၂၀၂၂ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရွေးကောက်ပွဲကြောင့် စစ်ရေးအရှိန်ကိုလျော့မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
📌 ၂။ နွေဦးတော်လှန်ရေး ဂီတနဲ့ရံပုံငွေရှာဖွေပွဲမှ ရရှိသောငွေကြေးများအားလုံး NUG နဲ့ CRPH ဦးဆောင်မှုနဲ့ မြန်မာတစ်နိုင်ငံလုံးရှိ လိုအပ်သောနေရာများမှာ လှူဒါန်းပေးအပ်သွားမယ်
📌 ၃။ မြန်မာ့မီးရထားမှ Non CDM အရာထမ်း၊အမှုထမ်းအယောက် ၇၀ ကို အလုပ်သမားဝန်ကြီးအမိန့်နဲ့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
📌 ၄။ ထီးလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ သင်တန်းအပတ်စဥ်(၃) ခုမှာ ဆရာ၊ဆရာမ ၆၀၀ ကျော် ပို့ချနိုင်ခဲ့
📌 ၅။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအတွက် လူထုချီတက်ပွဲတွင် လူဦးရေ ထောင်ချီတက်ရောက်နိုင်
📌 ၆။ မြင်းခြံမြို့နယ် ကြည်ရွာနားက စစ်သားနှစ်ယောက်အသတ်ခံရပြီးနောက် အပြစ်မဲ့ပြည်သူ ၁၅ ဦးကို စကစတပ်များ ဖမ်းဆီး
📌 ၇။ ခင်ဦးမြို့နယ်တွင် ပြည်သူများကမြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိတ်မှောက်ကြ
📌 ၈။ အဖွဲ့ပေါင်း ၃၃ ဖွဲ့ကို Click2 donate က သိန်းပေါင်း ၂၄၀၀ ကျော်ပေးပို့ထောက်ပံ့နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရွေးကောက်ပွဲကြောင့် စစ်ရေးအရှိန်ကိုလျော့မှာမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
စက်တင်ဘာလအတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတင်းဌာနတစ်ခုကိုအခုလို ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီက ဒီရွေးကောက်ပွဲကို သူ့ရဲ့ထွက်ပေါက်အနေနဲ့ စဥ်းစားပြင်ဆင်နေတယ်။အဲဒီတော့ ဒီရွေးကောက်ပွဲ လုပ်လုပ်၊မလုပ်လုပ် ကျနော်တို့ တော်လှန်ရေးရဲ့အရှိန်ကတော့ နည်းနည်းမှလျော့သွားစရာမရှိဘူး"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် သြဂုတ်လကို ရွေးကောက်ပွဲတစ်ခုကျင်းပမယ်လို့ဆိုထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေး ဂီတနဲ့ရံပုံငွေရှာဖွေပွဲမှ ရရှိသောငွေကြေးများအားလုံး NUG နဲ့ CRPH ဦးဆောင်မှုနဲ့ မြန်မာတစ်နိုင်ငံလုံးရှိ လိုအပ်သောနေရာများမှာ လှူဒါန်းပေးအပ်သွားမယ်
အောက်တိုဘာ ၁၅ ရက် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့်နွေဦးတော်လှန်ရေး ဂီတနဲ့ရံပုံငွေရှာဖွေပွဲကို ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးရည်မွန်၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ တို့လည်း အွန်လိုင်းမှတဆင့်တက်ရောက်မှာဖြစ်တယ်လိုသိရပါတယ်။
အဆိုပါအခမ်းအနားနဲ့ပတ်သက်လို့ တာဝန်ရှိသူကိုဆက်သွယ်မေးမြန်းကြည့်ရာ ကိုဇာနည်ဝင်းက Radio NUG ကိုအခုလိုပြောပါတယ်။
((((( ကိုဇာနည်ဝင်း )))))
အဆိုပါ နွေဦးတော်လှန်ရေး ဂီတနဲ့ရံပုံငွေရှာဖွေပွဲမှာ အထူးအစီအစဥ်အနေနဲ့ ကိုယ်ပိုင်ကား ကံစမ်းမဲလက်မှတ်များကိုပါ ယခုကတည်းမဲလက်မှတ်များရောင်းချပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ မြန်မာ့မီးရထားမှ Non CDM အရာထမ်း၊အမှုထမ်းအယောက် ၇၀ ကို အလုပ်သမားဝန်ကြီးအမိန့်နဲ့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
စက်တင်ဘာလ ၁၀ ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်အမှတ် (၁၂/၂၀၂၂) နဲ့ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှဝန်ထမ်းများအားအမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပယ် (Dismiss) လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ ထီးလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ သင်တန်းအပတ်စဥ်(၃) ခုမှာ ဆရာ၊ဆရာမ ၆၀၀ ကျော် ပို့ချနိုင်ခဲ့
စက်တင်ဘာလအတွင်းမှာ စေတနာ့ဝန်ထမ်းဆရာ၊ဆရာမများနှင့်ပတ်သက်ပြီး ထီးလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ကအခုလိုဆိုလိုက်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဌာန၏ ကြားကာလပြည်သူ့အခြေပြု ပညာရေးယန္တယားတစ်ခုအနေဖြင့် ထီးလင်းမြို့နယ်၏ ပညာရေးကို အရှိန်အဟုန်ကောင်းကောင်းဖြင့် လည်ပတ်နိုင်စေရန်အတွက် ပညာရေးဘုတ်အဖွဲ့မှ ဦးဆောင်ကာ
ထီးလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသော သူများကို ဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဆရာအတတ်ပညာသင်တန်းတွင် ပညာရေးကောလိပ်မှ CDM လက်ထောက်ကထိက ဆရာ၊ဆရာမများ၊ အခြေခံပညာမှ သင်တန်းနည်းပြအဖြစ်ထမ်းဆောင်ခဲ့ဖူးသူ ဝါရင့် CDM ဆရာ၊ဆရာမများမှ ပညာရေးစိတ်ပညာ(Educational Psychology)၊ ပညာရေးသဘောတရား(Educational Philosophy)၊ ပညာရေးသင်ပြနည်း(Educational Methodology)စသည့် ဆရာ့အတတ်ပညာအခြေခံများအပါအဝင် ဘာသာရပ်ဆိုင်ရာအသီးသီးကို ပို့ချခဲ့ပြီးဖြစ်ပါတယ်။
သင်တန်းအပတ်စဥ်(၃) ခု ပို့ချခဲ့ပြီးဖြစ်ကာ ပထမ အပတ်စဥ်တွင် Volunteer ဆရာဆရာမ (၁၂၀) ဦး၊ ဒုတိယအပတ်စဥ်တွင် (၃၈၅) ဦး၊ တတိယအပတ် စဥ်တွင် (၁၀၁) ဦး သင်တန်းရောက်ခဲ့ပြီး ထီးလင်းမြို့နယ်၏ ကျေးရွာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ထီးလင်းမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီး လုံခြုံရေးအကူအညီဖြင့် ကျေးရွာပေါင်း (၈၀) ကျော်တွင် ကျောင်းသားပေါင်း ၇၀၀၀ ကျော်၊ဆရာ၊ဆရာပေါင်း (Volunteerအပါအဝင်) ၁၃၀၀ ကျော်ဖြင့် မူဆင့်၊ လယ်ဆင့်၊ ထက်ဆင့် ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။
========================
📌📌 ၅။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအတွက် လူထုချီတက်ပွဲတွင် လူဦးရေ ထောင်ချီတက်ရောက်နိုင်
ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအတွက် အမေရိကန် နယူးယောက်မြို့မှာ လူထုချီတက်ပွဲတွင် လူဦးရေ ထောင်ချီတက်ရောက်နိုင်တယ်လို့သတင်းရရှိပါတယ်။ အဆိုပါ လူထုချီတက်ပွဲကို စက်တင်ဘာ၁၇ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ UNရုံးအထိချီတက် လမ်းလျှောက်မှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NYCBC ရဲ့ ဦးဆောင်သူ ကိုနေတင်မြင့်က Radio NUG ကိုပြောပါတယ်။
(((((NYCBCရဲ့ ဦးဆောင်သူ ကိုနေတင်မြင့်))))))
စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားမယ့်အရာတွေကိုလည်း အခုလိုဆက်ပြောထားပါတယ်။
(((((NYCBCရဲ့ ဦးဆောင်သူ ကိုနေတင်မြင့်))))))
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးနေရာအား ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးလူထုလှုပ်ရှားမှုကို ဂျပန်၊အမေရိကန်၊ ကိုရီးယားစတဲ့ နိုင်ငံများမှာလည်း ကျင်းပလျက်ရှိပါတယ်။
========================
📌📌 ၆။ မြင်းခြံမြို့နယ် ကြည်ရွာနားက စစ်သားနှစ်ယောက်အသတ်ခံရပြီးနောက် အပြစ်မဲ့ပြည်သူ ၁၅ ဦးကို စကစတပ်များ ဖမ်းဆီး
စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁ နာရီမှာ အရပ်သားများကို စကစတပ်ကဖမ်းဆီးခဲ့တာလို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကဆိုပါတယ်။
"ကြည်ရွာနားက စစ်သားနှစ်ယောက်အသတ်ခံရပြီးနောက် ည ၁:၀၀ နာရီခန့်က ဆီမီးခုံ၊ ဖက်ပင်အိုင်ရွာနဲ့ဂင်ဂဲရွာတို့ မှ ပြည်သူ ၁၀ ဦးခန့်၊ ဆီမီးခုံမြို့ မှပြည်သူ အနည်းဆုံး ၅ ဦ်း ခန့်ကို စကစတပ် များမှ ဖမ်းဆီးလိုက်ပါတယ်"လို့ဆိုပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့ညနေ ၅ နာရီခန့်က မြင်းခြံမြိုနယ်၊ ဆီမီးခုံ လောင်းကစားဝိုင်းမှ ပြန်လာတဲ့ ကြည်ရွာမှ စကစတပ်ဗိုလ် ၁ ဦးနဲ့စကစတပ်ကတစ်ဦးပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။ ထို့အပြင်ဆီမီးခုံနယ် ဆုံရွာမှ ပျု ၃ ဦးလည်း ပစ်ခတ်ခံခဲ့ရပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ်တွင် ပြည်သူများကမြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိတ်မှောက်ကြ
စက်တင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့ မနက်မှာစစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ပြည်သူများကမြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိတ်မှောက်ခဲ့ကြတယ်လို့သိရပါတယ်။ ပြည်သူများက ငြိမ်းချမ်းစွာဖြင့် NUG ကို အစိုးရ အဖြစ် အသိအမှတ်ပြုရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ချီတက် သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။
'NUG အစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ် ဦးကျော်မိုးထွန်း၊ ၅/ဟေ့ရဲရဲနီ အာဏာရှင်စနစ်အမြစ်ဖြတ်မည်အောင်နိုင်စိတ်ထား ခင်ဦးသား သမိုင်းထူမယ့် ခင်ဦးသူ 'စသဖြင့် တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါ လူထုထောက်ခံဆန္ဒပြ တောင်းဆိုပွဲကို ဒေသခံများ တက်ရောက်ဝန်းရံခဲ့ကြပါတယ်။
========================
📌📌 ၈။ အဖွဲ့ပေါင်း ၃၃ ဖွဲ့ကို Click2 donate က သိန်းပေါင်း ၂၄၀၀ ကျော်ပေးပို့ထောက်ပံ့နိုင်ခဲ့
စက်တင်ဘာ ၁၀ ရက်နေ့မှာ Click2donate က ထောက်ပံ့ ပေးခဲ့နိုင်မှုအား အခုလိုအသိပေး ပြောဆိုထားပါတယ်။
"ဒီတခေါက်မှာတော့ အဖွဲ့ပေါင်း ၃၃ ဖွဲ့ကို စုစုပေါင်း 241,875,000 (သိန်းပေါင်း ၂၄၀၀) ကျော် ပေးပို့နိုင်ခဲ့ပါတယ်ခင်ဗျာ။ JULY လအတွက်ရငွေတွေကို ဩဂုတ်လ ၂၁ မှာစရပြီး အဲ့ကတည်းကဖြန့်ဝေနေတာ အခုမှပြီးတာပါခင်ဗျာ။ ဩဂုတ်လရငွေတွေကတော့ ဒီလ ၂၁ မှာရပါမှာ အရင်လထက် ပိုရမယ်လို့မှန်းထားပါတယ်"လို့ဆိုပါတယ်။
ကလစ်ကနေ ပေးပို့တဲ့ပမာဏတွေဟာ ထိရောက်တဲ့အင်အားတစ်ခုဖြစ်လာတာမို့လို့ ပိုကူပိုလှုနိုင်ဖို့ နေ့စဉ် လူတစ်သိန်းလောက်က အချိန်ဆယ်မိနစ်ဆယ်ငါးမိနစ်လောက်ပေးကာTelegram မှာ လင့်လေးတွေကလစ်ပေးဖို့ Click2donate ကတိုက်တွန်းထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment