၂၀၂၂ သြဂုတ်လ ၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွား လာလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးမှာ ဆွေးနွေးတိုင်ပင်တဲ့အဆင့်တင်ရပ်မနေဘဲ ထိရောက်သော လုပ်ငန်းစီမံချက်ထိပါတာဝန်ယူလုပ်ဆောင်ရန် အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသုံးနှုန်း
📌 ၄။ CDM တွေအတွက် လုံ ခြုံရေးဆိုင်ရာ အစီအစဉ်များကို အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပညာရေးဒုဝန်ကြီးတင်ပြဆွေးနွေး
📌 ၅။ မြိုင်မြို့နယ်မှာ ကြားကာလ ပညာသင်ကြားရေး ဆရာ့အတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
📌 ၆။ အကြမ်းဖက် စစ်တပ်သတ်ဖြတ်လို့ သေဆုံးသူ ၂၁၄၅ ဦးထိ ရှိလာ
📌 ၇။ KA အမျိုးအစားဖြင့်အသုံးပြုရနိုင်သော လက်လုပ်အီနာဂါ ဗုံးသီးအမျိုးအစားထုတ်လုပ်အောင်မြင်တယ်လို့ မင်းလှ PDF အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွား လာလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွား လာတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၆၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတကပြောကြားခဲ့ပါတယ်။
"လက်ရှိ ပြည်သူ လူထုဟာ နေ့စဉ်နေ့တိုင်း စားဝတ်နေရေးပြဿနာ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် လူထုဟာ ဘဝလုံခြုံရေးနဲ့ စားဝတ်နေ ရေးအခက်အခဲတွေ အလွန်အမင်း ကြီးထွား လာပါတယ်။ မြို့ပေါ်တွေမှာလည်း ရာဇဝတ်မှုတွေ နေ့စဉ်လို လို ဖြစ်ပွားနေတာတွေ့ရပါတယ်။ လက်ရှိ စစ်ကောင်စီအနေနဲ့ စစ်ရေးအကျပ်အတည်းနဲ့ ဘဏ္ဍာငွေ အကျပ်အတည်း ကြီးမားစွာ ကြုံတွေ့နေရတာကို တွေ့ရပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှာ စစ်ကောင်စီအတွက် ဘဏ္ဍာရေးအကျပ်အတည်း အင်မတန် ကြီးထွားလာတာကို တွေ့ရပါ တယ်။’ လို့ဆိုပါတယ်။ လက်ရှိမှာ စားအုန်းဆီစျေးနှုန်းတင်သာမကဘဲ ယာဥ်စီးခနဲ့ အထွေထွေကုန်စျေးနှုန်းပါကြီးမြင့်လာမှုကြောင့် ပြည်သူလူထုဟာ အခက်ကြုံနေရပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ဆွေးနွေးတိုင်ပင်တဲ့အဆင့်တင်ရပ်မနေဘဲ ထိရောက်သော လုပ်ငန်းစီမံချက်ထိပါတာဝန်ယူလုပ်ဆောင်ရန် အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
နွေဦးတော်လှန်ရေးမှာ ဆွေးနွေးတိုင်ပင်တဲ့အဆင့်တင်ရပ်မနေဘဲ ထိရောက်သော လုပ်ငန်းစီမံချက်ထိပါတာဝန်ယူလုပ်ဆောင်ရန် အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ သြဂုတ်လ ၂ ရက်နေ့ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့နွေဦးတော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိပါတယ်။ ဒါ့ကြောင့် ဆွေးနွေး တိုင်ပင်မှုတွေကို ဆွေးနွေးတဲ့ အဆင့်မှာပဲ ရပ်မနေဘဲ အကောင်အထည် ဖော်နိုင်ရေးအတွက် Action Plan တွေအထိပါ တခါတည်း စဉ်းစားပြီး ဒီတာဝန်ကို ဘယ်ဝန်ကြီးဌာနက တာဝန်ယူနိုင်မယ်ဆိုတာမျိုး အလုပ်ခွဲဝေမှုတွေပါ သေချာစီစဉ် သင့်ပါတယ်။ တော်လှန်ရေးကာလမို့ အရေးမကြီးတဲ့ အလုပ်ဆိုတာ မရှိပါဘူး"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင်မဟာမိတ်ဆက်ဆံရေး ကော်မတီအနေနဲ့လည်း မဟာမိတ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ Formal ချဉ်းကပ်လုပ်ဆောင်ရမှာတွေရှိသလို Informal အနေနဲ့ ရင်းနှီးကျွမ်းဝင် သူများမှတဆင့် မဟာမိတ်များရဲ့ အသံတွေကို ရင်းရင်းနှီးနှီး နားထောင်ကြည့်ဖို့လည်း လိုအပ်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသုံးနှုန်း
အမျိုးသားညီညွတ်ရေးအစိုးရလို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သုံးနှုန်းခဲ့ပါတယ်။ NUG အစိုးရမှ နိုင်ငံခြားရေးဒုဝန်ကြီးနဲ့တွေ့ဆုံခဲ့မှုအပေါ် အမေရိကန်သံရုံးရန်ကုန်ကထုတ်ပြန်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။ အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။" -- အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်ကဆိုပါတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိအောင် တွန်းအားပေးနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ CDM တွေအတွက် လုံ ခြုံရေးဆိုင်ရာ အစီအစဉ်များကို အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပညာရေးဒုဝန်ကြီးတင်ပြဆွေးနွေး
CDM တွေအတွက် လုံ ခြုံရေးဆိုင်ရာ အစီအစဉ်များကို အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပညာရေးဒုဝန်ကြီးတင်ပြဆွေးနွေးခဲ့ပါတယ်။ သြဂုတ် ၂ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ၆၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ပညာရေးဒုဝန်ကြီး ကဆိုခဲ့ပါတယ်။
အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းက CDM တွေအတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေကို တင်ပြခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အများဆုံးပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းများဟာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းများဖြစ်ကြပါတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ်မှာ ကြားကာလ ပညာသင်ကြားရေး ဆရာ့အတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပညာသင်ကြားရေးအတွက် သင်ကြား မယ့် ဆရာ၊ ဆရာများအတွက် ဆရာအတတ်ပညာ မွမ်းမံသင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ သြဂုတ်လ ၂ ရက်နေ့မှာ ၄င်းအခမ်းအနားကျင်းပခဲ့ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပါတယ်။ မြေပြင် သင်ကြားရေးအနေဖြင့်လည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိနေပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်တပ်သတ်ဖြတ်လို့ သေဆုံးသူ ၂၁၄၅ ဦးထိ ရှိလာ
အကြမ်းဖက် စစ်တပ်သတ်ဖြတ်လို့ သေဆုံးသူ ၂၁၄၅ ဦးထိ ရှိလာတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂ ရက်နေ့မှာ သေဆုံးသူများအချက်အလက်ကို AAPP ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၄၅) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထီးညာလူ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပိန္နဲတောစခန်းမှ လက်နက်ကြီး ခုနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံတစ်ဦးဖြစ်သူ နော်ကပေါ်ထူး သေဆုံးခဲ့ပြီး သမီးဖြစ်သူ နော်ထွေးထွေးနှင့် တီးအောင်ဇေယျတို့ လက်နက်ကြီး ထိမှန်၍ ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ KA အမျိုးအစားဖြင့်အသုံးပြုရနိုင်သော လက်လုပ်အီနာဂါ ဗုံးသီးအမျိုးအစားထုတ်လုပ်အောင်မြင်တယ်လို့ မင်းလှ PDF အသိပေး
KA အမျိုးအစားဖြင့်အသုံးပြုရနိုင်သော လက်လုပ်အီနာဂါ ဗုံးသီးအမျိုးအစားထုတ်လုပ်အောင်မြင်တယ်လို့ မင်းလှ PDF အသိပေးပါတယ်။ သြဂုတ် ၂ ရက်နေ့မှာ Upper Minhla People Defence Force က ဆိုပါတယ်။
"ကျွန်တော်တို့မင်းလှ PDF နှင့် မကွေးတောင်ပိုင်း PDF တို့ပူးပေါင်း၍ လက်နက်ခဲယမ်းများတီထွင်ထုတ်လုပ်လျှက်ရှိပါတယ်။ ယခုအချိန်တွင် KA အမျိုးအစားဖြင့်အသုံးပြုရနိုင်သော လက်လုပ်အီနာဂါ ဗုံးသီးအမျိုးအစား တစ်မျိုးကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။ နောက်ထပ် တီထွင်မှုများစွာကို ပြုလုပ်နိုင်ဖို့အတွက်အချိန်နှင့်အမျှ ကြိုးစားအား ထုတ်လျှက်ရှိတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment