၂၀၂၂ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူသားချင်းစာနာမှုအကူအညီကိုပေးတဲ့ လူများနဲ့ ယာဥ်တန်းများကိုတိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၂။ ထွက်ပြေးတိမ်းရှောင်သူများနဲ့စစ်ဘေးရှောင်များအတွက် (၁၁၈) သန်းကျော် သုံးစွဲခဲ့
📌 ၃။ အကြမ်းဖက် စစ်တပ်ကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် လူဦးရေခြောက်သောင်းကျော်ထိရှိကာ လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ
📌 ၄။ ရေဦးတိုင်းရင်းဆေးရုံမှ ကား ၃ စီး ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုး
📌 ၅။ ၇.၆၂ ကျည်ဖြင့် ပစ်ခတ်ရသော ကျည် ဘောက်ပါ လက်လုပ်သေနတ်များကို PDF တောင်သာအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့
📌 ၆။ ချိတ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၀၀)ကျော် ထက်မနည်းရှိလာ
📌 ၇။ အနုပညာလက်ရာများ နဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကြိုဆိုကြစို့ !
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူသားချင်းစာနာမှုအကူအညီကိုပေးတဲ့ လူများနဲ့ ယာဥ်တန်းများကိုတိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်တဲ့ လူ့အခွင့်အရေးစကားသံ အစီအစဉ်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"လူသားချင်းစာနာမှု အကူအညီနဲ့ အမှတ်အသားတွေတပ်ဆင်ထားတဲ့ ဘယ်နေရာကိုမှ ဘယ်ယာဥ်တန်းကိုမှ ဘယ်ဝန်ထမ်းကိုမှ တိုက်ခိုက်ခြင်း၊ရန်ပြုခြင်း၊ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းလုံးဝလုပ်လို့မရပါဘူး။စစ်မြေပြင်မှာ ကြက်ခြေနီတံဆိပ် ဒါမှမဟုတ်လူသာစချင်းစာနာမှု အကူအညီပေးနေတဲ့အမှတ်အသား စတဲ့အချက်တွေကိုင်စွဲထားတဲ့သူ၊ဝတ်ဆင်ထားတဲ့သူဒါတွေကို ထိခိုက်နစ်နာအောင်လုပ်ဆောင်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ ရှေ့တန်းစစ်မျက်နှာပြင်များမှာ လူနာတင်ယာဥ်ကားများကို ရှမ်းပြည်နယ် တိုက်ပွဲ ဖြစ်စဥ်များမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို စေတနာ့ဝန်ထမ်းများကိုလည်း ဖမ်းဆီးရိုက်နှက် ညှင်းပန်းခြင်းဖြစ်စဥ်တို့ကျူးလွန်ခဲ့ပါတယ်။
========================
📌📌 ၂။ ထွက်ပြေးတိမ်းရှောင်သူများနဲ့စစ်ဘေးရှောင်များအတွက် (၁၁၈) သန်းကျော် သုံးစွဲခဲ့
ထွက်ပြေးတိမ်းရှောင်သူများနဲ့စစ်ဘေးရှောင်များအတွက် (၁၁၈.၁၆) သန်း သုံးစွဲခဲ့ခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ သြဂုတ်လအတွင်းမှာ အဆိုပါငွေကြေးများကို သုံးစွဲခဲ့ပြီးတော့ ထိခိုက်လွယ် ပြည်သူများနဲ့ ၎င်းတို့ပြည်သူများအတွက် ၈၇.၈၉သန်း၊ ကျဆုံးသွားသူများနဲ့ ထိခိုက်ဒဏ်ရာရသူများအတွက် ၃၇.၄၉သန်း၊CDM ဝန်ထမ်းများအတွက် ၁.၆၅သန်း၊ သဘာဝဘေးနဲ့ထိခိုက်ခံစားရသူများအတွက် ၅.၅သိန်း၊အထွေထွေ လူသာစချင်းဟာနာမှုအကူအညီပေးမှုအတွက် ၁၃.၆၆ သန်းသုံးစွဲခဲ့တာဖြစ်ပါတယ်။
ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြရတာဖြစ်ပါတယ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ သဘာဝဘေး အန္တရာယ်ဒဏ် ခံရသူများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ်ကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် လူဦးရေခြောက်သောင်းကျော်ထိရှိကာ လူသားချင်းစာနာမှုအကူအညီများလိုအပ်နေ
စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကအခုလိုဆိုလိုက်ပါတယ်။
"အရင်တုန်းက တိုက်ပွဲ ဖြစ်လို့စစ်ဘေးရှောင်ပြီးကိုယ့်နေရပ်ပြန်ရာက ရွာထဲရှိတဲ့ စစ်တပ်က နေအိမ်တွေ မီးရှို့ပစ်လိုက်လို့ နေစရာမရှိတဲ့ ထွက်လာတဲ့ စစ်ဘေးရှောင်တွေရှိတယ်။အခု ထပ်တိုး စစ်ဘေးရှောင်တွေနဲ့ဆို စုစုပေါင်း ခြောက်သောင်းကျော် အထိရှိနေပါတယ်။အစားဆင်းရဲ၊အနေဆင်းရဲနဲ့ ကြပ်ကြပ်တည်းတည်းနေထိုင်နေရပါတယ်။အကူအညီများလိုအပ်နေပါတယ်"လို့ဆိုပါတယ်။ထပ်မံပြောဆိုထားတာကတော့အကြမ်းဖက်စစ်တပ်ရဲ့ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကြောင့် ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု သုံးလအတွင်း၁၆ကြိမ်ရှိပြီး အရပ်သား၆ဦးသေဆုံးကာ ၁၄ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာလည်း ခိုင်သုခကအခုလိုပြောဆိုထားပါသေးတယ်။အကြမ်းဖက် စစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်မှာ ကြွက်မနိုင် ကျီမီးနဲ့တိုက်နေတယ်လို့ပြောဆိုထားသလို "လူစိတ်ကင်းမဲ့နေတဲ့ စစ်တပ်ဟာ နေ့စဥ် ရသေ့တောင်၊မောင်တော၊ပလက်ဝမှာနေ့စဥ် တိုက်ပွဲတွေဖြစ်ပါတယ်။အထိုင်စခန်းတွေရှိတဲ့ ရွာထဲမှာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေပါတယ်။ကြွက်မနိုင် ကျီမီးနဲ့တိုက်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုများကြောင့် တကျော့ပြန် တိုက်ပွဲများ ရခိုင်ပြည်နယ်အတွင်း ပလက်ဝမြို့နယ်၊မောင်တောမြို့နယ်၊ရသေ့တောင်တို့မှာ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီးလက်ရှိမှာ ရခိုင်ပြည်နယ် မောင်တောမှာ အကြမ်းဖက် စစ်တပ်က တပ်အင်အား ရှစ်ထောင်မှ ကိုးထောင်ကြားတိုးမြှင့်ချထားလျက်ရှိပါတယ်။
========================
📌📌 ၄။ ရေဦးတိုင်းရင်းဆေးရုံမှ ကား ၃ စီး ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုး
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေဦးတိုင်းရင်းဆေးရုံမှ ကား ၃ စီး ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်များခင်ဦးနယ်သာဂရ ရွာ အနောက် ဘက် အခြမ်းသို့ယနေ့မနက်လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေပြီလို့ ခင်ဦး ARF တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"မြင်းဒေါင်း ချောင်းတံတား ရောက်ရှိနေသော အကြမ်းဖက် စကစတပ် များ သာဂရ ရွာ အနောက် ဘက် အခြမ်းသို့ ဖြန့်ဆင်းလာနေပါတယ်။လက်နက်ကြီး ၂ ချက် လှမ်းထုပြီး သေနတ်များပစ်ဖောက်နေတယ်"လို့ဆိုပါတယ်။ နီးစပ်ရာရွာမှစစ်ရှောင်ပြည်သူများ ဘေးကင်းရာသို့ အမြန်ရှောင်တိမ်းပေးကြရန်ARFခင်ဦးကသတိပေးကြေညာထားပါတယ်။ ၄င်းစကစတပ်များဟာ ယနေ့မနက် အစောပိုင်း ၃ နာရီခွဲ အချိန်ခန့်က ရေဦးတိုင်းရင်းဆေးရုံမှ ကား ၃ စီး ဖြင့် ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ ၇.၆၂ ကျည်ဖြင့် ပစ်ခတ်ရသော ကျည် ဘောက်ပါ လက်လုပ်သေနတ်များကို PDF တောင်သာအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့
AK47 ကျည်ဖြစ်သော ၇.၆၂ ကျည်ဖြင့် ပစ်ခတ်ရသော ကျည် ဘောက်ပါ လက်လုပ်သေနတ်များကို PDF တောင်သာအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်းကို စက်တင်ဘာ ၁၉ ရက်နေ့မှာ PDF တောင်သာကအသိပေးပြောဆိုလိုက်ပါတယ်။
"ကျေးရွာကာကွယ်ရေးအတွက် အဓိကလိုအပ်သော လက်လုပ်သေနတ်များကို ကျွန်တော်တို့ PDFတောင်သာအဖွဲ့မှ စမ်းသပ်ထုတ်လုပ်ကြည့်ရာ AK47 ကျည်ဖြစ်သော ၇.၆၂ ကျည်ဖြင့် ပစ်ခတ်ရသော ကျည် ဘောက်ပါ လက်လုပ်သေနတ်များကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
၎င်းသေနတ်များဟာ ပေ ၆၀၀ ၊ ၇၀၀ အထိပစ်မှတ်များကို မှန်အောင် ပစ်ခတ်နိုင်စွမ်းရှိ၍ ကျေးရွာကာကွယ်ရေး ပြုလုပ်လိုသော အဖွဲ့များထံသို့ ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းလိုသော ကျေးရွာများ လည်းဆက်သွယ် နိုင်ကြောင်း PDF တောင်သာကကြေညာထားပါတယ်။
========================
📌📌 ၆။ ချိတ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၀၀)ကျော် ထက်မနည်းရှိလာ
ချိတ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၇၆၀) ထက်မနည်းရှိလာတယ်လို့သတင်းရရှိပါတယ်။ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိနေပြီလို့ AAPPကဆိုပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် (၁၁၉)ဦးအပါအဝင် ပါတီဝင် (၂၂၄) ဦး တို့၏နေအိမ်များနှင့်ပိုင်ဆိုင်မှုများကို အကြောင်းအမျိုးမျိုးပြ ဝရမ်းကပ်၊ ချိတ်ပိတ် သိမ်းဆည်းနေမှုများ ကျူးလွန်ခံနေရတယ်လို့လည်း NLD ပါတီကဆိုထားပါတယ်။ လက်ရှိမှာ စကစတပ်များနဲ့ရဲများဟာ ချိတ်ပိတ်တဲ့အဆောက်အဦနဲ့နေအိမ်များကို ကျူးကျော်ဝင်ရောက်ကာဖျက်ဆီးမှုနဲ့ခိုးယူမှုတို့လည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
========================
📌📌 ၇။ အနုပညာလက်ရာများ နဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကြိုဆိုကြစို့ !
SEPTEMBER 21 , International Day of Peace ကို ကြိုဆိုသောအားဖြင့် ‘End Racism, Build Peace’ “ လူမျိုးရေးခွဲခြားမှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို တည်ဆောက်ပါ။ ” ခေါင်းစဉ် နဲ့ Artwork competition တခု ကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ပြုလုပ်သွားပါမယ်။
ဒီ Artwork competition မှာ မိမိတို့ ကြိုက်နှစ်သက် လုပ်ဆောင်နိုင်တဲ့ ကိုယ်ပိုင် အနုပညာအမျိုးမျိုး ( ဥပမာ၊ ကဗျာ၊ ဒီဇိုင်း၊ ပန်းချီ၊ သီချင်း၊ ဓါတ်ပုံ) စသည် တို့ မှ ’End Racism, Build Peace’ “ လူမျိုးရေးခွဲခြားမှုကို ရပ်တန့်ကာ ငြိမ်းချမ်းရေး ကို တည်ဆောက်ပါ။” ခေါင်းစဉ် ကို ကွန့်မြူးပုံဖော် ကြဖို့ဖြစ်ပြီး အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန သို့ September 20, 2022 အမှီ ပေးပို့သွား ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ artwork များ ကို ဌာနရဲ့ social media platform များ မှ နေ၍ ပြန်လည် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဌာနရဲ့ Facebook messenger မှသော်လည်းကောင်း၊ mowyca@nugmyanmar.org ကိုသော်လည်းကောင်း ပေးပို့ နိုင်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment