၂၀၂၂ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျာမန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး နှင့်အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့
📌 ၃။ ပြည်သူလူထုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အားအင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NUG Bond တွေကို ဝယ်ယူရင်း ပါဝင်အားဖြည့်ကူညီပေးနိုင်
📌 ၄။ တိုက်လေယာဥ်နဲ့ ယနေ့မနက် ကော်ဘရာစစ်ကြောင်း လုံခြုံရေး တာဝန်ယူထားသော ဘလက်တိုကျေးရွာအနီး ဗုံးလာကြဲ
📌 ၅။ ရေစကြိုမြို့နယ် မိဖုရားရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး
📌 ၆။ မုံရွာအကျဉ်းထောင်မှ အကျဉ်းဦးစီးအရာရှိကို မုံရွာ-သာစည်လမ်းပေါ်တွင်ဖမ်းဆီးရမိ
📌 ၇။ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပြန်လည်ရရှိရေး ကောက်ခံထားတဲ့ လက်မှတ်များ အမေရိကန် သမ္မတ ဆီပေးပို့မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကားပြောကြားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သံတမန်ရေးရာကဏ္ဍတွင် ဒေသတွင်းအာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ လတ်တလော လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင် ရမည့်ကိစ္စရပ်များအပေါ် တော်လှန်ရေး၏ အရှိန်အဟုန်နှင့်အတူ ဟန်ချက်ညီညီဖြစ်စေရန် ကြိုးစား လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါတယ်။
ထို့နောက် ရေးရာကော်မတီများက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီး တင်ပြဆွေးနွေးရာ တက်ရောက်လာသူများက အကြံပြုပြောကြားခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျာမန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး နှင့်အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့
စက်တင်ဘာ ၈ ရက်နေ့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျာမန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး H.E. Tobias Lindner နှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျာမန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး H.E. Tobias Lindner နှင့်အွန်လိုင်းတွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ဂျာမဏီဟာ မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း မြန်မာပြည်အရေးနဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ ပြည်သူလူထုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အားအင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NUG Bond တွေကို ဝယ်ယူရင်း ပါဝင်အားဖြည့်ကူညီပေးနိုင်
ပြည်သူလူထုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အားအင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NUG Bond တွေကို ဝယ်ယူရင်း ပါဝင်အားဖြည့်ကူညီပေးနိုင်ရန် စက်တင်ဘာ၁၀ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာ ဖော်ပြအသိပေးထားပါတယ်။
"ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နိုင်ရေးအတွက်ကို တိုင်းရင်းသား အဖွဲ့အစည်း (EROs, RAOs) တွေနဲ့ အတူတကွ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့ စုစည်းညီညာကြရင်အင်အားပြည့်ဝနေကြရင်ဖြင့်ဖက်ဆစ် စစ်အာဏာရှင်ကို သေချာပေါက် နိဂုံးချုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အားအင်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်၊ ဒေသတွင်း ကာကွယ်ရေးအသုံး စရိတ်တွေအတွက်၊ တိုင်းရင်းသား လူထုဘဝလုံခြုံရေး အတွက် NUG Bond တွေကို ဝယ်ယူရင်း ပါဝင်အားဖြည့်ကူညီပေးနိုင်ပါတယ်"လို့ဆိုထားပါတယ်။
လက်ရှိမှာတော့ - ကချင်ကိုယ်စားပြု KPICT မှ နွေဦးတော်လှန်ရေး အင်အားစု၊ချင်းကိုယ်စားပြု ICNCC ကတဆင့် ချင်းတော်လှန်ရေးအဖွဲ့တွေ၊ပအိုဝ်းကိုယ်စားပြု PNFC ကတဆင့် ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေ၊ကရင်နီဒေသ အတွက် KNPP ကတဆင့် ကရင်နီတော်လှန်ရေးအဖွဲ့ တွေဟာ ဒေသတွင်း တော်လှန်ရေးကိစ္စရပ်တွေမှာ အသုံးပြုဖို့အတွက် NUG Bond တွေကို ရောင်းချပေးနေကြပါတယ်။
========================
📌📌 ၄။ တိုက်လေယာဥ်နဲ့ ယနေ့မနက် ကော်ဘရာစစ်ကြောင်း လုံခြုံရေး တာဝန်ယူထားသော ဘလက်တိုကျေးရွာအနီး ဗုံးလာကြဲ
စက်တင်ဘာ ၁၀ ရက် မနက် (၄) နာရီ ခန့်က နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းကထုတ်ပြန်ခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီးသည် ကော်ဘရာစစ်ကြောင်း လုံခြုံရေး တာဝန်ယူထားသော ဘလက်တိုကျေးရွာအနီးရှိ နေရာတစ်ခုသို့ ယနေ့(စက်တင်ဘာ ၁၀) မနက် (၀၀:၄၀)နာရီ ခန့်က နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။ အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် ကော်ဘရာ စစ်သည်တော် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
========================
📌📌 ၅။ ရေစကြိုမြို့နယ် မိဖုရားရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး
မကွေးတိုင်း ရေစကြိုမြို့နယ် မိဖုရားရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ၁၀ရက် မနက် ၁၀ နာရီကျော်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသ တပ်ပေါင်းစုကဆိုပါတယ်။
"ခုမနက် စကစတပ်များ မိဖုရားရွာကို မီးတိုက်ပြန်ပြီ"လို့ ဆိုပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စကစတပ်များဟာ စက်တင်ဘာ၅ရက်နေ့ကစလို့ စစ်ကြောင်းသုံးကြောင်းနဲ့ရွာများကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးမှာ စကစတပ်က မီးရှိူ့လို့ ပျက်စီးတဲ့ အိမ်အလုံးရေ သုံးသောင်းကျော်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၆။ မုံရွာအကျဉ်းထောင်မှ အကျဉ်းဦးစီးအရာရှိကို မုံရွာ-သာစည်လမ်းပေါ်တွင်ဖမ်းဆီးရမိ
စက်တင်ဘာ ၉ ရက်နေ့မှာ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ် မျိုးညွန့်အောင် ကို မုံရွာ-သာစည်လမ်းပေါ်မှာဖမ်းမိတယ်လို့ Fight For People F.F.P ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုပါတယ်။
"စက်တင်ဘာလ ၉ ရက်နေ့ မုံရွာမြို့၊ သာစည်ကျေးရွာတွင် ဆောက်လုပ်နေသော အကျဉ်းထောင်သစ်ကို လာရောက်သော အကျဉ်းထောင်များကိုလိုက်လံကြီးကြပ်ရေးအဖွဲ့၏ အင်ဂျင်နီယာ-ဒု ကြီးကြပ်ရေးမှူး ၊ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ် မျိုးညွန့်အောင် ကို မုံရွာ-သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ၄င်းကိုကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပြန်လည်ရရှိရေး ကောက်ခံထားတဲ့ လက်မှတ်များ အမေရိကန် သမ္မတ ဆီပေးပို့မယ်
အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပြန်လည်ရရှိရေးအတွက် ကောက်ခံထားတဲ့ လက်မှတ်များ အမေရိကန် သမ္မတ ဆီပေးပို့မည့်သတင်းနှင့်ပတ်သက်ပြီး
စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းမှာ နွေဦးအောင်နိုင်ရေး အမေရိကန်ခရီးစဥ်ရဲ့ ဦးဆောင်ဆရာတော် အရှင်ဇဝနက Radio NUG ကိုယခုလိုမိန့်ကြားခဲ့ပါတယ်။
((((((နွေဦးအောင်နိုင်ရေးဆရာတော်အရှင်ဇဝန))))
နွေဦးအောင်နိုင်ရေးခရီးစဥ်ဟာ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားညီညွတ်ရေးအစိုးရအားထောက်ခံတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများဦးဆောင်၍ မြန်မာပြည်ဖွား တိုင်းရင်းသားများ အများအပြားနေထိုင်လျှက်ရှိသော ပြည်နယ်ပေါင်း (၃၀) ၊ မြို့ပေါင်း (၁၀၀) ကျော်ဆီသို့ လှည့်လည်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။
‘‘Democracy Road Trip for Burma’’ ကို ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် စတင်ခဲ့တာဖြစ်ပြီးတော့ လူထုထောက်ခံမှုအများဆုံးရတဲ့ခရီးစဥ်လည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment