၂၀၂၂ ဇူလိုင်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရုရှားနိုင်ငံဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက် စစ်အုပ်စုဆီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော
📌 ၂။ အသွင်ကူးပြောင်းကာလ စတင်နေပြီဖြစ်၍ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာမီပြုတ်ကျ ထွက်ပြေးမယ်လို့ ဖက်ဒရယ်ရေးရာ ဝန်ကြီးပြောကြားလိုက်
📌 ၃။ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ်ကလက်နက်ကြီးစက်လက်သမား ၃ ဦးသေဆုံးခဲ့
📌 ၄။ ကရင်ပြည်နယ် မုန်းမြို့နယ်တွင် ကျေးရွာပေါင်း (၂၆) ရွာမှ စစ်ဘေးရှောင်နေရသော လူဦးရေ ၃၉၀၀၀ ကျော်ရှိလာ
📌 ၅။ မမပရောဂျက်ရဲ့ မြေပြင်တော်လှန်ရေးစကားဝိုင်း ဇူလိုင် ၉ ရက်နေ့ကျင်းပမယ်
📌 ၆။ အမေရိကန် San Francisco တွင် စစ်ဘေးရှောင်များအတွက် သီဆိုဖျော်ဖြေ၍ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ အမေရိကန်ဒေါ်လာ ငါးသောင်းနီးပါးရတယ်လို့ အဆိုတော်ဆောင်းဦးလှိုင်ပြော
📌 ၇။ Click 2 donate မှ ဝင်ငွေလျော့နည်း၍ စစ်ကိုင်းအတွက် ပံ့ပိုးကူညီမှုအနည်းငယ်လျော့ကျကာ ကလစ်များများလုပ်ပေးဖို့ ပြည်သူလူထုကိုတိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရုရှားနိုင်ငံဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက် စစ်အုပ်စုဆီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြော
ရုရှားနိုင်ငံဟာ ဂျက်တိုက်လေယာဉ်တွေနဲ့စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက် စစ်အုပ်စုဆီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ CNN သတင်းဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရေးသားဖော်ပြတဲ့ ဆောင်းပါးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
"ရုရှားနိုင်ငံဟာ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ လေ့ကျင့်ရေးတွေကို အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်တယ်။ ဒီလက်နက်တွေဟာ အာဏာသိမ်းပြီးကတည်းက အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်။အာဏာလက်မလွှတ်ရဖို့ အာဏာရှင်အချင်းချင်း ပံ့ပိုးကူညီနေတဲ့ ကမ္ဘာမှာ ကျွန်မတို့ နေထိုင်နေရတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးဆုံးဖြတ်ရာတွင်လည်း တရုတ်နိုင်ငံအပါအဝင် ရုရှားနိုင်ငံတို့ဟာ အရေးယူမခံရဖို့ အမြဲတမ်းကန့်ကွက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ အသွင်ကူးပြောင်းကာလ စတင်နေပြီဖြစ်၍ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာမီပြုတ်ကျ ထွက်ပြေးမယ်လို့ ဖက်ဒရယ်ရေးရာ ဝန်ကြီးပြောကြားလိုက်
အသွင်ကူးပြောင်းကာလ စတင်နေပြီဖြစ်၍ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာမီပြုတ်ကျ ထွက်ပြေးမယ်လို့ ဖက်ဒရယ်ရေးရာ ဝန်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက THN freelance journalist တွေ့ဆုံမေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အသွင်ကူးပြောင်းရေးကာလက စတင်နေပြီ။ အပြည့်အစုံ မစတင်နိုင်ပေမဲ့ မကြာခင် တစ်နိုင်ငံလုံးကို လွှမ်းခြုံမှာဖြစ်တယ်။ မင်းအောင်လှိုင် ပြုတ်ကျမယ်။ ထွက်ပြေးမယ်။စစ်အာဏာရှင် စနစ်ကျဆုံးမယ်"လို့ဝန်ကြီးကပြောပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်ရှိမှာ တပ်ရင်းပေါင်း ၂၅၇ ရင်းကျော်ပြီဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ကြားကာလ အုပ်ချုပ်ရေးအစီအစဥ်များကို ကောလင်း၊ကသာ၊ကန့်ဘလူစတဲ့နေရာများမှာ စီစဥ်ဆောင်ရွက်နေပြီး မကွေးတိုင်းတွင် ၇ မြို့နယ်စတင်နေပြီဖြစ်ပါတယ်။
========================
📌📌 ၃။ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ်ကလက်နက်ကြီးစက်လက်သမား ၃ ဦးသေဆုံးခဲ့
ကရင်ပြည်နယ် ဝေါလေ ဥကရစ်ထတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးစက်လက်သမား ၃ ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့ ညပိုင်းမှာ VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ဥကရစ်ထတိုက်ပွဲအတွင်း (စကစ) ၏အားကိုးအားထားရသော စက်လက်သမား ၃ ယောက် ကျဆုံးသွားခဲ့ပါတယ်။ VENOM စစ်ကြောင်းမှူးစောဝင်းမြင့်ရဲ့ Sniper လက်ချက်ဖြင့် စက်လက်သမားနှင့်အတူနောက်ဆက်တွဲ ၂ ယောက်သည်လည်း ဘဝပြောင်းသွားခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ထို့အပြင် စကစဘက်က ဖော်ပြသော စက်လက်သမားမှာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန်တွင် စစ်ကူရောက်မှ သေဆုံးခြင်းမဟုတ်ဘဲမူလကတည်းက ဘန်ကာမြောင်းအနီးသေဆုံးနေခဲ့တာလို့ VENOM စစ်ကြောင်းက ရဲဘော်တစ်ဦးကလည်းဆိုထားပါတယ်။ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များကစခန်းသိမ်းနိုင်ရန် ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၄ ရက်နေ့ အထိ ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။
========================
📌📌 ၄။ ကရင်ပြည်နယ် မုန်းမြို့နယ်တွင် ကျေးရွာပေါင်း (၂၆) ရွာမှ စစ်ဘေးရှောင်နေရသော လူဦးရေ ၃၉၀၀၀ ကျော်ရှိလာ
ကရင်ပြည်နယ် မုန်းမြို့နယ်တွင် ကျေးရွာပေါင်း (၂၆) ရွာမှ စစ်ဘေးရှောင်နေရသော လူဦးရေ ၃၉၀၀၀ ကျော်ရှိလာပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများသို့ ပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သူဉီးရေတိုးလာကြောင်းဇူလိုင်လ(၃)ရက်နေ့မှာ ကေအဲန်ယူ-ဗဟိုကထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၂) ရက်နေ့မှစ၍ ကေအဲန်ယူ-မုန်းမြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း (၅) ခုကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူမှုနှင့်ပတ်သက်၍ စခန်းသိမ်းတိုက်ပွဲနှင့် နီးသောကျေးရွာများ တိမ်းရှောင်နေတယ်လို့ဖော်ပြပါတယ်။
ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်မှ သိမ်းယူထားတဲ့တပ်စခန်းများကို ပြန်လည် ရယူရန်အတွက် စကစတပ်ကလေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်လျက်ရှိပြီး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေ ကြရတာပါ။
ဇူလိုင်လ (၃) ရက်နေ့မှစ၍ ရရှိထားသည့်စာရင်းများအရ ထွက်ပြေးတိမ်းရှောင်နေကြသော လူဉီးရေမှာ ကျေးရွာပေါင်း (၂၆) ရွာမှ လူဦးရေ စုစုပေါင်း (၃၉၄၂၈) ဦးထိရှိလာခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့ မနက်ပိုင်း မှစ၍ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၉၀) ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် (၉) လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ကော့ပြင်းကျေးရွာနှင့် အနီးတစ်ဝိုက်နေရာများတွင် ကျရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ မမပရောဂျက်ရဲ့ မြေပြင်တော်လှန်ရေးစကားဝိုင်း ဇူလိုင် ၉ ရက်နေ့ကျင်းပမယ်
မမပရောဂျက်ရဲ့ မြေပြင်တော်လှန်ရေးစကားဝိုင်း ဇူလိုင် ၉ ရက်နေ့ကျင်းပမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ပထဝီဝင်မြေပြင်အနေထား၊ လက်ရှိစစ်ရေးသုံးသပ်ချက်၊ တော်လှန်ရေးအရွှေ့နဲ့ မမတွေသာ စစ်ကိုင်းတိုင်းကိုရောက်ခဲ့ရင်စတဲ့ ရှုထောင့်ပေါင်းစုံကို ဇူလိုင် ၉ ရက် ည (၈:၀၀) နာရီမှာ ဆွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွင် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးအတွင်းဝန် - ဦးနိုင်ထူးအောင်နှင့် CDM ဗိုလ်ကြီးလင်းထက်အောင်တို့မှ ဦးဆောင်ဆွေးနွေးပြောကြားပေးမှာဖြစ်ပါတယ်။ ဦးဆောင်မေးမြန်းပေးမှာကတော့ မမတို့ရဲ့ Moderator ဒေါက်တာဖြိုးသီဟပဲဖြစ်ပါတယ်။ ဒီစကားဝိုင်းဟာ လှူဒါန်းသူပြည်သူတွေအနေနဲ့ရော၊ မြေပြင်တပ်ရင်းတွေအပါ၊ သာမန်ပြည်သူတွေပါ မဖြစ်မနေစောင့်ကြည့်သင့်၊ နားထောင်သင့်တဲ့စကားဝိုင်းလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ အမေရိကန် San Francisco တွင် စစ်ဘေးရှောင်များအတွက် သီဆိုဖျော်ဖြေ၍ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ အမေရိကန်ဒေါ်လာ ငါးသောင်းနီးပါးရတယ်လို့ အဆိုတော်ဆောင်းဦးလှိုင်ပြော
အမေရိကန် San Francisco တွင် စစ်ဘေးရှောင်များအတွက် သီဆိုဖျော်ဖြေ၍ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ အမေရိကန်ဒေါ်လာငါးသောင်းနီးပါးရတယ်လို့ အဆိုတော်ဆောင်းဦးလှိုင်ပြောပါတယ်။ ဇူလိုင် ၄ ရက်နေ့မှာ အဆိုတော် ဆောင်းဦးလှိုင်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။
"တကယ်ကိုလေးစားစရာဦးဆောင်သူ၊ကူညီကြသူများ၊ ငယ်သူငယ်ချင်းများ၊ချစ်ခင်စရာပရိသတ်များကြောင့် ခင်းထားတဲ့ထိုင်ခုံပြည့်လုနီးပါးနဲ့ San Fran ပွဲဟာ ကြည်နူးစရာကောင်းခဲ့ပါတယ်။စုစုပေါင်းရရှိတဲ့ဝင်ငွေ ဒေါ်လာငါးသောင်းနီးပါးမှရုံငှါးခ၊စက်ငှါးခ၊ကုန်ကျမှုတချို့ပေးချေအပြီး စစ်ဘေးသင့်ပြည်သူများထံ ဒေါ်လာ၄၆၀၀၀ခန့်လှူဒါန်း နိုင်တော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အဆိုတော်ဆောင်းဦးလှိုင်မှ ၄င်းရရှိသော အနုပညာကြေးကိုလည်း ပြန်လည်ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။
========================
📌📌 ၇။ Click 2 donate မှ ဝင်ငွေလျော့နည်း၍ စစ်ကိုင်းအတွက် ပံ့ပိုးကူညီမှုအနည်းငယ်လျော့ကျကာ ကလစ်များများလုပ်ပေးဖို့ ပြည်သူလူထုကိုတိုက်တွန်း
Click 2 donateမှ ဝင်ငွေလျော့နည်း၍ စစ်ကိုင်းအတွက် ပံ့ပိုးကူညီမှုအနည်းငယ်လျော့ကျကာ ကလစ်များများလုပ်ပေးဖို့ ပြည်သူလူထုကိုတိုက်တွန်းလိုက်ပါတယ်။ ဇူလိုင်လအတွင်းမှာ Click 2 donateမှသတင်းထုတ်ပြန်ပါတယ်။
"စစ်ကိုင်းကိုလည်းမမေ့ပါဘူးခင်ဗျ။ ကျွန်တော်တို့ ပေးသမျှလတိုင်း စစ်ကိုင်းက အများဆုံးဖြစ်ပါတယ်။ ဒီလလဲ စစ်ကိုင်းက ၆၅ ရာခိုင်နှုန်းအထိပါပါတယ်ခင်ဗျာ။ အရင်လတွေကဆို လတိုင်း ၈၅ ရာခိုင်နှုန်း ပါတာပါခင်ဗျာ"လို့ဖော်ပြပါတယ်။ Click 2 donate မှ ကာကွယ်အဖွဲ့များကို ဧပြီလအတွက် သိန်းပေါင်းလေးထောင်ကျော် ပံ့ပိုးပေးနိုင်ခဲ့ပြီး မေလတွင် သိန်းပေါင်းနှစ်ထောင့်ငါးရာဝန်းကျင်သာပေးပို့နိုင်ခဲ့ပါတယ်။ အဓိက ဝင်ငွေများလျော့နည်းရခြင်းမှာ app တွေ web တွေ အပိတ်ခံရတာပါဝင်တယ်လို့ Click 2 donateမှဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment