၂၀၂၂ သြဂုတ်လ ၁၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမယ့် အချိန်သို့ ရောက်ရှိလာတာနှင့်အမျှ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအရေးကြီးလာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သင်ခန်းစာများ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ပို့ချပေးခဲ့
📌 ၃။ တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံ ဘတ်ငွေတစ်သိန်းခွဲမြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့
📌 ၄။ အကြမ်းဖက် စစ်ကောင်စီထံက နိုင်ငံရေးပင်စင်ယူတဲ့ အဖွဲ့ချုပ် ပါတီဝင်အမည်စာရင်းရရှိပါက ပါတီက ထုတ်ပယ်ကောင်းထုတ်ပယ်နိုင်တယ်လို့ဆို
📌 ၅။ အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်း အသိပေး ကြေညာ
📌 ၆။ ရဲဘော် ဆလိုင်းထန်းနိုင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
📌 ၇။ ကလေးမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးတောင်သူနှစ်ဦးကို အကြမ်းဖက် စစ်တပ်ကအကြောင်းမဲ့ပစ်သတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမယ့် အချိန်သို့ ရောက်ရှိလာတာနှင့်အမျှ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအရေးကြီးလာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမယ့် အချိန်သို့ ရောက်ရှိလာတာနှင့်အမျှ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအရေးကြီးလာတော့မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ သြဂုတ်လ ၁၈ ရက် ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၅/၂၀၂၂) မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"မိမိတို့အနေဖြင့် တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ရမည့် အချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များသည်လည်း များစွာ အရေးကြီးလာတော့မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများ အချိတ်အဆက်မိမိနှင့် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်းနှင့် လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များအပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြပြီဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၃၆ မြို့နယ်အား ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောက်လျက်ရှိပြီး ပညာရေး၊ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးကိုထူထောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သင်ခန်းစာများ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ပို့ချပေးခဲ့
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သင်ခန်းစာများ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ပို့ချခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက် မှာပြည်ထောင်စု ဝန်ကြီးဦးအောင်မျိုးမင်းက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သင်ခန်းစာများ ပို့ချခဲ့ပေးတယ်လို့သတင်းရရှိပါတယ်။
အဆိုပါ သင်ခန်းစာများမှာ - ပြည်သူ့ကာကွယ်ရေး တပ်သားများအနေနဲ့ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မဖြစ်မနေလိုက်နာရမည့် စည်းမျဉ်း၊စည်းကမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ခုခံရာတွင် ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ရာတွင် သတိပြုရမည့်အချက်အလက်များ၊ လက်နက်ချအညံ့ခံလာသည့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များကိုပို့ချပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချင်းချင်းကြား လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများ၊ လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများကိုပါ ထည့်သွင်း ပို့ချခဲ့ပါတယ်။
========================
📌📌 ၃။ တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံ ဘတ်ငွေတစ်သိန်းခွဲမြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့
တပ်မဟာ (၆) ဌာနချုပ်စစ်ကြောင်းထံ ဘတ်ငွေတစ်သိန်းခွဲမြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့ခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက်မှာမြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က အသိပေးဆိုပါတယ်။
"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)ဌာနချုပ်စစ်ကြောင်းထံသို့ ထိုင်းဘတ်ငွေတစ်သိန်းခွဲ(150,000)တိတိကို မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ထောက်ပို့ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကိုရီးယား၊ထိုင်း၊မလေးရှား၊စင်ကာပူနိုင်ငံမှထောက်ပံ့အဖွဲများ၏ ထောက်ပို့ငွေများပါဝင်ပါတယ်လို့ဆိုပါတယ်။
MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြင့် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက် ပို့ဆောင်နေလျှက်ရှိတယ်လို့ကြေညာပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီထံက နိုင်ငံရေးပင်စင်ယူတဲ့ အဖွဲ့ချုပ် ပါတီဝင်အမည်စာရင်းရရှိပါက ပါတီက ထုတ်ပယ်ကောင်းထုတ်ပယ်နိုင်တယ်လို့ဆို
အကြမ်းဖက် စစ်ကောင်စီထံက နိုင်ငံရေးပင်စင်ယူတဲ့ အဖွဲ့ချုပ် ပါတီဝင်အမည်စာရင်းရရှိပါက ပါတီက ထုတ်ပယ်ကောင်းထုတ်ပယ်နိုင်တယ်လို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးကပြောပါတယ်။ သြဂုတ်လ ၁၈ ရက် ဆက်သွယ်မေးမြန်းရာမှာ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက သုံးသပ်ပြောပါတယ်။
"အဓိက ဘယ်သူတွေက ယူသလဲဆိုတာ စာရင်းအတိအကျမသိရသေးဘူး။ အမသိသလောက်က အဲဒီစာရင်းရရင် ပါတီက ထုတ်ပယ်ဖို့ လုပ်ကောင်းလုပ်နိုင်တယ်။ နောက်တစ်ခုက ဒီလိုမျိုးရယူသွားတဲ့လူတွေက ပါတီက ဟိုယခင် အရေးယူလို့သော်လည်းကောင်း ၂၀၂၀ မှာ ပြန်ပြီးတော့ ရွေးကောက်မခံရတဲ့ ကိုယ်စားလှယ် တွေပါမယ်"လို့ ဆိုပါတယ်။ သြဂုတ်လ ၁၇ ရက် အကြမ်းဖက် စစ်ကောင်စီက ကျင်းပတဲ့ရှင်းလင်းပွဲမှာ စကစခန့်ဇော်မင်းထွန်းက NLD အမတ်နှစ်ရာကျော်ကို နိုင်ငံရေးပင်စင် ပေးခဲ့တယ်လို့ပြောကြားခဲ့ပြီး မည်သူမည်ဝါဆိုတာကိုတော့ပြောကြားခဲ့ခြင်းမရှိဘူးဖြစ်ပါတယ်။
========================
📌📌 ၅။ အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်း အသိပေး ကြေညာ
အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်း အသိပေး ကြေညာလိုက်ပါတယ်။ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ၏ တတိယ အစီအစဉ်အဖြစ် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ခေါင်းဆောင်များ (သို့) အကြမ်းဖက် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ (သို့) အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်သော စီးပွါးရေးလုပ်ငန်းများမှ သိမ်းပိုက်ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ မြို့နယ် အသီးသီးရှိ မြေနှင့်အဆောက်အအုံများကို အများပြည်သူ အကျိုးရှိမည့် စီမံကိန်းများအဖြစ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ EODကဖော်ပြပါတယ်။ အဆိုပါ စီမံကိန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အချက်အခြာကျသော ဧကထောင်နှင့်ချီသော မြေနေရာများ ပါဝင်မှာဖြစ်ပါတယ်။
"စီမံကိန်းမှာ အမျိုးအစား ၃ ခု ပါဝင်မှာဖြစ်ကာ (၃-က) စိမ်းလန်းနယ်မြေနှင့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ။ ပြည်သူအများနှင့်ဆိုင်သော စီမံကိန်း ဖြစ်ပြီး စိမ်းလန်းမြေ၊ နွေဦးပန်းခြံ၊ မျိုးဆက်သစ်တို့၏ လွတ်လပ်ရင်ပြင်၊ ပြည်သူ့သူရဲကောင်းများ ဗိဗ္မာန်၊ နွေဦးတော်လှန်ရေး ပြတိုက် စသည်ဖြင့် တော်လှန်ရေးအောင်ပွဲနှင့် ထိုက်တန်လှသည့် ပြည်သူ့များအတွက် ခန့်ညားထည်ဝါတဲ့ ဗိသုကာအဆောက်အအုံများ၊ ကမ္ဘာက လေးစားတန်ဖိုးထားစရာ အခင်းအကျင်းများကို ဖော်ကျူးထားမယ့် နေရာတွေပါဝင်မယ်"လို့ ဆိုပါတယ်။
ပြည်သူ့ အကြံပေးချက်၊ ပူးပေါင်းပါဝင်မှုများကို ဖိတ်ခေါ်သွားမည် ဖြစ်ပြီး နွေဦးတော်လှန်ရေးလွန် ကာလတွင် တရားဝင် ပြည်သူ့အစိုးရမှ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများမှာအာဏာရှင်နိဂုံး အဆုံးသတ်ရန်အတွက် အရေးကြီးလှသော တော်လှန်ရေး ရန်ပုံငွေများ ရရှိရန် ရည်ရွယ်ပြီး မြေပိုင်ဆိုင်ခွင့် ရရှိမည့် စီမံကိန်းများ ဖြစ်ပြီး၊ ပထမဆုံး အနေဖြင့် “နွေဦးရိပ်မွန် စီမံကိန်း @Mindhamma” နှင့် “နွေဦးမော်ကွန်းသစ် စီမံကိန်း @Thanthuma” တို့ ပါဝင်မှာဖြစ်ပါတယ်။
EOD ကိုယ်စားလှယ်များမှ တဆင့် ရောင်းချပေးမယ့် စီမံကိန်း အမျိုးအစား ဖြစ်ပါတယ်။ စီးပွါးရေးဆိုင်ရာ စီမံကိန်းများမှာတော်လှန်ရေးရန်ပုံငွေများ ရရှိရေးသာ မကပဲ၊ အသက်အိုးအိမ်စည်းစိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပြည်သူများ၊ စီဒီအမ်သူရဲကောင်းများ၊ ကျဆုံးသူရဲကောင်းများအတွက် နွေဦး တော်လှန်ရေးလွန်ကာလ ပြန်လည်ထူထောင်ရေး၊ လူမှု/စီးပွား ဖွံဖြိုးရေး စီမံကိန်းများ ပါဝင်မှာဖြစ်ပါတယ်။
စီမံကိန်း မြေနေရာများ သတ်မှတ်ပြီး ပြည်တွင်း ပြည်ပမှ လုပ်ငန်းအဖွဲ့များ၊ ကုမ္ပဏီများအား “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန” မှ တိုက်ရိုက်ညှိနှိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ စီမံကိန်း အသေးစိတ်များကို အများပြည်သူအား ထပ်မံအသိပေး ကြေညာသွားမှာ ဖြစ်ပါကာ ကြေညာပြီးပါက ကမ္ဘာ့နိုင်ငံ အသီးသီးရှိ EOD ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတိုက်ပွဲတွင် ပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ ရဲဘော် ဆလိုင်းထန်းနိုင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
ရဲဘော် ဆလိုင်းထန်းနိုင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်းလိုက်ပါတယ်။ သြဂုတ်လ ၁၈ ရက်မှာ OurSpringHeroes ကအသိပေးဖော်ပြပါတယ်။
"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် ဆလိုင်းထန်းနိုင်း ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အလှူရှင်တစ်ဦး က "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့်ဖြစ်ပွားသော ချင်းပြည်နယ် ၊မင်းတပ်၊ ပူကွန်းရွာတိုက်ပွဲတွင် CDF - Mindet မှ ပြည်သူ့ရဲဘော် ဆလိုင်းထန်းနိုင်း ဟာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ ကလေးမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးတောင်သူနှစ်ဦးကို အကြမ်းဖက် စစ်တပ်ကအကြောင်းမဲ့ပစ်သတ်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးတောင်သူနှစ်ဦးကို အကြမ်းဖက် စစ်တပ်ကအကြောင်းမဲ့ပစ်သတ်ခဲ့ပါတယ်။ သြဂုတ်လ ၁၈ ရက်မှာ အကြမ်းဖက် စစ်တပ်ကြောင့် သေဆုံးသူများအချက်အလက်ကို AAPP ကဖော်ပြပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးတွင်ရှိသည့် မြို့ပြပျောက်ကြားစခန်းကို အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့ပြီး စခန်းအနီးတွင် တောင်ယာလုပ်ကိုင်နေသော တောင်သူ နှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၂၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment