၂၀၂၂ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၂။ ဒရုန်းများ အနာဂတ်ကာလများအတွက် အရေးပါလာမှာဖြစ်၍ Drone Squad များအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုအားစိုက်ထုတ်ရန် ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
📌 ၃။ Spring Mandalay Investment အိမ်ရာစီမံကိန်းမြေကွက်များဝယ်ယူရန် အရောင်းကိုယ်စားလှယ်များ ထံမြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားပြီ
📌 ၄။ မမများနဲ့ ပွဲကမယ် ချင်း၊ မကွေးပရောဂျက်အတွက် ၇၀ ရာခိုင်နှုန်းအထိပံ့ပိုးကူညီမှုရရှိ
📌 ၅။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှရဲနဲ့စကစတပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်ခိုလှုံ၍ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
📌 ၆။ ရေးမြို့နယ် စသုံးလုံးရုံးကိုဖောက်ခွဲ
📌 ၇။ မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ကာစစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
📌 ၈။ ပုလောမြို့နယ်မှ တက်လာတဲ့ စစ်ကောင်စီကား (၃) စီးကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့၀င် (၄) ဦး သေဆုံး
📌 ၉။ ကရင်နီပြည် နွားလဝိုးလမ်းခွဲတောင်ကုန်းတွင် တပ်စွဲထားတဲ့စကစတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စကစဘက်မှ (၂) ဦးသေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပြီးနောက် ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းအလုပ်အမှုဆောင်အဖွဲ့မှ တာ၀န်ရှိသူ တစ်ဦးတို့ က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း မှ ၀န်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဥ်များအား တင်ပြဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာန ၏ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး မေးမြန်း အကြံပြုခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ဝင် များ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူး နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ ဒရုန်းများ အနာဂတ်ကာလများအတွက် အရေးပါလာမှာဖြစ်၍ Drone Squad များအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုအားစိုက်ထုတ်ရန် ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
ဒရုန်းများ အနာဂတ်ကာလများအတွက် အရေးပါလာမှာဖြစ်၍ Drone Squad များအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုအားစိုက်ထုတ်ရန် ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။ စက်တင်ဘာလ (၂၆) ရက်နေ့၊ နေ့လယ်ပိုင်းက ကာကွယ်ရေးဒုဝန်ကြီးဦးဆောင်သော Project Skywalk အဖွဲ့သားများနှင့် Project Skywalk တွင် အဓိကပါဝင်ခဲ့ကြသည့် Drone အဖွဲ့များနှင့် တွေ့ဆုံခဲ့ရာမှာ ကာကွယ်ရေးဒုဝန်ကြီးကဆိုပါတယ်။
"ဒရုန်းများသည် အနာဂတ်ကာလများအတွက် အရေးပါသော နေရာတွင် ပိုမိုပါဝင်လာမှာ ဖြစ်ပြီး Drone Squad များအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုအားစိုက်ထုတ်ရမှာဖြစ်ကာ တိုက်ခိုက်ရေး၊လေ့ကျင့်ရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း"ဒုဝန်ကြီးကဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ Force for Federal Democracy၊ Falcon Wings၊ Hyper UAV Force၊ Golden Eagle People Defense Force၊ Mandalay PDF နှင့် People Force မှ နည်းပညာတာဝန်ခံ၊ တိုက်ခိုက်ရေးတာဝန်ခံနှင့်သုတေသနတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ Spring Mandalay Investment အိမ်ရာစီမံကိန်းမြေကွက်များဝယ်ယူရန် အရောင်းကိုယ်စားလှယ်များ ထံမြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားပြီ
Spring Mandalay Investment အိမ်ရာစီမံကိန်းမြေကွက်များဝယ်ယူရန် အရောင်းကိုယ်စားလှယ်များ ထံမြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားပြီလို့ သတင်းရရှိပါတယ်။ စက်တင်ဘာ၂၆ ရက် ညပိုင်းမှာ EOD ပရော့ဂျက်ကအသိပေးဆိုပါတယ်။
"ရွှေမြို့တော်မန္တလေးဟာ တော်လှန်ရေးမှာ ဘယ်တော့မှ သွေးမအေးခဲ့ပါဘူး။အခုလည်း Spring Mandalay Investment မြေကွက်တွေ စတင် ရောင်းချတော့မယ်၊ ကိုယ်စားလှယ်တွေဆီမှာ စာရင်းပေးလို့ ရပါပြီ ဆိုတာနဲ့ မြေကွက် ၃၀၀ ကျော် ကြိုတင် အမှာစာ တင်ထားကြပြီးပြီ။ စတင်ရောင်းချမယ့် နောက် ၅ ရက်အတွင်းမှာ အများကြီး။ ထပ်တိုးလာဦးမှာ သေချာပါတယ်။နိုင်ငံ့ အနာဂတ်၊ ကိုယ့်မျိုးဆက် ရှေ့ရေးအတွက် ပရ အတ္တညီမျှတဲ့ အခုလို EOD ပရောဂျက်မျိုးမှာ ရင်းနှီးမြှုပ်နှံကြတဲ့ မန်းသား မန်းသူတွေနဲ့ ပြည်သူ အပေါင်းကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုထားပါတယ်။
နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့မှာ မန္တလေးမြို့ရဲ့အချက်အခြာကျသောနေရာများတွင်တည်ရှိပြီး ဝယ်ယူသူများမှာလည်း တော်လှန်ရေးကာလဖြစ်၍ တန်ဖိုး၏ လေးဆယ်ရာခိုင်နှုန်းကိုသာ သုံးလအတွင်းပေးချေနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီးစီမံကိန်းစတင်သော ကာလတွင်သာ အရစ်ကျပေးချေရမှာဖြစ်ပါတယ်။
"MOPFI သို့ အစောဆုံးပထမနေ့တွင် ငွေပေးချေဝယ်ယူသူများဟာ အထူးအစီအစဥ်အနေနဲ့ မိမိနှစ်သက်ရာမြေကွက်များကို စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်တယ်"လို့လည်းဆိုထားပါတယ်။
========================
📌📌 ၄။ မမများနဲ့ ပွဲကမယ် ချင်း၊ မကွေးပရောဂျက်အတွက် ၇၀ ရာခိုင်နှုန်းအထိပံ့ပိုးကူညီမှုရရှိ
မမများနဲ့ ပွဲကမယ် ချင်း၊ မကွေးပရောဂျက်အတွက် ၇၀ ရာခိုင်နှုန်းအထိပံ့ပိုးကူညီမှုရရှိထားတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်းမှာ မမများနဲ့ပွဲကမယ်အစီအစဥ်က ထောက်ပံကူညီမှုရရှိမှုကိုအသိပေးဆိုပါတယ်။
"မမများနဲ့ ပွဲကမယ် ချင်း၊ မကွေးပရောဂျက်အတွက် ယနေ့အထိ နိုင်ငံအလိုက် ပါဝင်မှူအခြေနေလေးပါ။ မစ်ရှင်က ၇၀ရာခိုင်နှုန်းအောင်မြင်ပြီးပြီမလို့ နောက်ထပ် ၃၀ ရာခိုင်နှုန်းပဲလိုပါတော့တယ်"လို့ဆိုပါတယ်။ မမများနဲ့ ပွဲကမယ်အစီအစဥ်ဟာ တော်လှန်ရေးအင်အားစုများကို အဓိက ထောက်ပံ့တာဖြစ်ပြီးတော့ ယခုတစ်ခေါက် မှာတော့ ချင်း၊ မကွေးနေရာများကို ပံ့ပိုးသွားမှာဖြစ်ပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှရဲနဲ့စကစတပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်ခိုလှုံ၍ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှရဲနဲ့စကစတပ်သားတစ်ဦးလက်နက်နဲ့အတူအလင်းဝင်ခိုလှုံ၍ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်မှာ CDF-Kanpetlet မှအသိပေးဖော်ပြပါတယ်။
"ချင်းပြည်နယ်၊ ကန်ပက်လက်နယ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်မတော်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်း တို့မှ အလင်းဝင် လိုကြောင်း ဆက်သွယ်လာခဲ့ရာ မိမိတို့ CDF-Kanpetlet မှ သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ပါတယ်။သတ်မှတ်ထားသော ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး ၄င်း၏ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်"လို့ဆိုပါတယ်။
၄င်းတို့နှင့်အတူ ပါလာသော ပစ္စည်းများမှာ G3 (၁) လက်၊ MA2 (၁) လက်၊ G3 ကျည်ဘောက် (၂) ခု၊ M A2 ကျည်ဘောက် (၄)ခု၊ G3 ကျည် (၂၈) တောင့်၊ MA ကျည် (၃၄၆) တောင့်၊ ကျည်ကာ (၁) ထည်တို့ဖြစ်ပါတယ်။ CDF-Kanpetlet မှ ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကို မဆို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ ရေးမြို့နယ် စသုံးလုံးရုံးကိုဖောက်ခွဲ
မွန်ပြည်နယ်ရေးမြို့နယ် စသုံးလုံးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက် နံနက်၉နာရီမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ MSRO တော်လှန်ရေးအဖွဲ့ကဆိုပါတယ်။
အဆိုပါ မွန်ပြည်နယ်ရေးမြို့နယ် စသုံးလုံးရုံးကိုမိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီးတော့ ရုံးခန်းပျက်စီးမှုတို့ရှိတယ်လို့ MSRO ကအတည်ပြုပါတယ်။ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဟာ စကစတပ်များအား စဥ်ဆက်မပြတ် စစ်ဆင်ရေးများဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ကာစစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။ စက်တင်ဘာ၂၆ ရက်မှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ကဆိုပါတယ်။
"စက်တင်ဘာ၂၆ ရက်နေ့၊ နေ့လည်တွင် ရခိုင်ပြည်၊ မင်းပြား - ပေါက်တောလမ်း၊ မင်းပြားမြို့အနီးရှိ သင်ပုန်းချောင်း၊ ခေါင်းလောင်းချောင်း အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးနေတယ်"လို့ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်လျက်ရှိကာဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ခြောက်သောင်းကျော် ရှိပြီး လူသားချင်းစာနာမှုအကူအညီများလိုအပ်လျက်ရှိပါတယ်။
========================
📌📌 ၈။ ပုလောမြို့နယ်မှ တက်လာတဲ့ စစ်ကောင်စီကား (၃) စီးကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့၀င် (၄) ဦး သေဆုံး
ပုလောမြို့နယ်မှ တက်လာတဲ့ စစ်ကောင်စီကား (၃) စီးကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့၀င် (၄) ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာလ (၂၆) ရက်၊ မွန်းလွဲ (၁:၁၅) နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာတွင် ပုလောမြို့နယ်မှ တက်လာသည့် စစ်ကောင်စီကား (၃) စီးကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
" စက်တင်ဘာလ (၂၆) ရက်၊ မွန်းလွဲ (၁:၁၅) နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာတွင် ပုလောမြို့နယ်မှ တက်လာသည့် စစ်ကောင်စီကား (၃) စီးကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် (၄) ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိပါတယ်"လို့ ဖော်ပြပါတယ်။ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ စစ်သည်တော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ လုံခြုံရာသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ ကရင်နီပြည် နွားလဝိုးလမ်းခွဲတောင်ကုန်းတွင် တပ်စွဲထားတဲ့စကစတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စကစဘက်မှ (၂) ဦးသေ
ကရင်နီပြည် နွားလဝိုးလမ်းခွဲတောင်ကုန်းတွင် တပ်စွဲထားတဲ့စကစတပ်များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စကစဘက်မှ (၂) ဦးသေဆုံးခဲ့ပါတယ်။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးလမ်းခွဲတောင်ကုန်းတွင် တပ်စွဲထားသည့်အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကိုတိုက်ခိုက်ခဲ့တယ်လို့ KNDF/B-12ကဆိုပါတယ်။
စက်တင်ဘာ၂၆ ရက်နေ့ နံနက်၆နာရီတွင် နွားလဝိုးလမ်းခွဲတောင်ကုန်း၌ တပ်စွဲထားသော စကစ စခန်းကုန်းကို KNDF/B-12 ၊KNDF/B-14 ၊KNDF/B-02 ၊SSRYနှင့် KA တပ်ပေါင်းစုတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စကစဘက်မှ (၂) ကောင် ကျဆုံး ၅ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပွိုက်ဖိုက် စက်သေနတ်တစ်လက်ဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အကြမ်းဖက် စကစဘက်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်မှု၊ လက်နက်ကြီးအင်အားနည်းပါးမှု ( RPG 7/ 40mm / 60mm တို့မလုံလောက်) တို့ကြောင့် နံနက် ၉ နာရီခွဲ ခန့် တွင်ပြန်လည် ဆုတ်ခွာခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment