12th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသား​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်းတည်​ထောင်ခဲ့တဲ့ တပ်မ​တော်ဟာ ဗိုလ်​နေဝင်း အစပြုတဲ့ ဒီက​နေ့ မင်း​အောင်လှိုင်အထိ​သော ကိုယ်ကျိုးအာဏာငမ်းဖမ်း​နေတဲ့ စစ်​ခေါင်း​ဆောင်တစ်စု​ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီလို့ ကာကွယ်ရေးဝန်ကြီးဆို

📌 ၂။ အရပ်သား ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာဟာ ပိုမိုဆိုးရွားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၃။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်းကိုPilot Project အဖြစ် မလေးရှားနိုင်ငံမှာ စတင်ရန် စီစဥ်နေပြီလို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီဆို

📌 ၄။ စစ်ကောင်စီတပ်များဟာ  စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတယ်လို့ ကိုမင်းကိုနိုင်ပြောကြား

📌 ၅။ “နွေဦးရိပ်မွန်အိမ်ရာ မြေကွက် ၂၀ ကျော်သာ ကျန်တော့

📌 ၆။ နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဟာ အလုပ်ချိန်ပြီးတဲ့အခါမှာ စက်ရုံနားက ဘူးခွံတွေ ၊ ပုလင်းခွံတွေလိုက်ကောက်ပြီး အပိုဝင်ငွေရဖို့ ဖန်တီးတဲ့အတွက် ဝမ်းနည်း ဝမ်းသာ ဖြစ်ရတယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ဗိုလ်နဂါးဆို

📌 ၇။ မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား(၅)ဦးထွက်ပြေး လွတ်မြောက်လာခဲ့

📌 ၈။ ဒုံးပျံ Local PDF သို့ လက်နက်ချအလင်းဝင်လာသော စကစတပ် ရဲဘော်နှစ်ဦးကို ဂုဏ်ပြုငွေ ကျပ်သိန်းငါးဆယ်စီ ပေးအပ်ချီးမြှင့်

📌 ၉။ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ (၂၂၄) ဦးရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသား​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်းတည်​ထောင်ခဲ့တဲ့ တပ်မ​တော်ဟာ ဗိုလ်​နေဝင်း အစပြုတဲ့ ဒီက​နေ့ မင်း​အောင်လှိုင်အထိ​သော ကိုယ်ကျိုးအာဏာငမ်းဖမ်း​နေတဲ့ စစ်​ခေါင်း​ဆောင်တစ်စု​ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီလို့ ကာကွယ်ရေးဝန်ကြီးဆို


အမျိုးသား​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်းတည်​ထောင်ခဲ့တဲ့ တပ်မ​တော်ဟာ ဗိုလ်​နေဝင်း အစပြုတဲ့ ဒီက​နေ့ မင်း​အောင်လှိုင်အထိ​သော ကိုယ်ကျိုးအာဏာငမ်းဖမ်း​နေတဲ့ စစ်​ခေါင်း​ဆောင်တစ်စု​ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုလိုက်ပါတယ်။ စက်တင်ဘာလ  (၁၁) ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးမှ ပြည်သူ့သား​ကောင်းများသို့ ​ပေးပို့​သော ဂုဏ်ပြုသဝဏ်လွှာမှာထည့်သွင်းပြောပါတယ်။


"အမျိုးသား​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်းတည်​ထောင်ခဲ့တဲ့ တပ်မ​တော်ဟာ ဗိုလ်​နေဝင်း အစပြုတဲ့ ဒီက​နေ့ မင်း​အောင်လှိုင်အထိ​သော ကိုယ်ကျိုးအာဏာငမ်းဖမ်း​နေတဲ့ စစ်​ခေါင်း​ဆောင်တစ်စု​ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီဆိုတာ ရဲ​ဘော်တို့လည်း အသိပဲ။ ငါတို့ဟာ စိတ်သစ်၊ လူသစ်၊ အ​တွေးအ​ခေါ်အသစ်နဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်သစ်ကို ဗိုလ်ချုပ်​အောင်ဆန်းရဲ့လမ်းညွှန်ချက်၊ ရှေ့ဆောင်လမ်းပြမှုနဲ့အညီ အသစ်တည်​ထောင်​နေကြတာ ဖြစ်တယ်။ ဒီတပ်မ​တော်ဟာ တချိန်မှာ​ပေါ်​ပေါက်လာမယ့် ဖက်ဒရယ်ပြည်​ထောင်စုတပ်​တော်ရဲ့ ​ရှေ့​ပြေးအမြုတေ လည်း ဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် စစ်​ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းလည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာတတ်နိုင်​တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို ​လျောကျသွားခဲ့ပြီလို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အရပ်သား ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာဟာ ပိုမိုဆိုးရွားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


အရပ်သား ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာဟာ ပိုမိုဆိုးရွားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ လူ့အခွင့်ရေးဆိုင်ရာ အသိပေးအစီအစဥ်မှာ လူ့အခွင့်ရေးရာ ဝန်ကြီးကဆိုခဲ့ပါတယ်။


"အရပ်သားပြည်သူတွေကို စစ်ပွဲကာလအတွင်း စစ်ဗျူဟာအဖြစ်အသုံးချပြီးတော့ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုတာ၊လူသားဒိုင်းအဖြစ် အသုံးပြုတာကတော့ ပိုမိုဆိုးရွားတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်သွားပါပြီ။ဒီလိုမျိုး လုပ်ဆောင်မှုကို အကြမ်းဖက် စစ်ကောင်စီအနေနဲ့အစဥ်အဆက် အသုံးပြုခဲ့တာရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီဒေသ တို့မှာ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုများကို အချက်အလက်နဲ့တကွ ရရှိပြီးဖြစ်တယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်းကိုPilot Project အဖြစ် မလေးရှားနိုင်ငံမှာ စတင်ရန် စီစဥ်နေပြီလို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီဆို


ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ OERC ထုတ်ပေးခြင်းကိုPilot Project အဖြစ် မလေးရှားနိုင်ငံမှာ စတင်ရန် စီစဥ်နေပြီလို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီကပြောပါတယ်။


စက်တင်ဘာ၁၁ရက်နေ့မှာ radio NUGရဲ့မေးမြန်းမှုကို အလုပ်သမား ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။


"လက်ရှိမှာစစ်တမ်းကောက်ယူခြင်းနှင့် OERC ထုတ်ပေးခြင်း လုပ်ငန်းစဉ်အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးမဲ့ OERC ကိုယ်စားလှယ်များ တာဝန်ပေး ခန့်အပ်ခြင်းနဲ့ ကိုယ်စားလှယ်များနှင့် သက်ဆိုင်တဲ့ စည်းမျဉ်းသတ်မှတ် ချက်များ ရေးဆွဲခြင်းပေါ့။ကိုယ်စားလှယ်က


ခန့်အပ်ရန် စိစစ်ဆောင်ရွက်ဆဲပါ။လက်ရှိအခြေအနေကတော့ လုပ်ငန်းစဉ် အဆင့် (၇)တွင် ရောက်ရှိနေပြီးတော့ Pilot Project အဖြစ် မလေးရှားနိုင်ငံမှာ စတင်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနဲ့ OERC ထုတ်ပေးခြင်း ဆောင်ရွက်မှုတို့လုပ်ဆောင်မယ့်အကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရက မေလ၂၇ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။


စတင်ဆောင်ရွက်မယ့် မလေးရှားနိုင်ငံအတွက် ကောက်ခံမည့်ကတ်တန်ဖိုး အပါ အဝင် အသေးစိတ် သတင်းအချက်အလက်များကို မကြာမီထုတ်ပြန်ကြေညာပေးသွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီတပ်များဟာ  စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတယ်လို့ ကိုမင်းကိုနိုင်ပြောကြား


စစ်ကောင်စီတပ်များဟာ  စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတယ်လို့ ကိုမင်းကိုနိုင်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လားရာအကြောင်းပြည်သူတွေဆီက ရောက်လာတဲ့ မေးခွန်းတွေကို သုံးသပ်ပြောဆိုခဲ့ပါတယ်။


"ခုရောက်နေတဲ့အဆင့်ကတော်လှန်ရေးအင်အားစုတွေဟာကျေးလက်၊အဲဒီကနေတိုက်နယ်၊မြို့နယ်တွေခရိုင်တွေအထိလွှမ်းမိုးချုပ်ကိုင်ပြီးအဝေးပြေးလမ်းမကြီးတွေကိုလည်းခုနစ်ဆယ်ရာခိုင်နှုန်းထိန်းသိမ်းနိုင်ပြီ။ ဥပမာစစ်ကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းကိုကြည့်ပါ။ကလေး/ယာကြီးလမ်းကိုကြည့်ပါ။တခြားလမ်းတွေများစွာရှိသေးတယ် နယ်စပ်ကုန်သွယ်လမ်းတွေအထိ ။ဒါတွေဟာစစ်ကောင်စီကိုမြို့ပြမှာပဲပိတ်ဆို့ထားလိုက်တာပဲ။


အဲဒီလိုမြို့ပြတွေကိုပိတ်ဆို့နိုင်ပြီဆိုရင်ဗျူဟာအရပြောက်ကြားခုခံရုံမကဘူးရန်သူကိုပြန်ဝိုင်းနိုင်တဲ့အဆင့်။ခြွေစစ်တုန်းကရလဒ်တွေအဖြစ်ရန်သူဟာ အင်အားချိနဲ့ပြီး အိုနာကျိုးကန်းတွေလက်ရုံးတပ်တွေ၊ ရဲတွေ၊နောက်အကျဉ်းဦးစီးပါမကျန် တိုက်ခိုက်နေရလို့အခြေအနေကအဲဒီကိုရောက်နေတာ စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတာပါ"လို့ဆိုပါတယ်။ စစ်ကောင်စီတပ်များဟာ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီဒေသတို့မှာအထိနာကျဆုံးလျက်ရှိပါတယ်။


========================


📌📌 ၅။ “နွေဦးရိပ်မွန်အိမ်ရာ မြေကွက် ၂၀ ကျော်သာ ကျန်တော့


“နွေဦးရိပ်မွန်အိမ်ရာ မြေကွက် ၂၀ ကျော်သာ ကျန်တော့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ EOD ကဖော်ပြအသိပေးပါတယ်။


"Spring Yangon ရဲ့ နွေဦးရိပ်မွန်@Min Dhamma မြေကွက်များဟာ ပရောဂျက် စတင်ပြီး ၁၀ ရက်မြောက်နေ့မှာ မြေကွက် ၇၀ ကျော် ရောင်းချ ခဲ့ပြီးပါပြီ။ Spring Yangon Investment ပရောဂျက် တစ်ခုလုံး အနေနဲ့ ဒေါ်လာ ၁၅ သန်းဖိုး ရှိသွားပါပြီ။ “ဖက်ဆစ်ရှင်းမယ့် Spring Yangon” ဆိုတဲ့ ကြွေးကြော်သံအတိုင်း ဖက်ဆစ်ရှင်းဖို့လည်း သုံးနေပါပြီ"လို့ဆိုပါတယ်။


ရန်ကုန်ရဲ့ ဒုတိယ စီးပွါးရေး အချက်အချာ ဖြစ်လာမယ့်၊ ဂုဏ်သိက္ခာလည်း မြင့်မားတဲ့ အိမ်ရာ စီမံကိန်းမို့ နောက်ကျမသွားရအောင် EOD ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံး ဆက်သွယ်ဝယ်ယူကြဖို့လည်း EODကတိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဟာ အလုပ်ချိန်ပြီးတဲ့အခါမှာ စက်ရုံနားက ဘူးခွံတွေ ၊ ပုလင်းခွံတွေလိုက်ကောက်ပြီး အပိုဝင်ငွေရဖို့ ဖန်တီးတဲ့အတွက် ဝမ်းနည်း ဝမ်းသာ ဖြစ်ရတယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ဗိုလ်နဂါးဆို


နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဟာ အလုပ်ချိန်ပြီးတဲ့အခါမှာ စက်ရုံနားက ဘူးခွံတွေ ၊ ပုလင်းခွံတွေလိုက်ကောက်ပြီး အပိုဝင်ငွေရဖို့ ဖန်တီးတဲ့အတွက် ဝမ်းနည်း ဝမ်းသာ ဖြစ်ရတယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ဗိုလ်နဂါးကဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာ ဗိုလ်နဂါးက ​မြန်မာ့တော်ဝင်နဂါးတပ်တော် လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြပါတယ်။


"ပြည်ပနိုင်ငံအသီးသီးက တော်လှန်ရေးကို အားစိုက်ထုတ်ပေးနေကြတဲ့ Fundraisers တွေနဲ့ တွေ့ရတဲ့အခါ ပြည်ပရောက် အကိုအမများရဲ့ စကားတွေကြောင့် "ဝမ်းနည်း ဝမ်းသာ " ဖြစ်ရပါတယ်။နိုင်ငံတစ်ခုရဲ့ ထောက်ပို့အဖွဲ့တစ်ဖွဲ့ဟာ အလုပ်ချိန်ပြီးတဲ့အခါမှာ စက်ရုံနားက ဘူးခွံတွေ ၊ ပုလင်းခွံတွေလိုက်ကောက်ပြီး အပိုဝင်ငွေရဖို့ ဖန်တီးတယ်။ မရှက်ပါဘူးတဲ့၊ ရိုးရိုးသားသားနဲ့ ငွေရဖို့ ကြိုးစားတာ၊ ကိုယ့်တိုင်းပြည်အတွက် တစ်လ ၂ သိန်းရရ ၃ သိန်းရရ အမတို့ လုပ်ကြတယ်တဲ့။ကျနော်တို့မှာ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါတယ်"လို့ဆိုပါတယ်။


မနေသာတဲ့သူတွေ မနေသာဘဲ ကြိုးစားနေကြတော့ ဒီတော်လှန်ရေး ဒီအခါမှ မအောင်ရင် ဘယ်အခါ အောင်နိုင်မှာလဲလို့ ဗိုလ်နဂါးကထပ်လောင်းပြောထားပါတယ်။ လက်ရှိမှာ ဗိုလ်နဂါးတပ်ရင်းလေးရင်းကိုလည်း MOD က မှတ်ပုံတင်အသိအမှတ်ပြုပြီးဖြစ်ပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား(၅)ဦးထွက်ပြေး လွတ်မြောက်လာခဲ့


မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား(၅)ဦးထွက်ပြေး လွတ်မြောက်လာခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာ Young Force (UG) တပ်ဖွဲ့က အသေးစိတ်ဖြစ်စဥ်ကိုဖော်ပြခဲ့ပါတယ်။


စက်တက်ဘာ၁၀ရက်၌၊ မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၅ ဦး၎င်းတို့အစီအစဉ်ဖြင့်ထွက်ပြေး လွတ်မြောက်လာခဲ့ရာ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့်အတူ ဒေသခံ LDF များဖြစ်ကြသည့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့(၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့်သက်ဆိုင်ရာနယ်မြေခံအဖွဲ့များပူးပေါင်း၍ နေရာအလိုက်တာဝန်များအသီးသီးခွဲဝေ၍ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ်မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ နေရာ ကဏ္ဍ အသီးသီးမှ ပါဝင်ကူညီပေးပါသော မြို့နယ်ပကဖနှင့်အခြားသောနယ်မြေခံ အဖွဲ့အစည်း၊မဟာမိတ်တပ်ဖွဲ့များအား၊လွတ်မြောက်လာသော တော်လှန်ရေး ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၈။ ဒုံးပျံ Local PDF သို့ လက်နက်ချအလင်းဝင်လာသော စကစတပ် ရဲဘော်နှစ်ဦးကို ဂုဏ်ပြုငွေ ကျပ်သိန်းငါးဆယ်စီ ပေးအပ်ချီးမြှင့်


ဒုံးပျံ Local PDF သို့ လက်နက်ချအလင်းဝင်လာသော စကစတပ် ရဲဘော်နှစ်ဦးကို ဂုဏ်ပြုငွေ ကျပ်သိန်းငါးဆယ်စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ ဒုံးပျံ Local PDF ကအသိပေးဆိုပါတယ်။


"စက်တင်ဘာ ၄ ရက်မှာ ဒုံးပျံ local pdf သို့လက်နက်ချအလင်း၀င်လာသောရဲဘော်နှစ်ဦးအား စက်တင်ဘာ ၁၀ ရက်နေ့တွင် ဂုဏ်ပြုဆုငွေ သိန်းငါးဆယ်ကျပ်စီဖြင့် ရဲဘော်နှစ်ဦးစလုံးအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ကြွရောက်ပေးကြသော မြို့နယ် ပကဖ၊ ပအဖနှင့် Local pdf‌ ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များအားလုံးကို အထူးအထူးပင်ကျေးဇူးတင်ရှိတယ်လို့ ဒုံးပျံ local pdf ကဖော်ပြပါတယ်။


========================


📌📌 ၉။ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ (၂၂၄) ဦးရှိ


စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ (၂၂၄) ဦးရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ Southern Monitor ကဖော်ပြခဲ့ပါတယ်။


"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပါအဝင် ပြည်သူတွေ ကျဆုံးခဲ့ကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဘက်ကူးပြောင်းလာခဲ့ပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေလည်း ပြင်းထန်လာပြီး အရပ်သားသေဆုံးမှုအရေအတွက်လည်း မြင့်တက်လာခဲ့ပါတယ်။ 


Southern Monitor က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ (၂၂၄) ဦးရှိကြောင်းတွေ့ရှိရပါတယ်"လို့ဆိုထားပါတယ်။ ယခုနှစ် ဧပြီလ၊ ဇွန်လနဲ့ ဩဂုတ်လတွေမှာ အရပ်သားသေဆုံးသူ ၃၀ နီးပါးခန့်စီ ရှိခဲ့တာတွေ့ရပါတယ်။ မြို့နယ်အလိုက်ကြည့်မယ်ဆိုရင် လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ အရပ်သားသေဆုံးမှုအရေအတွက်က  သိသိသာသာ များပြားတာတွေ့ရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အရပ်သားသေဆုံးမှုဖြစ်စဉ်တွေမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အလောင်းဖျောက်တာတွေရှိသလို ကျေးရွာတွေကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လက်နက်ကြီးထိမှန်လို့ သေဆုံးကြရတဲ့ သူလည်းရှိပါတယ်။


ဆိုင်ကယ်စီးသူတွေနဲ့ သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ့ စတဲ့ အဖွဲ့အစည်းတွေကလည်း တတ်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment