၂၀၂၂ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUGPay ကို တရားဝင်လွှင့်တင်ထားတဲ့ Google Play ပေါ်မှသာ ဒေါင်းလုပ် ရယူဖို့သတိပေး
📌 ၂။ Federal ဆမ လျှောက်ထားသူများ အနေဖြင့် ဆမ fees များ ပေးသွင်းနိုင်ရန် NUG pay account များကြိုတင်ဖွင့်လှစ်ထားဖို့နှိုးဆော်
📌 ၃။ တစ်ပတ်အတွင်း မှာ NUGPay ကနေပြီးတော့ KNDF တပ်ရင်းမြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်းကျော် ရရှိ
📌 ၄။ PRA-Magway ရဲ့ စစ်မေတစ်ယောက်ရေးဆွဲတဲ့ဗိုလ်ချုပ်အောင်ဆန်းပုံကို တော်လှန်ရေးရန်ပုံငွေအတွက် ကံစမ်းမဲလက်မှတ်တစ်မဲငါးထောင်ကျပ်နဲ့ရောင်းချနေ
📌 ၅။ Kaung For You ကျောင်းကဆရာမတစ်ဦးစာသင်နေတုန်း လိပ်စာအတိအကျနဲ့ စကစတပ်ဖွဲ့ဝင်များက အိမ်ထဲဝင်ဖမ်းသွားခြင်းကိုခံရ
📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုချင်လို့ ဗြိတိန်သံအမတ်က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မယ်လို့ အသိပေးလိုက်
📌 ၇။ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော ခမရ (512) မှ ရဲဘော်တစ်ဦးအား CDF-Mindat မှ သိန်း ၅၀ ချီးမြှင့်
📌 ၈။ MG 6 ပြောက်ကျားတပ်(မြင်းခြံ)ခရိုင် အမှတ် (၅) တပ်ရင်းမှ စစ်ရေးလေ့ကျင့်မှုသင်တန်းအား ပြည်သူလူထု၏ပူးပေါင်းပါ၀င်အားပေးမှုဖြင့်အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့
📌 ၉။ ရေဦးမြို့နယ်တွင် စကစတပ်များ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ ကျေးရွာများမှာ မီးရှို့ခံထားရသော ရုပ်အလောင်းများတွေ့ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUGPay ကို တရားဝင်လွှင့်တင်ထားတဲ့ Google Play ပေါ်မှသာ ဒေါင်းလုပ် ရယူဖို့သတိပေး
NUGPay ကို တရားဝင်လွှင့်တင်ထားတဲ့ Google Play ပေါ်မှသာ ဒေါင်းလုပ် ရယူဖို့သတိပေးလိုက်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ NUG Pay လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြပါတယ်။
“NUGPay ကို တရားဝင်လွှင့်တင်ထားတဲ့ Google Play ပေါ်မှသာ ဒေါင်းလုပ် ရယူပါ။ဒစ်ဂျစ်တယ်နည်းပညာတွေကြောင့် တိုးတက်မှုတွေ ရှိလာပေမယ့် တစ်ဖက်မှာ မသမာမှုတွေလည်း ရှိလာနိုင်တာကြောင့် ကိုယ့်ဖုန်းထဲက ငွေကြေးနဲ့ တခြား အချက်အလက်တွေကို ကာကွယ်ဖို့ အထူးအရေးကြီးပါတယ်"လို့ ဖော်ပြပါတယ်။
လက်ရှိ အချိန်မှာ NUGPay ကို Google Play တစ်ခုတည်း၌သာ လွှင့်တင်ထားပြီး အခြားမည်သည့် Application Store ပေါ်တွင် လွှင့်တင်ထားခြင်း မရှိသေးဘူးဖြစ်ပါတယ်။ NUGPay အကြောင်းအရာများကို ဘလူးမတ်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အပြည့်အစုံဖော်ပြထားပါတယ်။
========================
📌📌 ၂။ Federal ဆမ လျှောက်ထားသူများ အနေဖြင့် ဆမ fees များ ပေးသွင်းနိုင်ရန် NUG pay account များကြိုတင်ဖွင့်လှစ်ထားဖို့နှိုးဆော်
Federal ဆမ လျှောက်ထားသူများ အနေဖြင့် ဆမ fees များ ပေးသွင်းနိုင်ရန် NUG pay account များကြိုတင်ဖွင့်လှစ်ထားဖို့နှိုးဆော်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ Federal Health Professional Council ကတရားဝင်ထုတ်ပြန်ပါတယ်။
"Federal Health Professional Council တွင် Federal ဆမ လျှောက်ထားသူများ အနေဖြင့် ဆမ fees များ ပေးသွင်းနိုင်ရန် NUG pay account များကြိုတင်ဖွင့်လှစ်ထားရှိရန် ပန်ကြားအပ်ပါတယ်"လို့ဆိုပါတယ်။ NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းသော ငွေပေးချေမှု စနစ်တစ်ခုပင် ဖြစ်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။
========================
📌📌 ၃။ တစ်ပတ်အတွင်း မှာ NUGPay ကနေပြီးတော့ KNDF တပ်ရင်းမြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်းကျော် ရရှိ
တစ်ပတ်အတွင်း မှာ NUGPay ကနေပြီးတော့ KNDF တပ်ရင်းမြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်းကျော် ရရှိခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ KNDF တပ်ရင်းက ထောက်ပို့ငွေရရှိကြောင်းဖော်ပြပါတယ်။
"ဒီတစ်ပတ်အတွင်း မှာဘဲ NUGPay ကနေပြီးတော့ မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်းကျော် ရရှိပါပြီ။ ဆက်လက်ပါဝင်အားဖြည့်ကြပါရန် တိုက်တွန်းလိုပါတယ်"လို့ ဆိုပါတယ်။
NUGPay ဟာ လက်ရှိမှာ ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးပို့နိုင်ပြီဖြစ်ပါတယ်။ NUGPay Wallet QR code တင်ထားကြတဲ့ အဖွဲ့အစည်းများမှာMyanmar Defence Force၊ Karenni Nationalities Defence Force၊ PDF Loikaw၊ANTS - ပုရွက်ဆိတ်များ၊ Nway Oo Clinic - နွေဦးဆေးခန်း၊ BPLA - Venture၊FLA ၊ တော်လှန်ကောမစ်၊ ပြည်သူ့ရင်ခွင်၊ Dove Kk၊ Fundraising by YTUSU၊ DRPDN ၊ UMCD တို့ဖြစ်ပါတယ်။
========================
📌📌 ၄။ PRA-Magway ရဲ့ စစ်မေတစ်ယောက်ရေးဆွဲတဲ့ဗိုလ်ချုပ်အောင်ဆန်းပုံကို တော်လှန်ရေးရန်ပုံငွေအတွက် ကံစမ်းမဲလက်မှတ်တစ်မဲငါးထောင်ကျပ်နဲ့ရောင်းချနေ
PRA-Magway ရဲ့ စစ်မေတစ်ယောက်ရေးဆွဲတဲ့ဗိုလ်ချုပ်အောင်ဆန်းပုံကို တော်လှန်ရေးရန်ပုံငွေအတွက် ကံစမ်းမဲလက်မှတ်တစ်မဲငါးထောင်ကျပ်နဲ့ရောင်းချနေပါတယ်။ ဇူလိုင် ၁၃ ရက်မှာ PRA-Magway Supporting အဖွဲ့ကဆိုပါတယ်။
" ကျွန်တော်တို့ PRA-Magway ရဲ့ စစ်မေတစ်ယောက်ဆွဲနေတဲ့ ပုံဆိုတာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းရဲ့ ပုံပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်မေဆွဲပေးထားတဲ့ ကိုအောင်ဆန်းပုံကို တစ်မဲ ၅၀၀၀ နဲ့ မဲဖောက်သွားဖို့ရှိပါတယ်ဗျ။ ပြည်တွင်းအတွက် မဲ 200 ရှိပါတယ်။ တစ်မဲ ကို ၅၀၀၀ ပါ ပြည်ပအတွက် မဲ ၅၀ ဖြစ်ပြီး တစ်မဲကို ၁၀ ဒေါ်လာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Campaignရက်ကို (၉) ရက် သတ်မှတ်ထားကာမဲဖောက်ပေးမဲ့ရက်ကတော့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်နေ့ ဖြစ်ပါတယ်။ မဲဝယ်လိုသော မိဘပြည်သူများအနေဖြင့် PRA-Magway Supporting Page တွင် Kpay, WavePay, NUG Pay မှတဆင့်ဝယ်ယူနိုင်ပါတယ်။
========================
📌📌 ၅။ Kaung For You ကျောင်းကဆရာမတစ်ဦးစာသင်နေတုန်း လိပ်စာအတိအကျနဲ့ စကစတပ်ဖွဲ့ဝင်များက အိမ်ထဲဝင်ဖမ်းသွားခြင်းကိုခံရ
ရှမ်းပြည်နယ် ကလောမြို့မှာ Kaung For You ကျောင်းကဆရာမတစ်ဦးစာသင်နေတုန်း လိပ်စာအတိအကျနဲ့ စကစတပ်ဖွဲ့ဝင်များက အိမ်ထဲဝင်ဖမ်းသွားခြင်းကိုခံရပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ အိမ်ထဲကိုဝင်ဖမ်းသွားတာလို့ ဒေသ သတင်းအရင်းအမြစ်များကဆိုပါတယ်။
လာဖမ်းသူများဟာ အရပ်ဝတ်နဲ့ စကစတပ်ဖွဲ့ဝင်များဖြစ်ပြီး စာသင်နေတဲ့ဆရာမရဲ့ဖုန်းနဲ့ကွန်ပျူတာများကိုလည်း တစ်ပါတည်းသိမ်းဆည်းယူဆောင်သွားပါတယ်။ Kaung For You Education တွင် ကျောင်းအပ်နှံတဲ့ ကျောင်းသားများရဲ့လိပ်စာ ပေါက်ကြားပြီးနောက် လုံခြုံရေးကျိုးပေါက်မှုများဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုချင်လို့ ဗြိတိန်သံအမတ်က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မယ်လို့ အသိပေးလိုက်
တရားမဝင် အာဏာသိမ်းထားပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြု ချင်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဖြစ်သူ Pete Vowles က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာတော့မယ်လို့ တွစ်တာမှာရေးသားပြီး အသိပေးလိုက်ပါတယ်။ ဗြိတိန်သံအမတ်ကြီးဖြစ်သူ Pete Vowles က သံအမတ်ခန့်အပ်လွှာကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေးအပ်ခြင်းမရှိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးမှုတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ ဆိုထား ပါတယ်။
"ဒီနေ့မှာပဲ မြန်မာနိုင်ငံက ကျွန်တော့်အချိန်တွေ အဆင်မပြေဘဲ အဆုံး သတ်ပါပြီ။ စစ်ကောင်စီက ပြန်လည်ထွက်ခွာဖို့ ဖိအားပေးတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူမဆန်တဲ့ အာဏာ သိမ်းမှုကို တရားဝင်မှုပေးဖို့ ဖိအားပေးတာကိုတော့ ကျွန်တော်တို့ အလျှော့မပေးခဲ့ပါဘူး"လို့ သံအမတ်ကြီး Pete Vowles က တွစ်တာမှာ ရေးသား ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွင်း ငြိမ်း ချမ်းရေး၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေအတွက် ရည်တည်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာလုယူခဲ့ချိန်ကစပြီးတော့ တစ်နှစ်ကျော်လာချိန်အထိ အကြမ်း ဖက်စစ်ကောင်စီကို နိုင်ငံ တကာက တရားဝင်အသိအမှတ်ပြုမှု မပေးထားသေးပါဘူး လို့သိရပါတယ်။
========================
📌📌 ၇။ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော ခမရ (512) မှ ရဲဘော်တစ်ဦးအား CDF-Mindat မှ သိန်း ၅၀ ချီးမြှင့်
ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော ခမရ (512) မှ ရဲဘော်တစ်ဦးအား CDF-Mindat မှ သိန်း ၅၀ ချီးမြှင့်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ အလင်းဝင်လာတဲ့စကစတပ်သားအကြောင်းကို CDF-Mindat မှထုတ်ပြန်ခဲ့ပါတယ်။
"CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံဖြင့် ၁၀-၇ -၂၀၂၂ တွင် လာရောက်ခိုလှုံလာသော ခမရ (512) မှ ရဲဘော်တစ်ဦးအား CDF-Mindat မှ သိန်း ၅၀ ချီးမြှင့်ပြီး နွေးထွေးစွာကြိုဆိုခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
လက်ရှိမှာ စကစတပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းမှတဆင့်နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကိုခိုလှုံလျက်ရှိပါတယ်။
========================
📌📌 ၈။ MG 6 ပြောက်ကျားတပ်(မြင်းခြံ)ခရိုင် အမှတ် (၅) တပ်ရင်းမှ စစ်ရေးလေ့ကျင့်မှုသင်တန်းအား ပြည်သူလူထု၏ပူးပေါင်းပါ၀င်အားပေးမှုဖြင့်အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့
MG 6 ပြောက်ကျားတပ်(မြင်းခြံ)ခရိုင် အမှတ် (၅) တပ်ရင်းမှ စစ်ရေးလေ့ကျင့်မှုသင်တန်းအား ပြည်သူလူထု၏ပူးပေါင်းပါ၀င်အားပေးမှုဖြင့်အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ MG 6 ပြောက်ကျားတပ်က ဆိုပါတယ်။
"MG6ပြောက်ကျားတပ်(မြင်းခြံ)ခရိုင်အမှတ် (၅) တပ်ရင်းပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အပတ်စဥ် ၃ စစ်ရေးလေ့ကျင့်မှု့သင်တန်းအား ပြည်သူလူထု၏ပူးပေါင်းပါ၀င်အားပေးမှု့ဖြင့်အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ သင်တန်းဆင်းခဲ့ကြသောရဲဘော်များအား ပြည်သူလူထုက ကြိုဆိုခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
========================
📌📌 ၉။ ရေဦးမြို့နယ်တွင် စကစတပ်များ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ ကျေးရွာများမှာ မီးရှို့ခံထားရသော ရုပ်အလောင်းများတွေ့ရှိ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စကစတပ်များ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ ကျေးရွာများမှာ မီးရှို့ခံထားရသော ရုပ်အလောင်းများတွေ့ရှိပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ ရုပ်အလောင်းများတွေ့ရှိကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။
"ဇူလိုင် ၈ ရက်နေ့ကစပြီး စကစတပ်များဝင်ရောက်တဲ့စည်သာမြေရွာ၊ လိန်တောရွာ နှင့် အနီးတို့မှာ အမည်မဖော်နိုင်သေးသော (မီးရှို့ ပုံဖျက်ထား) အလောင်း သုံးလောင်းတွေ့ရှိထားပါတယ်"လို့ ဆိုပါတယ်။
စကစတပ်များဟာ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အင်အားအလွန်အကျွံနဲ့စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
No comments:
Post a Comment