၂၀၂၂ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံ၏ သယံဇာတမှ ရရှိတဲ့ငွေကြေးများ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် လက်တစ်ဆုပ်စာ လူနည်းစုကသာ ထင်သလို ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီးအုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
📌 ၃။ မိုးဗြဲတိုက်ပွဲ လေးရက်မြောက်နေ့အထိ ပြည်သူ့နေအိမ်အလုံးတစ်ရာထက်မနည်းပျက်စီးဆုံးရှုံးလာ
📌 ၄။ လွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီးတစ်ဝိုက်တွင် ဖက်ဆစ်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား
📌 ၅။ Non CDM ဝန်ထမ်းများတရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင် ကြရန် ရေစကြို ပအဖ ကြေညာ
📌 ၆။ “ကျည်တစ်သောင်း” Campaign မှာ သရုပ်ဆောင်ချစ်သုဝေမှ ဘတ် (၅) သောင်းထောက်ပံ့ကူညီ
📌 ၇။ နွေဦးထီ အမြင့်ဆုံးဆုကြေးသိန်းတစ်ရာမှ အနိမ့်ဆုံးဆုကြေး ကျပ်တစ်သိန်းအထိ ထည့်သွင်းထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံ၏ သယံဇာတမှ ရရှိတဲ့ငွေကြေးများ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် လက်တစ်ဆုပ်စာ လူနည်းစုကသာ ထင်သလို ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီးအုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
မြန်မာနိုင်ငံ၏ သယံဇာတမှ ရရှိတဲ့ငွေကြေးများ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် လက်တစ်ဆုပ်စာ လူနည်းစုကသာ ထင်သလို ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီးအုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အစည်းအဝေးမှာ ဆိုခဲ့ပါတယ်။
"ယခင်ကာလတွေမှာ မြန်မာနိုင်ငံ၏ သယံဇာတမှ ရရှိသည့်ငွေသည် သယံဇာတ၏ မူလပိုင်ရှင်များ ဖြစ်ကြသည့် ပြည်သူများဆီသို့ မစီးဆင်းဘဲ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် လက်တစ်ဆုပ်စာ လူနည်းစုကသာ ထင်သလို ကြီးစိုးချယ်လှယ်ပြီး လက်ဝါးကြီး အုပ်ချုပ်ကိုင်ခဲ့ကြကြောင်း၊ မိမိတို့ပြည်သူလူထုအနေဖြင့် ကိုယ်ပိုင်သယံဇာတများကို ကိုယ်တိုင်စီမံ ဖန်တီးပိုင်ခွင့် မြန်မြန်ရရှိရေး တော်လှန်ရေးကို အားကုန် ကြိုးစားပါဝင်ကြရမှာ ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ သဘာဝသယံဇာတဖြစ်သော ကျောက်စိမ်းနဲ့ တွင်းထွက်ရတနာများကို ထင်သလို စိတ်ကြိုက် တရားမဝင်ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးမှ ပြည်သူ့သားကောင်းများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာထဲမှာစစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကထည့်သွင်းပြောကြားပါတယ်။
"စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်းလည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊ မီးရှို့၊ သတ်ဖြတ်ဖို့သာတတ်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြဂိုဏ်း အဆင့်ကို လျောကျသွားခဲ့ပြီလည်း ဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုရဲ့နေဝင်ချိန် မဝေးတော့ဘူး ဆိုတာကို ပြတယ်။
ငါတို့အားလုံး စွန့်လွှတ်ကြမယ်၊ အနစ်နာခံကြမယ်၊ ရဲဘော်ရဲဘက်အချင်းချင်း ညီအကိုရင်းလို ညီညွတ် ကြမယ်။စစ်အုပ်စုကို အနိုင်ယူပြီး ပြည်သူနဲ့အတူ အောင်ပွဲခံကြမယ်"လို့ဆိုပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကျော်ကာလအတွင်း PDF များနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်း ရဲဘော်များ ၁၅၀၀ ကျော် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တပ်သားပေါင်း ၂၀၁၅၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ခန့်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၃။ မိုးဗြဲတိုက်ပွဲ လေးရက်မြောက်နေ့အထိ ပြည်သူ့နေအိမ်အလုံးတစ်ရာထက်မနည်းပျက်စီးဆုံးရှုံးလာ
မိုးဗြဲတိုက်ပွဲ လေးရက်မြောက်နေ့အထိ အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်အလုံးတစ်ရာထက်မနည်းပျက်စီးဆုံးရှုံးလာခဲ့ကြောင်းကိုစက်တင်ဘာ ၁၂ ရက်နေ့မှာ PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက ဖော်ပြအသိပေးပါတယ်။
"ယမန်နေ့ည တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း (1) (2) (3) ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက်မနည်းပျက်စီးနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ယနေ့ ၅ ရက်မြောက် အခြေအနေ ရှိနေပြီး စကစများ ဘုရားကျောင်းတွင် တပ်ဆက်စွဲနေသည့်အတွက် ပြည်သူများ မိုးဗြဲ၊ ဖယ်ခုံလမ်း အသွားအလာ မပြုလုပ်သေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့အသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ လွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီးတစ်ဝိုက်တွင် ဖက်ဆစ်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား
ကရင်နီဒေသလွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီးတစ်ဝိုက်တွင် ဖက်ဆစ်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁၂ ရက် မနက် ၉ နာရီအချိန်မှ စတင်ကာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNDF B02 ကအသိပေးဆိုပါတယ်။
"ယနေ့ မနက်ပိုင်းစတင်၍ ယခုအချိန်ထိလွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံအနီးတစ်ဝိုက်တွင် ဖက်ဆစ်စစ်တပ်နှင့် မိမိတို့တော်လှန်ရေးတပ်များ ထိတွေ့မှုဖြစ်ပွားနေပါတယ်"လို့ဆိုပါတယ်။ သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ကယန်းသာယာသို့ဖြတ်သောလမ်းမကြီးနှင့် လမ်းများကိုအသုံးမပြုကြသေးရန်နှင့် တိုက်ပွဲသတင်းများကို နားစွင့်ကြရန် KNDF B02 ကဆိုထားပါတယ်။
========================
📌📌 ၅။ Non CDM ဝန်ထမ်းများတရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင် ကြရန် ရေစကြို ပအဖ ကြေညာ
Non CDM ဝန်ထမ်းများတရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင် ကြရန် ရေစကြိုပအဖက စက်တင်ဘာလ (၁၂) ရက်မှာ ကြေညာချက်အမှတ် (၂ / ၂၀၂၂)ကိုအသိပေးကြေညာခဲ့ပါတယ်။
"ကျွန်ုပ်တို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့တရားစီရင်ရေး ကိစ္စရပ်များအပါအဝင် ပြည်သူများ အကျိုးရှိစေမည့် အစိုးရ ယန္တရားအရပ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။ ထို့ကြောင့် ယနေ့အချိန်အထိ စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန်အတွက် စစ်ကောင်စီ၏ ထောက်တိုင်များအဖြစ် တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သော သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးရှိ Non CDM ဝန်ထမ်းများအနေဖြင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ ရာထူးတာဝန်များမှ နှုတ်ထွက် (အလင်းဝင်) ကြရန် ဤအမိန့်ကြေညာချက်ဖြင့် အသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။ ဤအမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျွန်ုပ်တို့မှ Non CDM ဝန်ထမ်းများအား စစ်ကောင်စီ၏ ထောက်တိုင် (လက်ကိုင်တုတ်) များအဖြစ် သတ်မှတ်၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၆။ “ကျည်တစ်သောင်း” Campaign မှာ သရုပ်ဆောင်ချစ်သုဝေမှ ဘတ် (၅) သောင်းထောက်ပံ့ကူညီ
“ကျည်တစ်သောင်း” Campaign မှာ သရုပ်ဆောင်ချစ်သုဝေမှ ဘတ်(၅)သောင်းထောက်ပံ့ကူညီခဲ့ကြောင်းကိုစက်တင်ဘာ ၁၂ ရက်နေ့မှာ university of medicine2. studentcommitte ကအသိပေးဖော်ပြပါတယ်။
"စ-မှတ် ရုပ်ရှင်မှ တော်လှန်ငွေပူးပေါင်းပါဝင်မှုဖြင့် ကျနော်တို့ရဲ့ “ကျည်တစ်သောင်း” Campaign တွင် Ma Chit Thu Wai မှ ဘတ်(၅)သောင်း လာရောက်အားဖြည့်ပေးခဲ့ပါတယ်။ အခုလို ထောက်ပံ့နိုင်အောင် စ-မှတ် ရုပ်ရှင်ကို ပြည်တွင်းပြည်ပမှ အားပေးကြည့်ရှုခဲ့ကြတဲ့ မိဘပြည်သူများနှင့် ရုပ်ရှင်အဖွဲ့သားများကို ကျနော်တို့ကျောင်းသားသမဂ္ဂမှ ကျေးဇူးအထူးတင်ရှိပါတယ်"လို့ဆိုပါတယ်။ “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းမှာတစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် ပါဝင်ပေးနေတဲ့ အလှူရှင်မိဘပြည်သူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့လည်းကြေညာထားပါတယ်။
========================
📌📌 ၇။ နွေဦးထီ အမြင့်ဆုံးဆုကြေးသိန်းတစ်ရာမှ အနိမ့်ဆုံးဆုကြေး ကျပ်တစ်သိန်းအထိ ထည့်သွင်းထား
နွေဦးထီ အမြင့်ဆုံးဆုကြေးသိန်းတစ်ရာမှ အနိမ့်ဆုံးဆုကြေး ကျပ်တစ်သိန်းအထိ ထည့်သွင်းထားတယ်လို့ စက်တင်ဘာလအတွင်းမှာ နွေဦးထီမိသားစုကတရားဝင်အသိပေးဖော်ပြပါတယ်။
"နွေဦးထီ ဆုကြေးတွေကတော့…အထူးဆု ကျပ် သိန်း ၁၀၀၊ကျပ် ၁၅ သိန်းဆုများ၊ကျပ် ၅ သိန်းဆုများ ၊ကျပ် ၁ သိန်းဆုများ ဖြစ်ပါတယ်။ NUGPay နဲ့ ထီ ထိုးကြမယ် "လို့ ဆိုပါတယ်။
နွေဦးထီထိုးလိုပါက ပေါင်လံလွှင့်ချီနွေဦးထီ ဘလူးမတ်ပါသော လူမှုကွန်ရက် စာမျက်နှာကိုရှာဖွေ၍ Messengerမှတဆင့်ဆက်သွယ်ကာ ထီထိုးကံစမ်းနိုင်ပြီဖြစ်ပါတယ်။ နွေဦးထီ မိသားစုမှ ထီလက်မှတ်ရောင်းရငွေများကို CDM ဝန်ထမ်းအများစုကို ထောက်ပံနေတာလည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment