၂၀၂၂ ဇူလိုင်လ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်တဲ့အထိကြိုး စားတိုက်ပွဲဝင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိပြုပြောကြား
📌 ၂။ အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် (၁,၄၀၀) ကျော်ကို စစ်တပ်မှ အဓမ္မ ထိန်းသိမ်းဖမ်းဆီးခဲ့တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြခဲ့
📌 ၃။ တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ် တက္ကသိုလ်တစ်ခု မြေပြင်ရော အွန်လိုင်းပါတည်ဆောက်ဖို့ကြိုးစားနေတယ်လို့ဆို
📌 ၄။ NLD ကို အမြဲတမ်း အတိုက်အခံ လို့ သတ်မှတ်ထားတဲ့ လူတစုကြောင့် တော်လှန်ရေး နှောင့်နှေးခဲ့ရတယ်
📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီ တွေ့ဆုံဆွေးနွေး
📌 ၆။ ရန်ကုန်အခြေစိုက် မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတစ်ခုက အကူအညီတောင်း၍ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာစေ ဘန်နာကိုလေလံတင်
📌 ၇။ မြိုင်မြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင်း ကျင်းပခဲ့သော အာဇာနည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရသူများကို ချီးမြှင့်ပေးအပ်ပွဲကျင်းပခဲ့
📌 ၈။ ထားဝယ်မြို့နယ်၊မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ရဲအချင်းချင်းပစ်ခတ်မှုဖြစ်၍ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်တဲ့အထိကြိုး စားတိုက်ပွဲဝင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိပြုပြောကြား
နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်တဲ့အထိကြိုး စားတိုက်ပွဲဝင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတိပြုပြောကြားလိုက်ပါတယ်။ ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ဝန်ကြီးချုပ်က ကတိပြုပြောကြားလိုက်ပါတယ်။
"ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မယ်ဆိုတဲ့ကတိကို လည်းပြောကြားလိုက်ပါတယ်"လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဟာ ပေါက်ဖွားလာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင် ရဲ့အကြမ်းဖက် စစ်တပ်ကိုခုခံတိုက်ပွဲဝင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် (၁,၄၀၀) ကျော်ကို စစ်တပ်မှ အဓမ္မ ထိန်းသိမ်းဖမ်းဆီးခဲ့တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြခဲ့
အာဏာသိမ်းချိန်မှစ၍ ကလေးသူငယ် (၁,၄၀၀)ကျော်ကို စစ်တပ်မှ အဓမ္မ ထိန်းသိမ်းဖမ်းဆီးခဲ့တယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကတင်ပြခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်တဲ့ တံခါးဖွင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့ပါတယ်။
"အာဏာသိမ်းသည့်အချိန်မှစ၍ ကလေးသူငယ် (၁,၄၀၀) ဦး ကျော်ကို စစ်တပ်မှ အဓမ္မ ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်သည် မိဘများအား လာရောက်အဖမ်းခံစေရန် ရည်ရွယ်၍ ၎င်းတို့၏ ကလေးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းဖြစ်တယ်"လို့ဆိုပါတယ်။ ထို့အပြင်စစ်တပ်ဟာ ကလေးသူငယ် (၇၇) ဦး ကို သတ်ဖြတ်၊ သေရာပါဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၍ (၂၂၂) ဦး ကို စစ်သားသစ်အဖြစ် စုဆောင်းအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ၌ ကလေးငယ် (၇.၈) သန်း နီးပါးသည် ပညာဆက်လက်သင်ယူနိုင်ခြင်း မရှိတော့ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူ (၁) သန်းကျော်အနက် (၂၅၀,၀၀၀) ဦး သည် ကလေးသူငယ်များဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကတင်ပြခဲ့ပါတယ်။
========================
📌📌 ၃။ တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ် တက္ကသိုလ်တစ်ခု မြေပြင်ရော အွန်လိုင်းပါတည်ဆောက်ဖို့ကြိုးစားနေတယ်လို့ဆို
တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ် တက္ကသိုလ်တစ်ခု မြေပြင်ရော အွန်လိုင်းပါတည်ဆောက်ဖို့ကြိုးစားနေတယ်လို့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇူလိုင်လ အတွင်းကျင်းပတဲ့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။
"အခု ကျနော်တို့ ဖက်ဒရယ် တက္ကသိုလ်တစ်ခုတည်ဆောက်ဖို့လုပ်နေပါတယ်။ တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့ တက္ကသိုလ်တစ်ခုပေါ့။အွန်လိုင်းရော၊မြေပြင်ရောပေါ့။ အဲဒါကိုလည်း နိုင်ငံတကာအကူအညီရရှိအောင်ဆောင်ရွက်နေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဖက်ဒရယ် တက္ကသိုလ်ကနေ လူ့စွမ်းအားအရင်းအမြစ်များကို သက်ဆိုင်ရာ ဒေသအလိုက် မွေးထုတ်နိုင်အောင်လည်း ဆောင်ရွက်နေတယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ NLD ကို အမြဲတမ်း အတိုက်အခံ လို့ သတ်မှတ်ထားတဲ့ လူတစုကြောင့် တော်လှန်ရေး နှောင့်နှေးခဲ့ရတယ်
NLD ကို အမြဲတမ်း အတိုက်အခံ လို့ သတ်မှတ်ထားတဲ့ လူတစုကြောင့် တော်လှန်ရေး နှောင့်နှေးခဲ့ရတယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ လူမှုကွန်ရက်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောကြားခဲ့တာပါ။
"နိုင်ငံရေးမှာ အမြဲတမ်း မိတ်ဆွေ ဆိုတာမရှိသလို အမြဲတမ်းရန်သူ ဆိုတာလဲ မရှိ။ တချိန်တုန်းက အဂ်လိပ်ကို အမြဲတမ်း ရန်သူအနေနဲ့ သတ်မှတ်ခဲ့တဲ့ ဆမား ဒူဝါ ဆင်ဝါးနောင် ကြောင့် ကချင်ခေါင်းဆောင်များ ကို အမေရိကန် သာသနာပြုဆရာများရဲ့ အကြံပြုချက် နားမထောင်ခဲ့လို့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတည်ထောင်ရေး လမ်းစဥ်နဲ့ လွဲခဲ့ရတယ်။ NLD ကို အမြဲတမ်း အတိုက်အခံ လို့ သတ်မှတ်ထားတဲ့ လူတစုကြောင့် တော်လှန်ရေး နှောင့်နှေးခဲ့ရတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တာ မရှိသလို၊ အလိုလို ကံကောင်းလာခြင်းမျိုးလဲ မရှိ။ ကံဆိုတာ အလုပ် ဖြစ်တဲ့အတွက် အားလုံးကို လက်တွေ့ကျကျ စဥ်းစားဆင်ခြင်ရင်း ဘုံတန်ဖိုး၊ ဘုံအကျိုးစီးပွါး နှင့် ဘုံရည်မှန်းချက်အပေါ် အခြေခံကျကျ ကြိုးစားတည်ဆောက်ယူရမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ပြည်သူ့အစိုးရလက်ထက် လွှတ်တော်တွင် အကြမ်းဖက် စစ်တပ်ဟာ အတိုက်အခံအနေနဲ့ရပ်တည်ခဲ့ပါတယ်။
========================
📌📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲကို ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် ၃ နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်နှင့် ကော်မတီဝင်များက တက်ရောက်လာသည့် ပြည်သူ့ရင်ခွင်မှတာဝန်ရှိသူများနှင့် အပြန်အလှန် နှုတ်ခွန်းဆက်စကား ပြောကြား၍ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီအနေဖြင့် ပြည်သူ့ရင်ခွင်ကော်မတီ နှင့် တွေ့ဆုံရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ မူဝါဒများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူ့ရင်ခွင်ခိုလှုံဝင်မှုအခြေအနေ၊ ရဲ၊ တပ် CDM များအတွက် မြေပြင်ထောက်ပံ့ကူညီ နေမှုများ နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီအတူ လက်တွဲညှိနှိုင်းဆောင်ရွက် သွားကြ မယ့်အချက်များအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ပြည်သူ့ရေးရာကော်မတီဝင်များနှင့် ပြည်သူ့ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည် ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ဆွေနွေးခဲ့ကြပါတယ်။
========================
📌📌 ၆။ ရန်ကုန်အခြေစိုက် မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတစ်ခုက အကူအညီတောင်း၍ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာစေ ဘန်နာကိုလေလံတင်
ရန်ကုန်အခြေစိုက် မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတစ်ခုက အကူအညီတောင်း၍ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာစေ ဘန်နာကိုလေလံတင်လျက်ရှိပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာလေလံတင်ဖို့ကူညီတဲ့ မပန်ဆယ်လိုက လူမှုကွန်ရက်မှာ အသိပေးရေးသားပြောပါတယ်။
"ဒီနေ့မှာ ရန်ကုန်အခြေစိုက် မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတစ်ခုက အကူအညီတောင်းလာတဲ့အတွက် သူတို့ အသုံးပြုခဲ့တဲ့ ဘန်နာလေးကို လေလံတင်ပေးချင်ပါတယ်။ အမေစု မွေးနေ့မှာ ထွက်မယ့် သပိတ်စစ်ကြောင်းအတွက် ဘယ်ဆိုင်ကမှ အလွယ်တကူ Print လုပ်မပေးရဲတာကြောင့် တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် လက်ဖြစ်ရေးဆွဲခဲ့တဲ့ ဘန်နာလေး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ကြမ်းခင်းစျေး USD 500 က စတင်လေလံစျေးခေါ်ထားပြီး လေလံဆွဲလိုသူများအနေနဲ့ မပန်ဆယ်လို Face Book အကောင့် Messenger ကနေ စျေးပြိုင်လေလံပေးနိုင်ပါတယ်။
"ဒီဘန်နာလေးဟာ ငွေကြေးအားဖြင့် တန်ဖိုးရှိချင်မှ ရှိပါမယ်။ ဆွဲထားတဲ့သူတွေဟာလည်း နာမည်ကြီးအနုပညာရှင်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပြသပိတ်တိုက်ပွဲအတွက် အန္တရာယ်ကြားက အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ လူငယ်သတ္တိခဲတွေ၊ ကျောင်းသားသူရဲကောင်းတွေရဲ့ နှလုံးသဲပွတ်လက်ရာဖြစ်တဲ့အတွက် တော်လှန်ရေးတန်ဖိုးကတော့ ကြီးကြီးမားမားရှိတဲ့ လက်ရာလေးပါပဲ။ တစ်နေ့ နွေဦးပြတိုက်မှာ သမိုင်းတင်ထားရမယ့် လက်ရာလည်း ဖြစ်လာနိုင်ပါတယ်။ လေလံရရှိငွေအားလုံးကိုလည်း ဒီအဖွဲ့ကို တစ်ပြားမကျန်ပေးအပ်ပေးမှာ ဖြစ်ပြီး ရရှိငွေတွေဟာ သူတို့ ဆက်လက်လှုပ်ရှားဖို့ အင်အားတွေ၊ တွန်းကန်မှုတွေ ဖြစ်လာမှာပါ"လို့ မပန်ဆယ်လိုကဆိုပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင်း ကျင်းပခဲ့သော အာဇာနည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရသူများကို ချီးမြှင့်ပေးအပ်ပွဲကျင်းပခဲ့
မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင်း ကျင်းပခဲ့သော အာဇာနည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရသူများကို ချီးမြှင့်ပေးအပ်ပွဲကျင်းပခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ မြိုင်မြို့နယ်ရှိ စာသင်ကျောင်းများမှာကျင်းပခဲ့တာလို့ ပညာရေးဘုတ်အဖွဲ့ကဖော်ပြပါတယ်။
"မြိုင်မြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင်း ကျင်းပခဲ့သော ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြေး ခုန် ပစ် ဘောလုံး ထုတ်ဆီးတိုး အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲ"လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆိုပါတယ်။ လက်ရှိလွတ်မြောက်နယ်မြေက ပြည်သူ့စာသင်ကျောင်းမျာမှာ အားကစားပြိုင်ပွဲ၊စာမေးပွဲများကျင်းပနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ထားဝယ်မြို့နယ်၊မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ရဲအချင်းချင်းပစ်ခတ်မှုဖြစ်၍ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့
ထားဝယ်မြို့နယ်၊မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ရဲအချင်းချင်းပစ်ခတ်မှုဖြစ်၍ ဒုရဲမှူးကျော်သူဝင်း သေဆုံးခဲ့ပါတယ်။ မလွှဲတောင်ဂိတ်တွင် ဝေစုမတည့်၍ ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်ကာ ဒုရဲမှူးတစ်ဦး သေဆုံးတယ်လို့ TanintharyiDefenseForce က ဇူလိုင်၂၀ ရက်နေ့ဖော်ပြပါတယ်။
"သူတို့ချင်း ဝေစုမမျှလို့ ပစ်ကြတာ။ဒုရဲမှူးကတော့ သေသွားပြီလို့ ရဲသတင်းပေးတစ်ဦး၏ ပြောပြချက်ကိုဖော်ပြထားပါတယ်။ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားယာဉ်လိုင်းများကို ငွေကြေးတောင်းခံပြီးမှ ဖြတ်သန်းခွင့်ပြုနေကြောင်း ကားသမားများထံမှ သိရတယ်လို့ TanintharyiDefenseForceကဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment