၂၀၂၂ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မကြာခင်ပေါ်ပေါက်လာမယ့်စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ CDM တွေကိုအလုပ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များရဲ့ဆောင်ရွက်ချက်များဟာ များစွာ အရေးပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများအတွက် ဘတ်ငွေ (၁) သိန်းကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီသို့ ပေးပို့လှူဒါန်း
📌 ၄။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ပြင်ဆင်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိပေး
📌 ၅။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးကို PDF တွေကိုထောက်ပံတယ်လို့စွပ်စွဲကာဖမ်းဆီး
📌 ၆။ တိုက်ပွဲပေါင်း ၃၀ ထက်မနည်းကိုမောင်းပြန် မပါဘဲ တိုက်ခဲ့ရာ ယခုအချိန်မှာ 9''mm သေနတ်များထုတ်လုပ်အောင်မြင်ပြီလို့ BPDF ဆို
📌 ၇။ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှစမ်းသပ်ထုတ်လုပ်အောင်မြင်တဲ့ တိုက်မိုင်း၊ ဆွဲမိုင်း၊ နင်းမိုင်းများကို လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးသွားမယ်
📌 ၈။ CDF-Matupi ထိန်းချုပ်နယ်မြေအတွင်းရှိ Non-CDM များ ပပျောက်ရေးကွင်းဆင်းသတိပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မကြာခင်ပေါ်ပေါက်လာမယ့်စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ CDM တွေကိုအလုပ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
မကြာခင်ပေါ်ပေါက်လာမယ့်စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ CDM တွေကိုအလုပ်ပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၇ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၆၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးမှာဝန်ကြီးချုပ်ကဆိုပါတယ်။
"ဝန်ကြီးချုပ်ရုံးက တာဝန်ယူထားတဲ့ဌာန (၁၀) ခုထဲက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုရင် လက်ရှိတော်လှန်ရေးရဲ့ အခြေအနေအရ တချို့သော စိုးမိုးထိန်း ချုပ်နယ်မြေတွေနဲ့ မကြာခင်ကာလမှာ ပေါ်ပေါက် လာနိုင်ဖွယ်ရှိတဲ့ ပြည်နယ်အစိုးရတွေရဲ့ စီမံထိန်းချုပ် နယ်မြေတွေမှာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍတစ်ခု မဖြစ်မနေလိုအပ်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီအ တွက်လည်း ကျနော်တို့အနေနဲ့ စိုက်ပျိုးရေးဌာနမှ CDM များနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေကို တော်လှန်ရေးရဲ့ လိုအပ်ချက်နေရာတွေမှာ ဖြည့်ဆည်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ တာရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ပြည်နယ်အစိုးရတွေ ပေါ်ပေါက် လာတဲ့အခါ၊ စိုးမိုးထိန်းချုပ် နယ်မြေတွေများများရှိလာတဲ့အခါ အစိုးရရဲ့အုပ်ချုပ်ရေး အင်အားကို အကောင်အထည်ဖော်နိုင်ဖို့ CDM တွေရဲ့အင်အားတွေ အများကြီး လိုအပ်လာမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းရှိ ၃၆ မြို့နယ်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး လမ်းပိုင်း ၈၅ ရာခိုင်နှုန်းအထက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားနိုင်ပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များရဲ့ဆောင်ရွက်ချက်များဟာ များစွာ အရေးပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များရဲ့ဆောင်ရွက်ချက်များဟာ များစွာ အရေးပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကဆိုပါတယ်။ စက်တင်ဘာလ ၂၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးမှာဝန်ကြီးကပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များသည် များစွာ အရေးပါပါကြောင်း၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလားတူ ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ် ပလဖ အဖွဲ့ဝင်များက မြေပြင်ရှိ အမှုကိစ္စဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပီပီပြင်ပြင်လည်ပတ်နိုင်ရေးအတွက်် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများအတွင်း ကျေးရွာအုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နေသည့်အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြပြီးသိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများအတွက် ဘတ်ငွေ (၁) သိန်းကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီသို့ ပေးပို့လှူဒါန်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများအတွက် ဘတ်ငွေ (၁) သိန်းကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအသိပေးဆိုပါတယ်။
"အမျိုးသားညီညွတ်ရေး အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကရင်နီပြည်ရှိ ကရင်နီစစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (100,000 THB) ထိုင်းဘတ်ငွေ (၁) သိန်းကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီသို့ ပေးပို့လှူဒါန်းခဲ့တယ်"လို့ဆိုပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင်ဦးရေ သိန်းနဲ့ချီရှိကာ အများစုမှာ လူသားချင်းစာနာမှုအကူအညီများလိုအပ်လျက်ရှိပါတယ်။
========================
📌📌 ၄။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ပြင်ဆင်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိပေး
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ပြင်ဆင်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိပေးဆိုပါတယ်။ စက်တင်ဘာလ ၂၇ ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကထုတ်ပြန်ဖော်ပြချက်အရသတင်းရရှိပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တွင် အရေးကြီးဆုံးသော ပေါင်းကူးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက်ပြင်ဆင်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ ၂၀၁၉ ခုနှစ်အောက်တိုဘာ ၂၈ ရက်နေ့တွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြေညာခဲ့သော ဖက်ဒရယ်အခြေခံမူ ၆ ချက်ကို လမ်းညွှန်ချက်အဖြစ် ခံယူကာ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ရှေးရှုသော မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီးက ထုတ်ပြန်ကြေညာထားသော မူဝါဒကြေညာစာတမ်းများအားလုံးကိုလည်း အလေးအနက်ထား ပေါင်းစပ်စဉ်းစား၍ ယင်းတို့၏သဘော ထားများကိုပါ ရယူညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်"လို့အသိပေးကြေညာပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သောဒီမိုကရေစီစနစ်အောက်မှကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီအချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံရေးလွှဲအပ် ကိုယ်စားပြုအာဏာအဖြစ် ကျင့်သုံးမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၅။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးကို PDF တွေကိုထောက်ပံတယ်လို့စွပ်စွဲကာဖမ်းဆီး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးကို PDF တွေကိုထောက်ပံတယ်လို့စွပ်စွဲကာဖမ်းဆီးခဲ့ပါတယ်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌဖြစ်သူ ဦးအောင်ဌေးဦးအား စစ်သားနှင့် ရဲများမှ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ် နှစ်နာရီခန့်အချိန်တွင် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့AAPPကဖော်ပြပါတယ်။
ဦးအောင်ဌေးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ထောက်ပံ့ခြင်းနှင့် ဖောက်ခွဲရေး၌ ပါဝင်ပက်သက် ခြင်းတို့ပြုလုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၅၁၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၉၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၆။ တိုက်ပွဲပေါင်း ၃၀ ထက်မနည်းကိုမောင်းပြန် မပါဘဲ တိုက်ခဲ့ရာ ယခုအချိန်မှာ 9''mm သေနတ်များထုတ်လုပ်အောင်မြင်ပြီလို့ BPDF ဆို
တိုက်ပွဲပေါင်း ၃၀ ထက်မနည်းကိုမောင်းပြန် မပါဘဲ တိုက်ခဲ့ရာ ယခုအချိန်မှာ 9''mm သေနတ်များထုတ်လုပ်အောင်မြင်ပြီလို့ BPDF ကဆိုပါတယ်။ စက်တင်ဘာ၂၇ ရက်မှာ Burmese Peacock Defense Force (ဗမာ့ဒေါင်း တပ်ဖွဲ့) ကဆိုပါတယ်။
"ကျွန်တော်တို့ Burmese Peacock Defense Force(ဗမာ့ဒေါင်း တပ်ဖွဲ့)သည် Local အဖြစ်သို့ ခွဲပြောင်း၍ တိုက်ပွဲဝင် တိုက်ခိုက်ခဲ့ရာ အချိန်၆ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။Local အနေဖြင့် တိုက်ပွဲဝင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၃၀ထက်မနည်း တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။သို့သော် ယခုအချိန်ထိ မောင်းပြန်တစ်လက်မှ ဝယ်ယူနိုင်ခြင်းမရှိသေးပါ။ထို့ကြောင့် လက်လုပ် Boxနှင့် 9''mmသေနတ်အား ယခုအချိန်တွင် ထုတ်လုပ်အောင်မြင်နိုင်ခဲ့ပြီဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။ သေနတ်ကိုထုတ်ဖို့ နည်းပညာလိုအပ်ပါက page ကနေ လာရောက်ဆက်သွယ်နိုင်တယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၇။ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှစမ်းသပ်ထုတ်လုပ်အောင်မြင်တဲ့ တိုက်မိုင်း၊ ဆွဲမိုင်း၊ နင်းမိုင်းများကို လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးသွားမယ်
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှစမ်းသပ်ထုတ်လုပ်အောင်မြင်တဲ့ တိုက်မိုင်း၊ ဆွဲမိုင်း၊ နင်းမိုင်းများကို လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးသွားမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ၂၇ ရက်မှာ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှအသိပေးဆိုပါတယ်။
"နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှရှေ့တန်းစစ်မြေပြင်သုံး တိုက်မိုင်း၊ ဆွဲမိုင်း၊ နင်းမိုင်းများ စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ခဲ့ပါတယ်။လိုအပ်နေသည့် တော်လှန်ရေးအင်အားစုများထံ ပြန်လည်ဖြန့်ဝေပေးသွားပါမယ်"လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)ကဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း လက်နက်ကြီးများကို နေပြည်တော်ပကဖက ထုတ်လုပ်အောင်မြင်ခဲ့ပါသေးတယ်။
========================
📌📌 ၈။ CDF-Matupi ထိန်းချုပ်နယ်မြေအတွင်းရှိ Non-CDM များ ပပျောက်ရေးကွင်းဆင်းသတိပေးခဲ့
CDF-Matupi ထိန်းချုပ်နယ်မြေအတွင်းရှိNon-CDMများ ပပျောက်ရေးကွင်းဆင်းသတိပေးခဲ့ပါတယ်။ CDF-Matupi ထိန်းချုပ်နယ်မြေအတွင်းရှိ Non-CDMများ ပပျောက်ရေးအစီစဥ်ကို ဗျူဟာမှူးဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊စက်တင်ဘာ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိကွင်းဆင်းသတိပေးခဲ့တယ်လို့ဆိုပါတယ်။
ခရီးစဥ်တွင်ဗျူဟာမှူးမှ Non-CDM ပြုလုပ်ခြင်းသည် စစ်ကောင်စီ၏ ယန္တာရားကိုလည်ပတ်စေသည့် ထောက်တိုင်တစ်ခုဖြစ်ပြီး CDF-Matupi ထိန်းချုပ်နယ်မြေအတွင်း Non-CDM အများစုသည်ပညာရေးဝန်ထမ်းများဖြစ်သောကြောင့် ယခုချိန်မှစ၍စစ်ကောင်စီ ၏ယန္တာရားကို ရပ်တန့်စေဖို့ CDM ပြုလုပ်ကြရန်အသိပေးခဲ့ပါတယ်။ ထို့အပြင် Non-CDM များအနေဖြင့် စစ်ကောင်စီ၏ယန္တာရားကိုလည်ပတ်စေသည့် Non-CDM ဆက်လက်ပြုလုပ်ကြပါက CDF-Matupi ၏သတိပေးထုတ်ပြန်ချက်အတိုင်းပြင်းပြင်းထန်ထန်အရေးယူမယ်လို့ဆိုခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment