၂၀၂၂ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရဲလုပ်ငန်းစဥ်မှာ အရေးကြီးတဲ့ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်နိုင်ဖို့ NUG ရဲ့ ပြည်သူ့ရဲတပ်ဖွဲ့များကို သင်တန်းပေးနေ
📌 ၂။ NUG နဲ့ NUCC ပူးပေါင်း၍ CDM တွေအတွက် မူဝါဒနဲ့ဥပဒေများ ပေါ်ပေါက်လာဖို့ဆောင်ရွက်နေ
📌 ၃။ မြန်မာနိုင်ငံမှာ တရားမျှတသော တရားဥပဒေစိုးမိုးခြင်းအလျဥ်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်
📌 ၄။ စစ်ရေးအရ တိုက်ခိုက်မှုတွေ၊ ထိတွေ့မှုတွေ ဖြစ်ပွားတဲ့ အချိန်မှာ ပြည်သူလူထုကို မထိခိုက်အောင် သတိထား ကိုင်တွယ်ဆောင်ရွက်ရမယ့် နိုင်ငံတကာကသတ်မှတ်ချက်တွေရှိတယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၅။ ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ ထုတ်လုပ်နိုင်ရေးအတွက် အွန်လိုင်းသင်တန်းပို့ချပေးမယ်
📌 ၆။ စစ်ကောင်စီရဲ့ အခြေခံအုပ်ချုပ်ရေး ယန္တရားများလည်ပတ် နိုင်စွမ်းမရှိတော့ကြောင်း အစီရင်ခံစစ်တမ်းထွက်ပေါ်
📌 ၇။ ရခိုင့်တပ်တော် AA ထံ လက်နက်နဲ့အတူ အလင်းဝင်ခိုလှုံလာတဲ့ အကြမ်းဖက် စစ်တပ်ကအင်အား ရာဂဏန်းအထိရှိလာ
📌 ၈။ မိုးဗြဲတိုက်ပွဲ စကစတပ်များက အပြစ်မဲ့ပြည်သူ လူထု (၁၀၀) ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိ
📌 ၉။ ထီးလင်းမြို့နယ် အညာတောကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စကစနဲ့ ထိတွေ့တိုက်ပွဲဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရဲလုပ်ငန်းစဥ်မှာ အရေးကြီးတဲ့ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်နိုင်ဖို့ NUG ရဲ့ ပြည်သူ့ရဲတပ်ဖွဲ့များကို သင်တန်းပေးနေ
စက်တင်ဘာလအတွင်းမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။
"ရဲလုပ်ငန်းစဥ်မှာ အရေးကြီးတဲ့ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်နိုင်ဖို့ အဲဒီအတွက်လည်း ကျနော်တို့သင်တန်းတွေ လုပ်နေတာရှိပါတယ်။လောလောဆယ်မှာ ပြည်သူပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ပုံစံမျိုးမူချဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စကစတပ်များကျူးလွန်တဲ့ အမှုပေါင်းငါးရာကျော်ကို တိုင်ကြားထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ NUG နဲ့ NUCC ပူးပေါင်း၍ CDM တွေအတွက် မူဝါဒနဲ့ဥပဒေများ ပေါ်ပေါက်လာဖို့ဆောင်ရွက်နေ
စက်တင်ဘာလအတွင်း CDM များနဲ့ပတ်သက်လို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုပြောပါတယ်။
"အခုချိန်မှာတော့ NUCC နဲ့ NUG ပေါင်းပြီး JCC CDM ဆိုတာဖွဲ့ထားတယ်။အဲဒီကနေ ဆက်လက်ပြီးတော့ CDM နဲ့ပတ်သက်တဲ့မူဝါဒတွေပေါ့။ မူဝါဒတွေဥပဒေတွေ ပေါ်ပေါက်လာဖို့ ဒါကိုဆောင်ရွက်နေတယ်"လို့ ဆိုပါတယ်။
CDM များနဲ့ပတ်သက်၍ ဂုဏ်ပြုခြင်း၊ Non CDM များနဲ့ပတ်သက်၍ သဘောထား စတာတို့ကို မူဝါဒမှာ ရေးဆွဲပါရှိမယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုများထဲမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်း အများစုပါဝင်ခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံမှာ တရားမျှတသော တရားဥပဒေစိုးမိုးခြင်းအလျဥ်းမရှိတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်
စက်တင်ဘာ ၁၉ ရက် လူမှုကွန်ရက်မှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလိုဆိုပါတယ်။
"ကိုယ့်သားသမီးများ၊ ကိုယ့်မိဘများ၊ကိုယ့်သားချင်းများ အဲဒီနား ခဏထားစဥ်းစားကြည့်။ဒီလောက်ထိ ရက်စက် ကြမ်းကြုတ်တဲ့ ဒို့နိုင်ငံမှာ တရားမျှတသော တရားဥပဒေစိုးမိုးခြင်း အလျဥ်းမရှိတော့။ကမ္ဘာကြီးက သိစေသား"လို့ဆိုပါတယ်။
အဆိုပါ ပြည်ထောင်စုဝန်ကြီး ပြောကြားချက်ဟာ စက်တင်ဘာ၁၆ရက် စစ်ကိုင်းတိုင်းဒီပဲယင်းအရှေ့ခြမ်းလက်ယက်ကုန်းကျေးရွာ၌ စာသင်နေသောကလေးငယ်များရှိရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်းသို့တိုက်ခိုက်ရေး ရဟတ်ယာဥ်များနဲ့ဝေဟင်ကနေ ပစ်ခတ်ခဲ့တာကို ရည်ညွှန်းတာဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက် စစ်တပ်က Mi35စစ်သုံးရဟတ်ယာဥ်နဲ့ပစ်ခတ်လို့ စာသင်ခန်းတွင်း ကလေးငယ်၆ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ရေးအရ တိုက်ခိုက်မှုတွေ၊ ထိတွေ့မှုတွေ ဖြစ်ပွားတဲ့ အချိန်မှာ ပြည်သူလူထုကို မထိခိုက်အောင် သတိထား ကိုင်တွယ်ဆောင်ရွက်ရမယ့် နိုင်ငံတကာကသတ်မှတ်ချက်တွေရှိတယ်လို့လူ့အခွင့်ရေးရာဝန်ကြီးဆို
လူ့အခွင့်အရေးစကားသံ ပညာပေးအစီအစဥ်မှာ လူ့အခွင့်ရေးရာဝန်ကြီးကအခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာလည်း မိမိတို့ရပိုင်ခွင့်အခွင့်အရေးတွေကို အကြမ်းဖက်လုယူခံနေရတဲ့ အတွက် နိုင်ငံတကာက ချမှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များနဲ့ အညီ လက်နက်ကိုင် ပြန်လည် ခုခံနေကြတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလို စစ်ရေးအရ တိုက်ခိုက်မှုတွေ၊ ထိတွေ့မှုတွေ ဖြစ်ပွားတဲ့ အချိန်မှာ ပြည်သူလူထုကို မထိခိုက်အောင် သတိထား ကိုင်တွယ်ဆောင်ရွက်ရမယ့် နိုင်ငံတကာကသတ်မှတ်ထားတဲ့ အချက်တွေရှိပါတယ်။အမျိုးသမီး၊ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများကို ကာကွယ်စောင့်ရှောက်ဖို့၊ ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုနေရာများ၊ စာသင်ကျောင်းများ စတာတွေကို မထိခိုက်မိအောင် ကာကွယ်စောင့်ရှောက်ရမယ့် စစ်ပွဲဆိုင်ရာ သတ်မှတ်ချက်များ ရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်တပ်ကသာ လေကြောင်းကပစ်ခတ် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့လုပ်ဆောင်လျက်ရှိပြီးတော့ တစ်နိူင်ငံလုံးမှာ အိမ်ခြေ အလုံးရေ သုံးသောင်းကျော်ကို မီးရှို့ခဲ့ပါတယ်။
========================
📌📌 ၅။ ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ ထုတ်လုပ်နိုင်ရေးအတွက် အွန်လိုင်းသင်တန်းပို့ချပေးမယ်
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်မှာဖြစ်ပါတယ်။
အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်သူဗဟိုပြု သယံဇာတ ရှာဖွေ၊ တိုင်းတာ၊ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၌ အန္တရာယ်ကင်းရှင်း၍ စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ် ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီ နည်းပညာများကို ကမ္ဘာအရပ်ရပ်မှ မြန်မာပညာရှင်များက အောက်တိုဘာလ (၁၅) ရက် စနေနေ့မှ စတင်ကာ အွန်လိုင်းသင်တန်းပို့ချပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
သင်တန်းမှာ Certification Course for Exploration and Production Geologist ဖြစ်၍
သင်တန်းကာလ- (၁၅-၁၀-၂၀၂၂) မှ (၂၇-၁၀-၂၀၂၂) အထိအပတ်စဉ် စနေ၊ တနင်္ဂနွေ
သင်တန်းချိန်- မြန်မာစံတော်ချိန် ည (၇:၀၀)နာရီမှ (၉:၀၀)နာရီအထိ သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်လိုသူများသည် အောက်တိုဘာလ ၇ ရက်နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီရဲ့ အခြေခံအုပ်ချုပ်ရေး ယန္တရားများလည်ပတ် နိုင်စွမ်းမရှိတော့ကြောင်း အစီရင်ခံစစ်တမ်းထွက်ပေါ်
အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားမျှတမှုရရှိရေး ရှာဖွေမှုအခြေအနေစစ်တမ်းအစီရင်ခံစာကို လွတ်လပ်သော မြန်မာ သုတေသီများအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုအခြေအနေမှာ အကြမ်းဖျင်းအားဖြင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ ၂၉ ရာခိုင်နှုန်းသာလည်ပတ်နိုင်တော့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှာ ၂၇ ရာခိုင်နှုန်းသာ လည်ပတ်နိုင်တော့တယ်လို့ဖော်ပြပါတယ်။
လွတ်လပ်သောသုတေသီများအဖွဲ့ - မြန်မာ (MiR) က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကောက်ခံခဲ့သော အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားမျှတမှုရရှိရေး ရှာဖွေမှုအခြေအနေစစ်တမ်းအစီရင်ခံစာကို ထုတ်ပြန်ချက်အရ စစ်တမ်းများကိုသိရှိရပါတယ်။ တိုင်းနဲ့ပြည်နယ်မှ ဖြေဆိုသူ လူပေါင်း ၂၅၉ ဦးရှိခဲ့ပြီးတော့ အွန်လိုင်းမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါတယ်။
အစီရင်ခံစာတွင် စစ်တမ်းဖြေဆိုခဲ့သူတို့၏ မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအခြေအနေများ၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် ပဋိပက္ခ/အငြင်းပွားမှုများနှင့် ရာဇဝတ်မှုဖြစ်ပွားမှုအခြေအနေများ၊ ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းနေကြပုံများနှင့် ယင်းအခြေအနေများအပေါ်ပြည်သူများ၏ သဘောထားအမြင်များကို စုစည်းတင်ပြထားပါတယ်။
========================
📌📌 ၇။ ရခိုင့်တပ်တော် AA ထံ လက်နက်နဲ့အတူ အလင်းဝင်ခိုလှုံလာတဲ့ အကြမ်းဖက် စစ်တပ်ကအင်အား ရာဂဏန်းအထိရှိလာ
စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလိုဆိုလိုက်ပါတယ်။
"ပလက်ဝဘက်မှာ အကြမ်းဖက် စစ်တပ်ဘက်က အရာရှိအပါအဝင်လက်နက်ယူလာပြီးပူးပေါင်းလာတာ ၁၀ယောက်ရှိပါတယ်။အားလုံးအခုချိန်အထိ အရေအတွက်အားဖြင့်ဆိုရင် ရာဂဏန်းအထိရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဘူးသီးတောင် မောင်တောနဲ့ မြောက်ဦးတို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ AA ရခိုင့်တပ်တော်ရဲ့နယ်မြေစိုးမိုးမှုဟာ ဧရိယာပိုကျယ်လာပြီလို့လည်း ဆိုထားပါတယ်။
========================
📌📌 ၈။ မိုးဗြဲတိုက်ပွဲ စကစတပ်များက အပြစ်မဲ့ပြည်သူ လူထု (၁၀၀) ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိ
စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁း၀၀) နာရီအချိန်တွင် မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီး များနဲ့စတင်ပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲ PDF ကဆိုပါတယ်။
"လက်ရှိသတင်းထုတ်ပြန်တဲ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီများမှ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူလူထု(၁၀၀)ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိပါတယ်"လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁း၀၀) နာရီအချိန်တွင် မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီး များဖြင့် စတင်ပစ်ခတ်လာခဲ့ပါတယ်။
နံနက် (၂း၀၀) နာရီအချိန်တွင် စခများမှစစ်ကြောင်း (၂) ကြောင်းဖြင့် မိုးဗြဲမြို့ထဲသို့ ဝင်ရောက်လာခဲ့ရာမဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များနှင့် Titeပွဲဖြစ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
Titeပွဲတွင် စကစဖက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တာဝေးပစ်လက်နက်ကြီးများ နှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူမှုများကြောင့် ပူးပေါင်းအဖွဲ့မှ စိုးရိမ်ရဒဏ်ရာ (၁) ဦး ရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် (၂) ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၉။ ထီးလင်းမြို့နယ် အညာတောကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စကစနဲ့ ထိတွေ့တိုက်ပွဲဖြစ်
စက်တက်ဘာ ၁၉ ရက်မှာ စစ်ရေးသတင်းကို တပ်ပေါင်းစု KKG ရင်း ၅ က အခုလိုဖော်ပြခဲ့ပါတယ်။
"စက်တင်ဘာ၁၈ရက်နေ့ ညနေပိုင်းထီးလင်းမြို့နယ် အညာတောကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသော စကစနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။အကျအဆုံးအထိအခိုက်မသိရသေးပါဘူး"လို့ဆိုပါတယ်။
တပ်ပေါင်းစု (KKG ရင်း ၅၊ YDF ရင်း ၁၄၊ PDF ထီးလင်းတောင်ပိုင်း တပ်ခွဲ ၇၊ YPDF) မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် ဝေးဝေးရှောင်ပေးကြရန် သတိပေးအပ်ပါတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment