Radio NUG 14th JUL 2022 8-30 PM

၂၀၂၂ ဇူလိုင်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ မွန်ဂိုလီးယားသမ္မတဟောင်းတို့ အွန်လိုင်းမှတွေ့ဆုံ

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေများမှာ လိုအပ်တဲ့ ဘတ်ဂျတ်များ ခွဲဝေချထားပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို 

📌 ၃။ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေက NUGတစ်ခုတည်းတင်မဟုတ်ဘဲ တိုင်းရင်းသားမဟာမိတ် အဖွဲ့စည်းများကလည်း လက်နက်ကိုင်တော်လှန်နေတယ်လို့ဆို

📌 ၄။ Kaung4 u ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေ

📌 ၅။ ရေဦးမြို့နယ် ကံပေါက်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး

📌 ၆။ လောင်းရှည်ဒေသကျေးရွာပေါင်းသုံးရွာမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် မိုးကာ၊​​ စောင် ခြင်​​ထောင်နဲ့ စားနပ်ရိက္ခာ၊အဝတ်အထည်များလိုအပ်နေ

📌 ၇။ အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာကို စကစတပ်များ ဝင်ရောက်မွှေနှောက် ဖျက်ဆီး၍  ရွာသားများ ထွက်ပြေးတိမ်းရှောင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ မွန်ဂိုလီးယားသမ္မတဟောင်းတို့ အွန်လိုင်းမှတွေ့ဆုံ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလ မှ မွန်ဂိုလီးယားသမ္မတဟောင်း Elbegdorj အား အွန်လိုင်းတွေ့ဆုံမှုဖြင့် ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ မွန်ဂိုလီးယားသမ္မတဟောင်းနဲ့တွေ့ဆုံကြောင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။


သမ္မတဟောင်း Elbegdorj ဟာ မြန်မာလူမျိုးများ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အခိုင်အမာ ထောက်ခံသူဖြစ်ပါတယ်။ မွန်ဂိုလီးယား နိုင်ငံ၏ သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရန်အတွက် Club de Madrid International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင် လျက်ရှိပါတယ်။


ယာယီသမ္မတ ဒူဝါလရှီးလမှ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို ထပ်မံမျှဝေခဲ့ပါတယ်။ ယာယီသမ္မတ အနေဖြင့်လည်း မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက် သမ္မတ Elbegdorj အား ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း Elbegdorj ကလည်း၎င်း၏ ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေးနေမည်ဖြစ်ကြောင်း  ယာယီသမ္မတအား အခိုင်အမာ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေများမှာ လိုအပ်တဲ့ ဘတ်ဂျတ်များ ခွဲဝေချထားပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို 


အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေများမှာ လိုအပ်တဲ့ ဘတ်ဂျတ်များ ခွဲဝေချထားပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကပြောပါတယ်။ ဇူလိုင် ၁၃ ရက်မကွေးတိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင် ပအဖ လက်စွဲအကြောင်း ရှင်းလင်းပွဲကျင်းပရာမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ခုခံတော်လှန်စစ်အပေါ်အခြေခံ၍ စိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစိုးမိုးနယ်မြေများတွင် လိုအပ်သည့် ဘတ်ဂျတ်များလည်း ခွဲဝေချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ် ပအဖ များနှင့် ချိတ်တွဲ၍ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းအကူအညီပေးမှုများကို အတတ်နိုင်ဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများနှင့် မြို့နယ်ပအဖများကြား ချိတ်ဆက်ရေး ပိုမိုအားကောင်းရန် နှင့် ရုံးလုပ်ငန်းပိုင်းမှအစ အစစအရာ ပိုမို စနစ်တကျရှိရှိဖြင့် အရှိန်မြှင့် လုပ်ဆောင်နိုင်စေရန်အတွက် ခရိုင် ပအဖ များပေါ်ပေါက်လာရန် အရေးကြီးကြောင်း"ဝန်ကြီးကဆိုပါတယ်။


ထို့နောက် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ကခရိုင် ပအဖ လုပ်ငန်းလက်စွဲကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး ရှင်းလင်းပွဲသို့ တက်ရောက်လာကြတဲ့ မြို့နယ် ပအဖ တာဝန်ရှိသူများက မရှင်းလင်းသည့် အချက်များ၊ သိရှိလိုသည့်အချက်များ၊ သုံးသပ်ချက်များ၊ အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေက NUGတစ်ခုတည်းတင်မဟုတ်ဘဲ တိုင်းရင်းသားမဟာမိတ် အဖွဲ့စည်းများကလည်း လက်နက်ကိုင်တော်လှန်နေတယ်လို့ဆို


နွေဦးဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေက NUGတစ်ခုတည်းတင်မဟုတ်ဘဲ တိုင်းရင်းသားမဟာမိတ် အဖွဲ့စည်းများကလည်း လက်နက်ကိုင်တော်လှန်နေတယ်လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပါတယ်။ ဇူလိုင်လအတွင်း RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့ပါတယ်။


"ကျနော်တို့ ဒီတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုတွေက NUGတစ်ခုထဲမဟုတ်ပါဘူး။ကျနော်တို့ရဲ့ တိုင်းရင်းသားညီအကို မဟာမိတ် အဖွဲ့အစည်းတွေကလည်း ဒီတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်သလို ၊ဒီNUGအစိုးရနဲ့ သီးသန့်လွတ်ကင်းပြီးတော့  ဒီတော်လှန်ရေးကို ဆင်နွှဲနေတဲ့ မြေပြင်မှာ လက်နက်ကိုင်တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ စကစတပ်များကို ခုခံတွန်းလှန်စစ် စတင်ဖို့ NUGအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့ပေါင်း၂၅၇ရင်းကျော် ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၄။ Kaung4 u ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေ


Kaung4 u ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်က အသိပေးပြောကြားပါတယ်။ ဇူလိုင် ၁၄ ရက် လူမှုကွန်ရက်မှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်ကရေးသားပြောပါတယ်။


"Kaung4 u ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာပဲ့ မနေ့က ဆရာကောင်းသိုက်စိုးအဖမ်းခံရတဲ့ သတင်းနဲ့ အတူ ဆရာ/ တစ်ချို့ပါအဖမ်းခံခဲ့ရပါတယ်။ Kaung 4u အနေနဲ့ စီမံခံခွဲမှု လိုအပ်ချက်တွေရှိခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ရှိကြောင်းခံယူပြီးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ် အခွင့်ကောင်းယူပြီး စာသင်ကြားပေးနေတဲ့ ဆရာ/မတွေကိုဖမ်းဆီးတာ က လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေပဲဖြစ်ပါတယ်။  အခုအချိန်မှာတော့ အားလုံးလုံခြုံရေးသတိနဲ့ နေကြဖို့ပါ။ ပညာရေးဝန်ကြီးဌာနကလည်း အဖြစ်အပျက်တွေအပေါ် ပြည်သူကိုအသိပေးစာထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ဇူလိုင် ၁၃ ရက်နေ့ကရှမ်းပြည်နယ် ကလောမြို့မှာ Kaung For You ကျောင်းကဆရာမတစ်ဦးစာသင်နေတုန်း လိပ်စာအတိအကျနဲ့ စကစတပ်ဖွဲ့ဝင်များက အိမ်ထဲဝင်ဖမ်းသွားခြင်းကိုခံရပါတယ်။ ဇူလိုင်လအတွင်းမှာ ကျောင်းသားများရဲ့ ကိုယ်ရေးအချက်အလက်များကျောင်းမှ ပေါက်ကြားမှုဖြစ်ပွားပြီးနောက် ချိန်းခြောက် ငွေကြေးတောင်းခံမှုများဖြစ်ပေါ်ခဲ့ပါတယ်။ လတ်တလောမှာ ကျောင်းမှ ဆရာများကို စကစတပ်များက ဆက်တိုက်ဝင်ရောက် ဖမ်းဆီးလျက်ရှိပါတယ်။ Kaung For You ကျောင်းဟာ အွန်လိုင်းအခြေပြုသင်ကြားခြင်းဖြစ်ပြီး ကျောင်းစတင်အပ်နှံချိန်တွင် တစ်နာရီအတွင်းကျောင်းသားပေါင်းတစ်သိန်းခန့်လျှောက်ထားခဲ့တာပါ။


========================


📌📌 ၅။ ရေဦးမြို့နယ် ကံပေါက်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကံပေါက်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


ရေဦးနယ်မှစကစတပ်စစ်ကြောင်းဟာ ယမန်နေ့က ရေဦးနယ်၊ တူမောင်းရွာကနေ  ညနေပိုင်းက ကံပေါက်ရွာသို့ လက်နက်ကြီးဖြင့်ထုကာ ဝင်ရောက်လာပြီး  ဝပ်ကျင်းချခဲ့ပါတယ်။ယနေ့မနက် ကံပေါက်ရွာကို မီးတင်ရှို့ပြီး  ဧက၁၀၀စိုက်ကွင်းဘက်ကနေ  နွားဘောင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နောက်ဆုံးသိရှိရပါတယ်"လို့ ဆိုပါတယ်။ စကစတပ်များဟာ ရေဦးနယ်တလျှောက် စစ်ကြောင်းထိုးလျက်ရှိပြီး အပြစ်မဲ့ရွာသားများကို ဖမ်းဆီးမှုတို့လည်းရှိနေပါတယ်။


========================


📌📌 ၆။ လောင်းရှည်ဒေသကျေးရွာပေါင်းသုံးရွာမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် မိုးကာ၊​​ စောင် ခြင်​​ထောင်နဲ့ စားနပ်ရိက္ခာ၊အဝတ်အထည်များလိုအပ်နေ


လောင်းရှည်ဒေသကျေးရွာပေါင်းသုံးရွာမှ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် မိုးကာ၊​​ စောင် ခြင်​​ထောင်နဲ့ စားနပ်ရိက္ခာ၊အဝတ်အထည်များလိုအပ်နေပါတယ်။ ဇူလိုင် ၁၄ ရက်နေ့မှာ  လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုပါတယ်။


"လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ စိုက်ခင်းကျေးရွာ အိုင့်ကြီးကျေးရွာ၊ဖလံမကျေးရွာ များမှ စစ်ဘေးရှောင်ပြည်သူ (၄၀၀) ကျော်အား လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုများကို ကြိုးစားဆောင်ရွက်နေပါတယ်။စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနဲ့ညီညွတ်သော နေရာထိုင်ခင်း လိုအပ်သောမိုးကာ၊​​ စောင် ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊အဝတ်အထည်၊တကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို လိုအပ်နေပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ LSRPDF မှအတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးမှုများ ကြိုးစားဆောင်ရွက်လျက်ရှိရာ ပြည်သူများမှလည်း စစ်ဘေးရှောင်ပြည်သူများအတွက် LSRPDF နှင့် ချိတ်ဆက်ပြီး တတ်နိုင်သလောက် ပါဝင်ကူညီ အားဖြည့်ပေးကြပါရန် နှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာကို စကစတပ်များ ဝင်ရောက်မွှေနှောက် ဖျက်ဆီး၍  ရွာသားများ ထွက်ပြေးတိမ်းရှောင်


အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာကို စကစတပ်များ ဝင်ရောက်မွှေနှောက် ဖျက်ဆီး၍ အိမ်ခြေ တစ်ရာကျော် ပျက်စီးကာ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က အင်းတော်မြို့နယ် အလယ်ဆိပ်ရွာကို စကစတပ်များဝင်ရောက် သောင်းကျန်းခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအင်အားစုကပြောပါတယ်။


ယမန်နေ့က စကစတပ်များဟာ မဲဇာရွာမှထွက်ခွာပြီး အလယ်ဆိပ်ရွာထဲသို့ ဝင်မွှေကာ တစ်အိမ်တက်ဆင်း နေအိမ်တွေ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဆိုင်ကယ်သုံးစီးအား မီးရှိူ့ဖျက်စီးကာ တစ်စီးကတော့ ရိုက်ဖျက်ထားတယ်လို့သိရပါတယ်။ အလယ်ဆိပ်ကျေးရွာသည် အိမ်ခြေနှစ်ရာကျော်ရှိကာတစ်ရာကျော်ကတော့ ဖျက်ဆီးခံထားရပြီး ရွာသား တထောင်ကျော်ဟာလည်း နီးစပ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရပါတယ်"လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်များကတော့ ရွာကိုဝင်မွှေပြီး ညနေပိုင်းအချိန်တွင် မဲဇာရွာသို့ ပြန်သွားကြောင်း သိရပါတယ်။ နတ်မဟုတ်ကြီး ဘုန်းကြီးဘုန်းကျောင်းတွင်လည်း အရပ်သားများကို ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment