အမြန် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန် နားလည်မှုများ တည်ဆောက်နိုင်ဖို့ ဘက်ပေါင်းစုံမှ သဘောထားကြီးစွာ၊ အမျှော် အမြင်ကြီးစွာ ကြိုးပမ်းကြဖို့ လိုပါတယ်။ သွေးစည်း ညီညွတ်မှုဖြင့်သာ စစ်အာဏာ ရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ စကစတပ်များကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာလည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေကြပါတယ်။


"စစ်အာဏာရှင်တို့က လှည့်စားသွေးခွဲရန် ကြံစည်ဖျားယောင်းနေ သော်လည်း မိမိတို့ တော်လှန်ရေးအင်အားစု တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ပိုမိုစည်းလုံးစွာ ခိုင်မြဲသော ထာဝရ တွဲလက်များဖြင့် လျှောက်လှမ်းကြဖို့ အထူး တိုက်တွန်း မေတ္တာရပ်ခံပါတယ်"လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေပြီလို့ ဖက်ဒရယ်ရေးရာဝန်ကြီးအသိပေး


အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေပြီလို့ ဖက်ဒရယ်ရေးရာဝန်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ဖက်ဒရယ်ရေားရာဝန်ကြီးကအသိပေးပြောကြားခဲ့ပါတယ်။


"ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လုပ်ကြံခြင်းခံခဲ့ရလို့ သူကိုယ်တိုင် အဆုံးအထိ မတက် ရောက်နိုင်ခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကဲ့သို့သော တိုင်းပြုပြည်ပြုညီလာခံကြီးတရပ်ကို ပြန်လည်ခေါ်ယူ ကျင်းပပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ်ကို အကောင်းဆုံး ရေးဆွဲ ပြဋ္ဌာန်းဖို့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ လမ်းပြမြေပုံအတိုင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။ ဒါတင်မကဘူး၊ CRPH NUG နှင့် NUCC တို့ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကိုလည်း အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းပြီး ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်နေ ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် သမိုင်းတွင် မည်သို့ပင်မှားခဲ့စေကာမူ နွေဦးတော်လှန်ရေး ကနေ စပြီး မှားယွင်းမှု အားလုံးကို ပြင်ဆင်သွားကြရမှာဖြစ်ပြီး သမိုင်းကို အသစ်ဖန်တီးရမယ်လို့ ဖက်ဒရယ်ရေးရာဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (၂၂၃.၆၄) သန်းထောက်ပံ့ပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၂၃.၆၄) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့် နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။

ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ် များ၊ စေတနာ့ဝန်ထမ်းပြည်သူများနှင့် ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးလျက်ရှိသော ပြည်သူများကို အထူးကျေးဇူးတင်ရှိပါတယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၆။ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် ၀န်ကြီးဌာနရန်ပုံငွေရှာဖွေရေးလေလံရောင်းချပွဲမှာ Recycle Shopping Bags များကိုအမြင့်ဆုံး ကျပ်ငွေ ၁၀ သိန်း နဲ့၀ယ်ယူအားပေး၍ စစ်ဘေးသင့်ဒေသရှိ ကိုယ်၀န်ဆောင်မိခင်များအတွက် အသုံးပြုသွားမယ်


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် ၀န်ကြီးဌာနရန်ပုံငွေရှာဖွေရေးလေလံရောင်းချပွဲမှာ Recycle Shopping Bags များအားအမြင့်ဆုံး ကျပ်ငွေ ၁၀ သိန်း နဲ့၀ယ်ယူအားပေး၍ ရရှိငွေများကိုစစ်ဘေးသင့်ဒေသရှိ ကိုယ်၀န်ဆောင်မိခင်များအတွက်အသုံးပြုသွားမယ်လို့ ဝန်ကြီးနော်စူဆန်လှလှစိုးကပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ လူမှုကွန်ရက်မှာ ဝန်ကြီးနော်စူဆန်လှလှစိုးကရေးသားပြောကြားခဲ့တာပါ။


"ကျမတို့ရဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ် ၀န်ကြီးဌာန၏ ရန်ပုံငွေရှာဖွေရေးလေလံရောင်းချပွဲမှာ ၀န်ကြီးကိုယ်တိုင် ဖန်တီးထားတဲ့ Recycle Shopping Bags လေးတွေကိုအမြင့်ဆုံး ကျပ်ငွေ ၁၀ သိန်း နဲ့၀ယ်ယူအားပေးကြတဲ့ပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ရရှိလာသော အလှူငွေများကို စစ်ဘေးသင့်ဒေသရှိ ကိုယ်၀န်ဆောင်မိခင်များအတွက်အသုံးပြုသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်လေလံရောင်းချပွဲကိုဦးဆောင်ပေးခဲ့သော ဒု၀န်ကြီးအိသဉ္ဇာဇာမောင်ကိုလည်းကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၇။ ကျောက်ဆည် ခရိုင်အတွင်း CDM ကျောင်းဆရာ၊ဆရာမများ နေထိုင်ရေးခက်ခဲရှိပါက ကူညီမယ်လို့ ဆို


ကျောက်ဆည် ခရိုင်အတွင်း CDM ကျောင်းဆရာ၊ဆရာမများ နေထိုင်ရေးခက်ခဲရှိပါက ကူညီမယ်လို့ ဆိုပါတယ်။ ဇူလိုင်လအတွင်းမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီ ကျောက်ဆည်ကဖော်ပြပါတယ်။


"ကျောက်ဆည်ခရိုင်အတွင်း လုံခြုံရေးအရ နေထိုင်ရေး ခက်ခဲတဲ့ဆရာ၊ဆရာမများကို အကူအညီပေးသွားပါမယ်"လို့ဆိုပါတယ်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီ ကျောက်ဆည်ဟာ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် အွန်လိုင်းအခမဲ့သင်တန်းကျောင်း စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတဲ့ ကော်မတီလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ CDF ကန်ပက်လက်မှ CDM ရဲတပ်သားတစ်ဦး လွတ်မြောက်နယ်မြေရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းထုတ်ပြန်


CDF ကန်လက်ပက်မှ CDM ရဲတပ်သားတစ်ဦးလွတ်မြောက်နယ်မြေရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ CDF ကန်ပင်လက်က CDM ရဲတပ်သားသတင်းကို ရုပ်သံနဲ့တကွဖော်ပြခဲ့ပါတယ်။


အဆိုပါရဲတပ်သားဟာ လုပ်သက်၈နှစ်ဝန်းကျင်ရှိကာ ကန်ပက်လက်ရဲစခန်းမှ လ၂၅၅၈၃၆ ရဲတပ်သားတစ်ဦးဖြစ်ကြောင်းဆိုပါတယ်။ လက်နက်နဲ့တကွထွက်ပြေးလာခြင်းဖြစ်ပြီးတော့ ယခင်ကတည်းက CDM လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၉။ ဗန်းမောက်ပကဖမှ ရဲစခန်းအား လက်လုပ်မိုင်းနဲ့ တိုက်ခိုက်


ဗန်းမောက်ပကဖမှ ရဲစခန်းအား လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက် မွန်းတည့် ၁၂ နာရီအချိန်မှာ ဗန်းမောက် ရဲစခန်းအား တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုကဆိုပါတယ်။


"ဗန်းမောက်ပကဖမှ ရဲစခန်းအား လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဗန်းမောက် တော်လှန်ရေးအင်အားစုကပြောပါတယ်။ လတ်တလောမှာ ထိခိုက်မှုအခြေအနေကိုအတည်ပြုနေဆဲဖြစ်ပါတယ်။


ဒါ့အပြင်အကြမ်းဖက် စကစများအလိုကျ CDM များကိုရှာဖွေစုံစမ်းခြင်း၊ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းခြင်း၊ အကြမ်းဖက်စစ်ကောင်စီအောက်အမှုထမ်းခြင်းများ ဆက်လက်ပြုလုပ်နေပါက ပိုမိုပြင်းထန်သောတိုက်ခိုက်မှုတွေလုပ်ဆောင်မယ်လို့ ဗန်းမောက်တော်လှန်ရေးအင်အားစုကထုတ်ပြန်ပါတယ်။


========================


📌📌 ၁၀။ စစ်ကိုင်းတိုင်းမြင်းမူမြို့အဝင်တိုးဂိတ်အား Moe Nyo Revolution Force M.N.R.F နဲ့ညီနောင်မဟာမိတ်များဖောက်ခွဲတိုက်ခိုက်


စစ်ကိုင်းတိုင်းမြင်းမူမြို့အဝင်တိုးဂိတ်အား Moe Nyo Revolution Force M.N.R.F နဲ့ညီနောင်မဟာမိတ်များဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက် မနက် နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းမြင်းမူမြို့အဝင်တိုးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


"ဇူလိုင်လ၊ ၁၉ ရက်နေ့ မနက် နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းမြင်းမူမြို့အဝင်တိုးဂိတ်အား ကျွန်ုပ်တို့ Moe Nyo Revolution Force M.N.R.F PENTAGRAM ငါးထောင့်ကြယ်  ညီနောင်နှစ်ဖွဲ့မှ  အညာအုန်းသီး၂ လုံးဖြင့် ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစဒေါက်တိုင်ဝန်ထမ်းများလည်း လုံခြုံမူမရှိတော့တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်ကြရန် ပြင်းပြင်းထန်ထန်သတိပေးအပ်ပါတယ်လို့ moenyorevolutionforce က ဖော်ပြပါတယ်။


========================


📌📌 ၁၁။ မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ အထိုင်ချထားသော (စကစ) စစ်ဆေးရေး ဂိတ်အားအာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်


မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ အထိုင်ချထားသော (စကစ) စစ်ဆေးရေး ဂိတ်အားအာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက် ညနေပိုင်းမှာ ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ အထိုင်ချထားသော (စကစ) စစ်ဆေးရေး ဂိတ်အား တိုက်ခိုက်ခဲ့တာလို့ Young Force (UG) ကဆိုပါတယ်။


ဇူလိုင် ၁၉ ရက်ညနေပိုင်းမှာ ပခုက္ကူမြို့ အရှေ့ဘုန်းကန်ရွာရှိ အထိုင်ချထားသော (စကစ) စစ်ဆေးရေး ဂိတ်အားအာဇာနည်နေ့အထိမ်းအမှတ် အဖြစ်.ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မှု မိနစ် (၂၀) ကျော်ကြာမြင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့များမှ auto gun များဖြင့် ပစ်ခတ်ခြင်း၊ 40mm များနေရာ ခွဲ၍ ပစ်ခတ်ခြင်း၊ sniper ဖြင့် ပစ်ခတ်ခြင်းများအား တပြိုင်နက် ပြုလုပ်ခဲ့ပါတယ်။ ထိခိုက်မှုများအားမြေပြင်အနေထားအရ မသိရှိရသေးဘဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment