၂၀၂၂ ဇူလိုင်လ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်ရှိစိုးမိုးနယ်မြေများရဲ့ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း လမ်း ညွှန်မှာကြား
📌 ၂။ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ဆင်နွှဲရာမှာ အတွေးအခေါ်တော်လှန်ရေးလည်းအရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးပြောကြား
📌 ၃။ စစ်ကောင်စီနဲ့ တကွအပေါင်းအပါတွေ ပြိုလဲကျဆုံးဖို့ နေ့ရက်တွေကို မြန်မာနိုင်ငံသားတွေစတင်ရေတွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဦးလင်းသန့်ဆို
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ ရိုးရာလုံချည်ကို စစ်အာဏရှင် အမြစ်ဖြတ်ဖို့ အတွက် ဒေါ်လာတစ်သန်း ရန်ပုံငွေပွဲမှာ ကံစမ်းမဲလတ်မှတ်များ ဆက်လက်ဝယ်ယူအားပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း
📌 ၅။ ခင်ဦးမြို့နယ် အင်တိုင်းကြီး ရွာထဲရှိ နေအိမ် ( ၂ )လုံးအားစစ်တပ်က မီးရှို့ ဖျက်ဆီး၍ စိတ်ဝေဒရှင် ပြည်သူ ( ၁ ) ဦးကိုပါသတ်ဖြတ်ခဲ့
📌 ၆။ တစ်ရက်အတွင်း ကျည်အတောင့် ၂၀၀ ကျော်ရရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ကျည်ဆန်များလိုအပ်နေသေးတယ်လို့ KNU / PDF ပူးပေါင်းတပ်ဖွဲ့ဆို
📌 ၇။ နွေဦးတော်လှန်ရေး ပအိုဝ်းလူငယ်အင်အားစု မှ ရောင်းချရရှိလာသော ငွေကြေးများကို ပအိုဝ်းတိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (PNFC) ဘဏ္ဍာရေးမူဝါဒနှင့်ညီ ခွဲဝေသုံးစွဲသွားမယ်
📌 ၈။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျာမနီနိုင်ငံရောက် မြန်မာပြည်ဖွားများကိုရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မှတ်တမ်းရုပ်ရှင်များ ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်ရှိစိုးမိုးနယ်မြေများရဲ့ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း လမ်း ညွှန်မှာကြား
ဇူလိုင် ၂၁ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလိုပြောပါတယ်။
"လက်ရှိစိုးမိုးနယ်မြေများ၏ ဆောင်ရွက်ချက်များကို မျက်ခြေမပြတ်ဘဲ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ နောင်လာမည့် အခင်းကျင်းသစ်အတွက် ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အဖက်ဖက်မှ ချွတ်ခြုံကျနေသော တိုင်းပြည်ဖြစ်သဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက်သာမက အောင်မြင်ပြီးနောက်ပိုင်း ဒေသအသီးသီး၊နယ်မြေအသီးသီးကို ပြန်လည်တည်ဆောက်ရမှာဖြစ်သဖြင့် လက်ရှိလုပ်ငန်းများ၏ ထိရောက်မှုရှိစွာ လုပ်ဆောင်နိုင်မှုသည် ရေရှည်အတွက် အခြေခံကောင်းတွေ ဖြစ်စေချင်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းများကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေ ၃၆ မြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ဆင်နွှဲရာမှာ အတွေးအခေါ်တော်လှန်ရေးလည်းအရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးပြောကြား
အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ဆင်နွှဲရာမှာ အတွေးအခေါ်တော်လှန်ရေးလည်းအရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။
"အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ဆင်နွှဲရာမှာ အတွေးအခေါ်တော်လှန်ရေးက အရေးကြီးတဲ့ အပိုင်းကဏ္ဍာမှာပါဝင်ပါတယ်။တိုင်းရင်းသား ပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ အတွေးအခေါ်အယူအဆတွေကို ရဲရဲဝံဝံပြတ်ပြတ်သားသားတော်လှန်ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်နေတဲ့ ယခုလိုအချိန်မျိုးမှာ ဆူးတစ်ချောင်း၊ ဆောက်တစ်လက် ဖြစ်စေတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
မြန်မာပြည်သူလူထုဟာ တစ်နိုင်ငံလုံးဆင်နွှဲတဲ့အသံတိတ်သပိတ်နဲ့ လူထု သပိတ်များမှာ အင်အားအပြည့်ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ယနေ့အချိန် စစ်ကောင်စီရဲ့အုပ်ချုပ်မှုကို လက်မခံဘဲ ဘက်ပေါင်းစုံကနေတော်လှန်ရေးကိုပါဝင်ဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီနဲ့ တကွအပေါင်းအပါတွေ ပြိုလဲကျဆုံးဖို့ နေ့ရက်တွေကို မြန်မာနိုင်ငံသားတွေစတင်ရေတွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ချက်နိုင်ငံကိုယ်စားလှယ်ဦးလင်းသန့်ဆို
ဇူလိုင်၂၁ ရက်နေ့ လူမှုကွန်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ကအခုလိုရေးသားပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီနဲ့ တကွ အပေါင်းအပါတွေ ပြိုလဲကျဆုံးဖို့ နေ့ရက်တွေကို နိုင်ငံသူ နိုင်ငံသားတွေဟာ ဘဝ အမောတွေ၊ လုံခြုံအေးချမ်းမှု မရှိတဲ့ အခြေအနေတွေကြားကနေ စတင်ရေတွက်နေကြပြီဖြစ်တယ်။ ဒါဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့အောင်ပွဲကြီးအဖြစ် နောင်မျိုးဆက်ပေါင်း များစွာအတွက် အခု နိုင်ငံသားတွေရဲ့တာဝန်ကျေမှုကို ဒီတော်လှန်ရေးမှာ ပါဝင်မှုတွေနဲ့ သက်သေထူနေကြပြီ။ အကြမ်းဖက်စစ်ဝါဒီတွေရဲ့ နောက်ဆုံး ထွက်သက်ကို အမြန်ဆုံး ဖြစ်စေမယ့် EOD & NUG Special Bonds တွေ များများ ဝယ်ယူ အားဖြည့်ကြပါ"လို့ ဆိုပါတယ်။အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး စစ်ကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီနဲ့ ရိုးရာလုံချည်ကို စစ်အာဏရှင် အမြစ်ဖြတ်ဖို့ အတွက် ဒေါ်လာတစ်သန်း ရန်ပုံငွေပွဲမှာ ကံစမ်းမဲလတ်မှတ်များ ဆက်လက်ဝယ်ယူအားပေးဖို့ သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း
ဇူလိုင်၂၁ ရက်တွင် သရုပ်ဆောင်မင်းမော်ကွန်းက သူ၏လူမှုကွန်ရက်မှာ အခုလိုရေးသားပြောကြားခဲ့ပါတယ်။
"အမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝတ်ဆင်ခဲ့တဲ့ အမေ့ရဲ့ အင်္ကျီနဲ့ ရိုးရာလုံချည်ကို စစ်အာဏရှင် အမြစ်ဖြတ်ဖို့ အတွက် ဒေါ်လာတစ်သန်း ရန်ပုံငွေပွဲမှာ လက်မှတ်တစ်စောင်စီဝယ်ယူအားပေးခြင်းဖြင့် ကူညီပါဝင်ထောက်ပို့ပေးကြပါခင်ဗျား"လို့ဆိုပါတယ်။ ကံစမ်းမဲ လက်မှတ်တွေကို အမေရိကန် ၂၀ ဒေါ်လာနှုန်းနဲ့ Dawn Of Revo (DOR) Page (သို့ မဟုတ်) သက်ဆိုင်ရာနိုင်ငံ ကိုယ်စားလှယ်များမှတဆင့် ဝယ်ယူနိုင်ပါတယ်။
ရရှိလာတဲ့ ရန်ပုံငွေရဲ့ ၅၀% ကို MOD အတွက် လွှဲပြောင်းပေးမှာဖြစ်ပီး ၂၅% ကို Local PDF တွေအတွက် ထောက်ကူ ပေးမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ၂၅% ကိုတော့ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရရှိကြတဲ့ PDF ကလေးတွေအတွက် ပံ့ပိုးသွားဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ခင်ဦးမြို့နယ် အင်တိုင်းကြီး ရွာထဲရှိ နေအိမ် ( ၂ )လုံးအားစစ်တပ်က မီးရှို့ ဖျက်ဆီး၍ စိတ်ဝေဒရှင် ပြည်သူ ( ၁ ) ဦးကိုပါသတ်ဖြတ်ခဲ့
ခင်ဦးမြို့နယ် အင်တိုင်းကြီး ရွာထဲရှိ နေအိမ် ( ၂ )လုံးအားစစ်တပ်က မီးရှို့ ဖျက်ဆီး၍ စိတ်ဝေဒရှင် ပြည်သူ ( ၁ ) ဦးကိုပါသတ်ဖြတ်ခဲ့ပါတယ်။ ဇူလိုင်၂၁ ရက်နေ့မှာ စကစတပ်များဟာ အင်တိုင်းကြီးရွာထဲကို မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။
"အင်တိုင်းကြီး ရွာထဲရှိ နေအိမ် ( ၂ )လုံးအား မီးရှို့ဖျက်ဆီး၍ စိတ်ဝေဒရှင် ပြည်သူ ( ၁ ) ဦး ကို လည်း အကြမ်းဖက် သတ်ဖြတ်ပြီး မီးရှို့ထားခဲ့တယ်"လို့ ခင်ဦး ARF အဖွဲ့ကဆိုပါတယ်။ စကစတပ်များဟာ ခင်ဦးမြို့နယ်ထဲ စစ်ကြောင်းထိုးမွှေနှောက်လျက်ရှိပါတယ်။
========================
📌📌 ၆။ တစ်ရက်အတွင်း ကျည်အတောင့် ၂၀၀ ကျော်ရရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ကျည်ဆန်များလိုအပ်နေသေးတယ်လို့ KNU / PDF ပူးပေါင်းတပ်ဖွဲ့ဆို
တစ်ရက်အတွင်း ကျည်အတောင့် ၂၀၀ ကျော်ရရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ကျည်ဆန်များလိုအပ်နေသေးတယ်လို့ KNU / PDF ပူးပေါင်းတပ်ဖွဲ့ကဆိုပါတယ်။ ဇူလိုင် ၂၂ ရက်နေ့မှာ ကျည်ဆန်များလိုအပ်နေတယ်လို့ဆိုပါတယ်။ လိုအပ်နေတဲ့ ကျည်အတွက် ပြည်တွင်း အလှူရှင်များမှ တစ်ရက်အတွင်း ကျည်အတောင့် ၂၀၀ ကျော်အား လှူဒါန်းထားပါတယ်။ ကျည်လိုအပ်နေသေးတာကြောင့်ထောက်ပံ့ကြပါ"လို့ ဆိုထားပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်အတွင်း နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ နေ့စဥ် ဖြစ်ပေါ်လျှက်ရှိပါတယ်။ လက်ရှိ စကစ စစ်ကြောင်းတွေ ထပ်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ အရပ်သားများကို ၄င်းတို့ဖမ်းဆီးမှုများလည်းရှိနေပါတယ်။
========================
📌📌 ၇။ နွေဦးတော်လှန်ရေး ပအိုဝ်းလူငယ်အင်အားစု မှ ရောင်းချရရှိလာသော ငွေကြေးများကို ပအိုဝ်းတိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (PNFC) ဘဏ္ဍာရေးမူဝါဒနှင့်ညီ ခွဲဝေသုံးစွဲသွားမယ်
နွေဦးတော်လှန်ရေး ပအိုဝ်းလူငယ်အင်အားစု မှ ရောင်းချရရှိလာသော ငွေကြေးများကို ပအိုဝ်းတိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (PNFC) ဘဏ္ဍာရေးမူဝါဒနှင့်ညီ ခွဲဝေသုံးစွဲသွားမယ်လို့ဆိုပါတယ်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ မဏ္ဍိုင် တစ်ခုဖြစ်သော နိုင်ငံတကာရောက် နွေဦးတော်လှန်ရေး ပအိုဝ်းလူငယ်အင်အားစု ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမူဝန်းကြီးဌာန နှင့် ပူးပေါင်းလျက်ရှိတယ်လို့ ဇူလိုင်လအတွင်းအသိပေးကြေညာပါတယ်။
ဒါ့အပြင်ပအိုဝ်းတိုင်းရင်းသားများ၏ ရည်မှန်းချက် ဖြစ်သော အနာဂါတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရာတွင် အထောက်အပံ့ ဖြစ်နိုင်ရန် အတွက် ငွေတိုက်စာချုပ် နှင့် EOD ရှယ်ယာ များရောင်းချပေးလျက်ရှိတယ်လို့လည်းဆိုပါတယ်။ နိုင်ငံတကာရောက် နွေဦးတော်လှန်ရေး ပအိုဝ်းလူငယ်အင်အားစုအဖွဲအစည်းနှင့် ပူးပေါင်းဆောင်ရွက်လိုသော နိုင်ငံတကာရောက် ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားသော မည်သည့် တိုင်းရင်းသားအဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်တယ်လို့လည်းဖော်ပြပါတယ်။
========================
📌📌 ၈။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျာမနီနိုင်ငံရောက် မြန်မာပြည်ဖွားများကိုရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မှတ်တမ်းရုပ်ရှင်များ ပြသမယ်
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျာမနီနိုင်ငံရောက် မြန်မာပြည်ဖွားများကိုရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မှတ်တမ်းရုပ်ရှင်များ ပြသမယ်လို့ဆိုပါတယ်။ သြဂုတ်လ ၇ ရက်နေ့ ဘာလင်မြို့ရဲ့ Moviemento ရုပ်ရှင်ရုံမှာ(တနင်္ဂနွေနေ့) မနက် ၁၁ နာရီက စတင်ကျင်းပသွားမှာ ဖြစ်လို့ ရုပ်ရှင်လက်မှတ်များ ဝယ်ယူအားပေးနိုင်မှာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မှတ်တမ်းရုပ်ရှင်များ ပြသခြင်း၊ အမိမြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအကြောင်း ဂျာမန်ဘာသာဖြင့် စာတမ်းဖတ်ကြားခြင်း ပွဲအခမ်းအနားကိုပါ တစ်ပါတည်းကျင်းပသွားမှာဖြစ်ပါတယ်။
ပြသမယ့် ဇာတ်ကားများကတော့ပိတောက် (Padauk: Myanmar Spring) နဲ့ တတိယထပ် ဘယ်ဘက်အခန်း (Third Floor on the Left) တို့ပဲ ဖြစ်ပါတယ်။ Third Floor on the Left ကတော့ တီထွင်ဆန်းသစ်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားသစ်တစ်ကားဖြစ်ပြီး၊ ဘာလင်မြို့မှာ ပထမဦးဆုံးအနေနဲ့ ပွဲဦးထွက် ပြသမှာ ဖြစ်ပါတယ်။ ဒီပွဲအခမ်းအနားကို German Solidarity with Myanmar Democracy e.V. နဲ့ Myanmar Study Group Berlin (Myanmar-Institut) တို့က ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment