၂၀၂၂ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့တာကိုအထင်အရှားတွေ့မြင်ခဲ့ရတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ မြန်မာ့နိုင်ငံရေးမှာ စစ်ဘက် လွှမ်းမိုးမှုဆိုတဲ့ အနိုင်ကျင့်ကြီးစိုးမှု ချုပ်ငြိမ်းကွယ်ပျောက်တော့မယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌဦးအောင်ကြည်ညွန့်ဆို
📌 ၃။ အကြမ်းဖက် စစ်တပ်ကို နိုင်ငံတကာက လေယာဥ်ဆီနဲ့ စစ်လက်နက်များ မရောင်းချဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၄။ လက်ယက်ကုန်းကျေးရွာမှာ အကြမ်းဖက် စစ်တပ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ လုံခြုံရေးအရတိမ်းရှောင်ရန်လိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့ခဲ့
📌 ၅။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာဖြစ်စဥ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ လူ ၂၀ ကျော်တွင် ကလေးငယ်တစ်ဦးသာ ပြန်လည်လွတ်မြောက်
📌 ၆။ နွေဦးတော်လှန်ရေးကိုစိတ်ဓါတ်အပြည့်နဲ့ကိုယ်စွမ်းဆောင်နိုင်တဲ့တာဝန်ကို လိပ်ပြာလုံလုံနဲ့ ထမ်းဆောင်ကြဖို့သာ အရေးကြီးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
📌 ၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေဟာ ပြည်သူ့အရေးကို ဘယ်အကြောင်းနဲ့မှ စွန့်ခွာ သစ္စာဖောက်လို့မရဘူးလို့ အဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ သတိပေး
📌 ၈။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှရေးရာကော်မတီ (၃) ခုအား ထပ်မံတိုးချဲ့၍ ဖွဲ့စည်း
📌 ၉။ မြောင်မြို့နယ် ဆင်မင်းကျေးရွာကို ယနေ့မနက်အစောပိုင်း အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပြည်သူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့တာကိုအထင်အရှားတွေ့မြင်ခဲ့ရတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလပြောကြား
စက်တင်ဘာ ၂၇ ရက်ကျင်းပတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း(၃၄)နှစ်ပြည့်အခမ်းအနား မှာ ယာယီ သမ္မတ ဒူဝါလရှီးလကအခုလို ပြောကြားခဲ့ပါတယ်။
"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအခွင့်အရေးအတွက် ဖွဲ့စည်းတည်ထောင်ရုံသာမက အခက်အခဲပေါင်းမြောက်များစွာကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီးပြည်သူဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့တာကို အထင်အရှားတွေ့မြင်ရပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် NLD ပါတီဝင်များအနေနဲ့ တစ်ခဲနက်အောင်မြင်မှုရရှိလာချိန်မှာ တစ်ဦးကိုတစ်ဦးအလေးထားဖို့နဲ့ အခြားပါတီများနဲ့ပူးပေါင်းဆောင်ရွက်ရာမှာ ပိုမိုအာရုံစိုက်ဖို့နဲ့ ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်ဖို့ကိုလည်း ယာယီ သမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာ့နိုင်ငံရေးမှာ စစ်ဘက် လွှမ်းမိုးမှုဆိုတဲ့ အနိုင်ကျင့်ကြီးစိုးမှု ချုပ်ငြိမ်းကွယ်ပျောက်တော့မယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌဦးအောင်ကြည်ညွန့်ဆို
စက်တင်ဘာ ၂၇ ရက်ကျင်းပတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄) နှစ်ပြည့်အခမ်းအနား မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌဦးအောင်ကြည်ညွန့်က အခုလိုဆိုလိုက်ပါတယ်။
"အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်လွှမ်းမိုးမှုဆိုတဲ့ အနိုင်ကျင့်ကြီးစိုးမီုရဲ့ နောက်ဆုံးချုပ်ငြိမ်းတော့မယ့် ကွယ်ပျောက်တော့မယ့်မျိုးဆက်အဖြစ် နိဂုံးချုပ်တော့မယ်ဆိုတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။တိုင်းရင်းသားပြည်သူအားလုံးရဲ့အောင်ပွဲဟာ ညီတူအားစိုက်မှုနဲ့အတူ အပြီးသတ်ရရှိတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် လုပ်ဆောင်နေလျက်ရှိပြီးတော့ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချရန် ကြံစည်လျက်ရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ်ကို နိုင်ငံတကာက လေယာဥ်ဆီနဲ့ စစ်လက်နက်များ မရောင်းချဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
စက်တင်ဘာ ၂၆ ရက် ညပိုင်းကျင်းပတဲ့ ဒီပဲယင်းလက်ယက်ကုန်း ဖြစ်စဥ်နဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
"အဓိက နိုင်ငံတကာနဲ့အများကြီးဆိုင်ပါတယ်။အခုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်သလို နိုင်ငံတကာ ရာဇဝတ်မှုဖြစ်ပါတယ်။ဒါတွေထပ်ပြီး စာသင်ကျောင်းတွေ ဖြစ်မလာအောင် နိုင်ငံတကာကနေ မင်းအောင်လှိုင် အသုံးပြုတဲ့လောင်စာဆီ မရောင်းချဖို့လိုပါတယ်။ဘယ်နိုင်ငံကမှ လက်နက်မရောင်းချဖို့လိုပါတယ်။အထူးသဖြင့် ရုရှားနဲ့တရုတ်ပေါ့"လို့ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက် စစ်ကိုင်းတိုင်း ဒီပဲယင်း့မို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35 ရဟတ်ယာဥ် နှစ်စင်းနဲ့ပစ်ခတ်ရာမှာ ကျောင်းသားကလေးငယ် ၆ ဦးနဲ့ မြေပြင်စစ်ကြောင်းထိုးမှုကြောင့် အရပ်သားပြည်သူ၇ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ လက်ယက်ကုန်းကျေးရွာမှာ အကြမ်းဖက် စစ်တပ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ လုံခြုံရေးအရတိမ်းရှောင်ရန်လိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့ခဲ့
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ အကြမ်းဖက် စစ်တပ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနဲ့ လုံခြုံရေးအရတိမ်းရှောင်ရန်လိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက ကူညီထောက်ပံ့ခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက် လက်ယက်ကုန်း ဖြစ်စဥ် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးကပြောကြားခဲ့ပါတယ်။
"ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ကျမတို့ ဆေးကုသစရိတ်တွေပို့ပေးတယ်။နောက် ခရီးစရိတ်တွေပေါ့။ ဆက်တိုက်ပို့ပေးခဲ့ပါတယ်"လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက် နေ့လည် ၁ နာရီ လက်ယက်ကုန်းကို Mi35 နှစ်စင်းနဲ့ပစ်ခတ်ရာ ကလေးငယ် ၆ ဦး သေဆုံးရာတွင် မောင်ဘုန်းတေဇ ရုပ်အလောင်းအား မိခင်မှ အကြမ်းဖက် စစ်တပ်၏ တပ်ဖွဲ့ဝင်အား ထိုင်ကန်တော့၍ တောင်းဆိုခဲ့သော်လည်း အထက်အမိန့်အရလို့ဆိုကာ ကလေးရုပ်အလောင်းများကို ဂုန်နီအိတ်ထဲ ထည့်ကာ ယူဆောင်သွားခဲ့ပါတယ်။ ဖြစ်စဥ်တွင် PDF ခေါင်းဆောင်ဟုစွပ်စွဲကာ ဖမ်းခေါ်သွားသူ အမျိုးသားတစ်ဦးကိုလည်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ကပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာဖြစ်စဥ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ လူ ၂၀ ကျော်တွင် ကလေးငယ်တစ်ဦးသာ ပြန်လည်လွတ်မြောက်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာဖြစ်စဥ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ လူ ၂၀ ကျော်တွင် ကလေးငယ်တစ်ဦးသာ ပြန်လည်လွတ်မြောက်သေးတယ်လို့ စက်တင်ဘာ ၂၆ ရက် ညပိုင်းကျင်းပတဲ့ NUG အစိုးရရဲ့ လက်ယက်ကုန်းရွာဖြစ်စဥ်သတင်းစာရှင်းလင်းပွဲမှာ လွတ်မြောက်လာတဲ့ ဆရာမဒေါအေးမာကပြောပါတယ်။
"မျက်လုံးထိတဲ့ ကလေးတစ်ယောက်ပဲ ပြန်လွတ်ပါသေးတယ်။ ကလေးတွေက ၁၂ ယောက် အရပ်သားနဲ့ဆို ၂၀ ကျော်ပါတယ်"လို့ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက် ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို မြေပြင်မှလည်း စစ်ကြောင်းထိုးမှုများ ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနဲ့တွဲထား၍ ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာများကိုပါ စစ်တပ်က ရိုက်နှက်၍ စစ်ဆေးမေးမြန်းခဲ့ပြီးအချို့ကိုဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။ ဖြစ်စဥ်မှာ ကျောင်းတွင်း မည်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်မှမရှိဘဲ အကြမ်းဖက် စစ်တပ်အချင်းချင်းသာပစ်ခတ်မှုတို့ရှိတယ်လို့ ဆရာမဒေါ်အေးမာကဆိုပါတယ်။
========================
📌📌 ၆။ နွေဦးတော်လှန်ရေးကိုစိတ်ဓါတ်အပြည့်နဲ့ကိုယ်စွမ်းဆောင်နိုင်တဲ့တာဝန်ကို လိပ်ပြာလုံလုံနဲ့ ထမ်းဆောင်ကြဖို့သာ အရေးကြီးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်
နွေဦးတော်လှန်ရေးကို စိတ်ဓါတ်အပြည့်နဲ့ကိုယ်စွမ်းဆောင်နိုင်တဲ့တာဝန်ကို လိပ်ပြာလုံလုံနဲ့ ထမ်းဆောင်ကြဖို့သာ အရေးကြီးတယ်လို့ လလူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကစက်တင်ဘာ ၂၅ရက် Los Angeles လူထုတွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"Rally ဘဲ လုပ်လုပ်၊Lobby ဘဲ လုပ်လုပ်၊ Supply ဘဲ လုပ်လုပ် နွေဦးတော်လှန်ရေးစိတ်ဓါတ်အပြည့်နဲ့ ကိုယ်ရောက်ရာနေရာမှာ ကိုယ်စွမ်းဆောင်နိုင်တဲ့တာဝန်ကို လိပ်ပြာလုံလုံနဲ့ ထမ်းဆောင်ကြဖို့ အရေးကြီးပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေဟာ ပြည်သူ့အရေးကို ဘယ်အကြောင်းနဲ့မှ စွန့်ခွာ သစ္စာဖောက်လို့မရဘူးလို့ အဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ သတိပေး
စက်တင်ဘာလ ၂၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄) နှစ်မြောက်နေ့အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ မှ အခုလိုပြောကြားလိုက်ပါတယ်။
"မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖြတ်သန်းမှုသမိုင်းဟာ ပြည်သူတွေရဲ့သမိုင်းဖြစ်တယ်။ပြည်သူတွေ ဒုက္ခဆင်းရဲဟာမိမိတို့ အဖွဲ့ချုပ်ရဲ့ဒုက္ခဆင်းရဲပဲ ဖြစ်တယ်။မိမိတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို ပြည်သူရှိရင် ပါတီရှိမယ်ဆိုတဲ့အတိုင်း မိမိတို့အဖွဲ့ချုပ်ဟာ ပြည်သူကိုအခြေခံသလို၊ပြည်သူ့အရေးကို ဘယ်တော့မှ ဘယ်အကြောင်းနဲ့မှ စွန့်ခွာ သစ္စာဖောက်လို့မရဘူးဆိုတာ သတိရကြစေလိုတယ်"လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် မတ်လ (၁၄) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံး၌ မတရားဖမ်းဆီးခံရသူ (၁၃၀၀၀) ခန့် ရှိသည့်အနက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၈၃၂) ဦးပါရှိပြီး ပြန်လည်လွတ်မြောက်လာသူ (၁၇၁) ဦးရှိခဲ့ပါတယ်။ မတရားပုဒ်မများ အထပ်ထပ်ဆင့်ကာ စွဲဆိုခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇ )ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ (၁၄) ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
========================
📌📌 ၈။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှရေးရာကော်မတီ (၃) ခုအား ထပ်မံတိုးချဲ့၍ ဖွဲ့စည်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှရေးရာကော်မတီ (၃) ခုအား ထပ်မံတိုးချဲ့၍ ဖွဲ့စည်းလိုက်ကြောင်းကို စက်တင်ဘာ၂၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ကော်မတီ၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေးရာကော်မတီ (၉) ခုအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးကာလနှင့် တော်လှန်ရေးကာလအလွန်တွင် ပညာရေး၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အရေးကိစ္စတို့အား သက်ဆိုင်ရာကဏ္ဍအလိုက် ပိုမိုထိရောက် စွာ ပံ့ပိုးကူညီသွားနိုင်ရန် (၂.၉.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေးရာကော်မတီ (၃) ခုအား ထပ်မံတိုးချဲ့၍ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါတယ်လို့ဆိုထားပါတယ်။
အဆိုပါရေးရာ ကော်မတီသုံးခုမှာ
(က) ပညာရေးကော်မတီ
(ခ) အလုပ်သမားရေးရာကော်မတီ
(ဂ) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့ဖြစ်ကြပါတယ်။
ကော်မတီများဟာ ယင်းတို့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ မြောင်မြို့နယ် ဆင်မင်းကျေးရွာကို ယနေ့မနက်အစောပိုင်း အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်းမြောင်မြို့နယ် ဆင်မင်းကျေးရွာကို ယနေ့မနက်အစောပိုင်း အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ မြောင်နယ်ကျောက်ရစ်စခန်းက စကစတပ်များဟာ ဆင်မင်းကျေးရွာကို မီးရှိူ့ခဲ့တယ်လို့ ဒေါင်းစစ်သည်အဖွဲ့ကအတည်ပြုဆိုပါတယ်။
"မြောင်နယ်ကျောက်ရစ်စခန်းကစကစတပ်များ ဒီနေ့မနက်အစောပိုင်းမှာ မြောင်နယ် ဆင်မင်းကျေးရွာကိုမီးတင်ပြီးကျောက်ရစ်စခန်းထဲသို့ပြန်ဝင်သွားပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ရွာသားများဟာ ဘေးလွတ်ရာသို့တိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးရှိ ပြည်သူ့နေအိမ်များကိို မီးရှို့ဖျက်ဆီးရာမှာ လက်ရှိအချိန်အထိ ၃၆၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment