၂၀၂၂ သြဂုတ်လ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းအား ဆက်လက် ရွေးချယ်ခန့်ထားနိုင်ရန်နဲ့ အကြမ်းဖက် စစ်ကောင်စီအား တရားဝင်ငြင်းဆိုနိုင်ဖို့ ပြည်သူအားလုံးcampaignတွင်ပါဝင်ရန် NUCC တိုက်တွန်း
📌 ၂။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ရဲ့အားပေးထောက်ခံမှုအင်အားဟာ သံတမာန်မျက်နှာစာမှ တိုက်ပွဲဝင်နေသော နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိက ပင်မအသက်သွေးကြောဖြစ်တယ်လို့ဆို
📌 ၃။ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာန ပြင်ဆင်နေ
📌 ၄။ အကြမ်းဖက် စစ်တပ်က ဇွန်လ တစ်လတာအတွင်း အရပ်သားတွေအပေါ်အကြမ်းဖက်မှု ၅၅၅၀ အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
📌 ၅။ NUG အစိုးရမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးအမေရိကန်နိုင်ငံ အာရှပစိဖိတ်ဗျူရို၏ Assistant Secretary of State နှင့်တွေ့ဆုံ
📌 ၆။ သြစတေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာကျင်း ပမယ့်အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးဖွင့်လှစ်ပွဲကို သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တက်ရောက်မယ်
📌 ၇။ မင်းရွာတွင် တပ်စွဲထားသော စကတပ်နဲ့ ပျူများကို ယမန်နေ့ညက ကာကွယ်ရေးတပ်ဖွဲ့များအလစ်ဝင်တိုက်
📌 ၈။ ကောလင်းခရိုင် တပ်ရင်း (တပ်ရင်း၃) မှ သူရဲကောင်းမောင်စည်သူမင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းအား ဆက်လက် ရွေးချယ်ခန့်ထားနိုင်ရန်နဲ့ အကြမ်းဖက် စစ်ကောင်စီအား တရားဝင်ငြင်းဆိုနိုင်ဖို့ ပြည်သူအားလုံးcampaignတွင်ပါဝင်ရန် NUCC တိုက်တွန်း
(၇၇) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံကိုမကြာမီ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပတော့မည့် ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံကြီး (UN General Assembly) ၏ "နိုင်ငံကိုယ်စားပြုခွင့် (Credential Issue)" ဟာ မြန်မာပြည်သူလူထုအတွက် အရေးကြီးတဲ့ အခွင့်အရေး တစ်ခုဖြစ်တယ်လို့ NUCC ကဆိုပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းအား ဆက်လက် ရွေးချယ်ခန့်ထားနိုင်ရန်နဲ့ အကြမ်းဖက် စစ်ကောင်စီအား တရားဝင်ငြင်းဆိုနိုင်ဖို့ ပြည်သူအားလုံး campaign တွင်ပါဝင်ရန် NUCC တိုက်တွန်းလိုက်ပါတယ်။ ယခုလို “နိုင်ငံကိုယ်စားပြုခွင့်” နိုင်ငံသူ/သားတွေကို အမှန်တကယ် ကိုယ်စားပြုမှသာ နိုင်ငံသူ/သားတွေရဲ့ အသံတွေ၊ ဖြစ်ရပ်တွေကို နိုင်ငံတကာကို ချပြ ဆွေးနွေးနိုင်မှာဖြစ်ပြီး နိုင်ငံ ကိုယ်စားပြုအနေဖြင့် ကမ္ဘာအရေးမှာ လည်း ပါဝင်လှုပ်ရှားခွင့်ရမှာ ဖြစ် တယ်လို့ဖော်ပြပါတယ်။ NUCC ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ Joint Coordination Committee - Foreign Affairs မှ Credential Challenge Campaign အတွက် အထူး task force ကို ဖွဲ့စည်းထားရှိပါတယ်။
ပြည်တွင်း/ပြည်ပနေ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေနဲ့ Credential Challenge Global Campaign မှာ အသုံးပြုဖို့ Slogan (ကြွေးကြော်သံ/ဆောင်ပုဒ်) ဖိတ်ခေါ်ပွဲကို ပါဝင်အဆိုပြုတင်သွင်းပေးနိုင်ပါတယ်။ အဆိုပြုတင်သွင်းပေးပို့ရမယ့် ကြွေးကြော်သံ/ ဆောင်ပုဒ်ဟာ -
၁။ ကုလသမဂ္ဂ
၂။ အာဆီယံ
၃။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်
၄။ ပြည်တွင်း/ပြည်ပနေ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ပြည်သူများ အားလုံးကို ဦးတည်စည်းရုံးသော ကြွေးကြော်သံဆောင်ပုဒ်ဖြစ်ရပါမယ်။
အမှတ်စဉ် ၁၊ ၂၊ ၃၊ ၄ တစ်ခုစီတို့ အတွက် သီးခြားကြွေးကြော်သံ/ဆောင်ပုဒ် (သို့မဟုတ်) အမှတ်စဉ် ၁၊ ၂၊ ၃၊ ၄ အားလုံးအတွက် ခြုံငုံဖော်ပြတဲ့ ကြွေးကြော်သံ/ဆောင်ပုဒ်တို့ကို ကြိုက်နှစ်သက်သလို ပေးပို့အဆိုပြုတင်သွင်းနိုင်ပါတယ်လို့ဆိုထားပါတယ်။ ရွေးချယ်ခံရတဲ့ ကြွေးကြော်သံ/ဆောင်ပုဒ်နဲ့ Facebook profile picture frame design များကို NUCC Facebook page နဲ့ website မှ ဩဂုတ်လ ၃၁ ရက်နေ့မှာ အတည်ပြုကြေညာပေးမှာ ဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး Credential Challenge Global Campaign ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ online/offline ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၂။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ရဲ့အားပေးထောက်ခံမှုအင်အားဟာ သံတမာန်မျက်နှာစာမှ တိုက်ပွဲဝင်နေသော နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိက ပင်မအသက်သွေးကြောဖြစ်တယ်လို့ဆို
ပြည်ပရောက် မြန်မာနိုင်ငံသားများ ရဲ့အားပေးထောက်ခံမှုအင်အားဟာ သံတမာန်မျက်နှာစာမှ တိုက်ပွဲဝင်နေသော နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိက ပင်မအသက်သွေးကြောဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ သြဂုတ် ၁ ရက်နေ့ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ပေးပို့သော သဝဏ်လွှာမှာ နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။
"ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသားတို့ရဲ့အန္တိမနိုင်ငံရေးပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေး ၊ အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေး အတွက် နိုင်ငံတကာ မိတ်ဖက် နိုင်ငံများနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများရဲ့ အားပေးထောက်ခံမှုအင်အားဟာ သံတမာန်စမျက်နှာစာမှ တိုက်ပွဲဝင်နေသော နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိက ပင်မအသက်သွေးကြောဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးအတွက် ပြည်ပရောက် ပြည်ထောင်စုဖွား တိုင်းရင်းသားများမှ ငွေကြေးထောက်ပံ့ပါဝင်ခြင်းနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ပူးပေါင်းမှုတို့ရှိနေကြပါတယ်။
========================
📌📌 ၃။ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာန ပြင်ဆင်နေ
အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာနမှ ပြင်ဆင်နေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"NUG အနေနဲ့ MOE အနေနဲ့ပြင်ဆင်နေတာကတော့ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ အရင်တုန်းကဆယ်တန်းစာမေးပွဲပေါ့။ အဲဒါကို ပြင်ဆင်နေပြီ။အဲဒါဟာ အသက် ၁၇ နှစ်ပြည့်သူတိုင်း ဝင်ဖြေလို့ရမယ့်စာမေးပွဲ၊ ပြင်ဆင်နေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ကချင်ပြည်နယ်တွင်လည်း အထက်တန်းစာမေးပွဲများ ပုံစံမပျက်ကျင်းပ စစ်ဆေးနေပြီးဒေသအလိုက်ပညာရေးဆောင်ရွက်ခွင့်တွေပေးထားတယ်လို့ ဝန်ကြီးကထပ်လောင်းပြောပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်တပ်က ဇွန်လ တစ်လတာအတွင်း အရပ်သားတွေအပေါ်အကြမ်းဖက်မှု ၅၅၅၀ အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
အကြမ်းဖက်စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ တစ်လတာအတွင်းမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၅၅၅၀ အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်လိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဉ် (၅၅၅၀) ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားပြည်သူ (၂၉၀၈) ဦးသေဆုံးခဲ့ကာ (၁၉၁၁)ဦး ဒဏ်ရာရခဲ့ပြီး (၁၀၉၅၅) ဦး အထိ အဖမ်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်စစ်တိုက်ပွဲ (၅၃၃၇)ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှုးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား (၁၈၁၁၆) ဦး သေဆုံးခဲ့သလို (၆၁၂၈) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ဆီက အာဏာကို မတရားလုယူသိမ်းပိုက်ခဲ့တာ ၁၈ လအထိ ရှိနေပြီဖြစ်ပေမယ့် လည်း လုံးဝအုပ်ချုပ်ခွင့် မရသေးတာ အရှိတရားဖြစ်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
========================
📌📌 ၅။ NUG အစိုးရမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးအမေရိကန်နိုင်ငံ အာရှပစိဖိတ်ဗျူရို၏ Assistant Secretary of State နှင့်တွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးဟာ အမေရိကန်ပြည်ထောင်စု၊ အာရှပစိဖိတ်ဗျူရို၏ Assistant Secretary of State ဖြစ်သူ Daniel J. Kritenbrink နှင့် သြဂုတ်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
ထိုသို့တွေ့ဆုံရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော သေဒဏ်စီရင်ချက်များအပေါ်အထူးအလေးပေးဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ မြန်မာပြည်သူလူထုကိုအကူအညီပေးနိုင်မည့်နည်းလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စု အာရှပစိဖိတ်ဗျူရို၏ Twitter စာမျက်နှာတွင်လည်း သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့မိတ်ဖက် နိုင်ငံလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ သြစတေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာကျင်း ပမယ့်အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးဖွင့်လှစ်ပွဲကို သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တက်ရောက်မယ်
လာမယ့်ရက်ပိုင်းအတွင်း သြစတေးလျနိုင်ငံ၊ ကန်ဘာရာမြို့မှာ ဖွင့်လှစ်မယ့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကိုဖွင့်လှစ်သွားဖို့ရှိသလို ရုံးဖွင့်လှစ်ပွဲကို သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တက်ရောက်မယ်လို့ ABC သတင်းမှာဖော်ပြပါတယ်။
တက်ရောက်မယ့်သူများဟာ သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရာရှိတွေ ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ချက်နိုင်ငံ၊ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ နိုင်ငံများမှာ ကိုယ်စားလှယ်ရုံးများတရားဝင်ဖွင့်လှစ်နိုင်နေပြီဖြစ်ပါတယ်။
========================
📌📌 ၇။ မင်းရွာတွင် တပ်စွဲထားသော စကတပ်နဲ့ ပျူများကို ယမန်နေ့ညက ကာကွယ်ရေးတပ်ဖွဲ့များအလစ်ဝင်တိုက်
ရေစကြိုမြို့နယ် မင်းရွာတွင် တပ်စွဲထားသော စကတပ်နဲ့ပျူများကို ယမန်နေ့ညက ကာကွယ်ရေးတပ်ဖွဲ့များအလစ်ဝင်တိုက်ခဲ့ပါတယ်။ သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန် ရေစကြိုမြို့နယ် မင်းရွာရှိတပ်စွဲထားတဲ့စကစတပ်နဲ့ ပျူများကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ကဆိုပါတယ်။
"မဟာမိတ် အဖွဲ့များပူးပေါင်း၍ ည ( ၁၀ ) နာရီဝန်းကျင်ခန့်က မင်းရွာ တွင်တပ်စွဲထားသော အင်အား ( ၈၀ ) ဝန်းကျင်ရှိ ပျူ ၊ စကစတပ် များအားအလစ်အငိုက် တွင် ဝင်ရောက်ပစ်ခတ် ခဲ့ပြီး နာရီဝက်ခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ ဆိုပါတယ်။
စစ်ဆင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (People Defense Force Yesagyo) ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ phoenix-အထူးပြောက်ကျားတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်ဖွဲ့ ၊ ရဲဘော်ညီနောင် PDF ၊ Young Fighter ပြောက်ကျား တပ်ဖွဲ့တို့ပါဝင်ခဲ့ပါတယ်။ စကစဘက်ကထိခိုက်ကျဆုံးရှိနိုင်ပြီး အသေးစိတ်ကိုအတည်ပြုစုံစမ်းနေဆဲဖြစ်ပါတယ်။
========================
📌📌 ၈။ ကောလင်းခရိုင် တပ်ရင်း (တပ်ရင်း၃) မှ သူရဲကောင်းမောင်စည်သူမင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်း
စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း (တပ်ရင်း၃) မှ သူရဲကောင်းမောင်စည်သူမင်း အတွက် NUG Bond ဖြင့် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုလှူဒါန်းခဲ့ပါတယ်။ သြဂုတ်လ ၁ ရက်နေ့မှာ OurSpringHeroes က ငွေတိုက်စာချုပ်ဝယ်ယူလှူဒါန်းမှုကိုဖော်ပြပါတယ်။
"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်စည်သူမင်း ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ အလှူရှင်တစ်ဦးက "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နှင့် စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်းတိုက်ပွဲ၌ ခွာစစ်ဆင်ရင်း စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း (တပ်ရင်း၃) မှ ပြည်သူ့ရဲဘော် မောင်စည်သူမင်း သည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် "ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment