၂၀၂၂ စက်တင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စက်တင်ဘာလအတွက် ငွေတိုက်စာချုပ် ဝယ်ယူသူများကို ယာယီ သမ္မတ ဒူဝါလရှီးလ လက်မှတ်ထိုးထားတဲ့ postcard များပေးဝေမယ်
📌 ၂။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူများအနေဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ နွေဦးမော်ကွန်းသစ် @ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ အကွက်များ (မြေကွက် ၄၀၀)ပထမနေ့ မှာပဲ ရောင်းကုန်
📌 ၄။ မြန်မာနိုင်ငံကို ကြေညာချက်တွေထက်ပိုတဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေ နည်းပေါင်းစုံကနေ ပေးဖို့အချိန်ရောက်နေပြီလို့ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားခဲ့
📌 ၅။ ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ ကလေး၊ တမူး၊ ဝက်လက် သုံးမြို့နယ်မှာ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းလိုက်
📌 ၆။ Click2 donate က တော်လှန်ရေးအဖွဲ့များကို ယခုလ တစ်ဖွဲ့သိန်းတစ်ရာ ပြန်လည်ထောက်ပို့ပေးမယ်
📌 ၇။ စစ်အုပ်စုရဲ့ သားသမီးနဲ့အစွယ်အပွားတွေ နိုင်ငံကြီးတွေကို ပြေးလာနေကြတယ်လို့ သြစတြေးလျ နိုင်ငံ NUG ကိုယ်စားလှယ်ဆို
📌 ၈။ ၈၀ မမလက်နက်ကြီးတနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တစ်ဖွဲ့မှ ထုတ်လုပ်အောင်မြင်
📌 ၉။ ထီးချိုင့်မြို့နယ် အောင်သာယာ ကုန်းထိပ်မှာ စကစတပ်များ မိုင်းဆွဲခံ၍ ၁၄ ဦးထက်မနည်း သေဆုံး
📌 ၁၀။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တိုက်ပွဲများမှာ အကြမ်းဖက် စစ်တပ်က တစ်ရာကျော်သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စက်တင်ဘာလအတွက် ငွေတိုက်စာချုပ် ဝယ်ယူသူများကို ယာယီ သမ္မတ ဒူဝါလရှီးလ လက်မှတ်ထိုးထားတဲ့ postcard များပေးဝေမယ်
စက်တင်ဘာလအတွက် ငွေတိုက်စာချုပ် ဝယ်ယူသူများကို ယာယီ သမ္မတ ဒူဝါလရှီးလ လက်မှတ်ထိုးထားတဲ့ postcard များပေးဝေမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကအသိပေးဆိုပါတယ်။
"Bond ဝယ်သူတိုင်းဟာ ဒီငွေသည် တိုင်းပြည်အနာဂတ်အတွက်ရော၊ မိမိ ကိုယ်တိုင်အတွက်ပါ investment ပဲလို့ ယုံကြည်တယ်၊ ပြည်သူက အနိုင်ရပြီး လူထုအစိုးရ တက်ကို တက်ရမယ်လို့ ယုံကြည်ထားတဲ့သူတွေပါ။ဒီလို ယုံကြည်ချက်ကို ခုချိန်မှာ ပြန်လည်တုန့်ပြန်နိုင်တာကတော့ တော်လှန်ရေးအစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ အမှတ်တရ postcard လေးတွေနဲ့ပါပဲ။August လမှာ Bond ဝယ်ယူသူတွေကို သမ္မတကြီးရဲ့ အမှတ်တရစကားနဲ့ postcard လေးတွေ ပြန်ပေးခဲ့ပါတယ်၊ အခု September လမှာလည်း ဒီ postcard လေးတွေကို ဒီဇိုင်းတမျိုးနဲ့ ဆက်လက်ပြီး ပေးပို့သွားဖို့ စီစဉ်ထားပါတယ်"လို့ဆိုပါတယ်။
ဒီ Postcard တွေဟာ postcard လေးတစ်ခုမျှသာ မဟုတ်ဘဲပြည်သူတွေရဲ့ ယုံကြည်ခြင်းအဓိဌာန်၊ ပြည်သူတွေရဲ့ အားမာန်ကို အသိအမှတ်ပြု တန်ဖိုးထားတဲ့ သင်္ကေတဖြစ်ပါတယ်လို့လည်းဆိုပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အထူးငွေတိုက်စာချုပ်များကို အမျိုးသားညီညွတ်ရေးအစိုးရဟာ ရောင်းချခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူများအနေဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူများအနေဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ စက်တင်ဘာ ၁ ရက် ကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၇/၂၀၂၂) မှာဝန်ကြီးချုပ်ကဆိုပါတယ်။
" စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူများအနေဖြင့် စီးပွားရေးကျဆင်းမှုဒဏ်ကို အပြင်းအထန်ခံစားနေရပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် စုစည်းထားရှိသည့် အင်အားဖြင့် ပြည်သူတို့၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊တရားစီရင်ရေးကဏ္ဍတွင် ကြားကာလနှင့်လျော်ညီသည့် တရားရေးမဏ္ဍိုင်တစ်ရပ် ဖော်ထုတ်ရန်နှင့် ပြည်သူသို့ ချပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နောင်အနာဂတ်လူငယ်များအတွက် တက်ညီလက်ညီဖြင့် လက်တွဲညီညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ(၂၆/၂၀၂၂)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ် တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ (၁) ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နွေဦးမော်ကွန်းသစ် @ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ အကွက်များ (မြေကွက် ၄၀၀)ပထမနေ့ မှာပဲ ရောင်းကုန်
နွေဦးမော်ကွန်းသစ် @ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ အကွက်များ (မြေကွက် ၄၀၀)ပထမနေ့ မှာပဲ ရောင်းကုန်သွားပြီလို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ EOD က ဖော်ပြအသိပေးဆိုပါတယ်။
"နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ အကွက်များ (မြေကွက် ၄၀၀) အရောင်းစတင်သည့် ပထမနေ့ မှာပဲ ရောင်းကုန်သွားပါပြီ။ ဝယ်ယူသည့် တော်လှန်ပြည်သူ အပေါင်းနဲ့ အရောင်းကိုယ်စားလှယ်များကို ကျေးဇူး အထူးပါ"လို့ဆိုပါတယ်။ နွေဦးရိပ်မွန်နဲ့ နွေဦးမော်ကွန်းသစ် အိမ်ရာစီမံကိန်းများကို စက်တင်ဘာ ၁ရက်နေ့မှာစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ရှိကျန်ရှိနေဦးမယ့် စီမံကိန်းများမှာ နွေဦးရိပ်မွန် @Min Dhamma ပေ ၆၀ x ပေ ၈၀ - အကွက် ၁၀၀ ၊ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၆၀ x ပေ ၈၀ - အကွက် ၂၀၀ တို့ဖြစ်ပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံကို ကြေညာချက်တွေထက်ပိုတဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေ နည်းပေါင်းစုံကနေ ပေးဖို့အချိန်ရောက်နေပြီလို့ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး ပြောကြားခဲ့
မြန်မာနိုင်ငံကို ကြေညာချက်တွေထက်ပိုတဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေ နည်းပေါင်းစုံကနေ ပေးဖို့အချိန်ရောက်နေပြီလို့ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။
"တရားမျှတမှုကို ရအောင်ဖွေရှာသွားမှာပါ။ ကြေညာချက်တွေထက်ပိုတဲ့ နိုင်ငံတကာ ထောက်ပံ့မှုတွေကို နည်းပေါင်းစုံကနေ ပေးဖို့အချိန်ရောက်နေပါပြီ။ ယူကရိန်းအတွက် ရပ်တည်ကြသလို မြန်မာပြည်အတွက် ရပ်တည်ကြပါ"လို့ ဝန်ကြီးကဆိုပါတယ်။ ချက်နိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 ကတော့ ယူကရိန်းအရေးကို အဓိကထား ဆွေးနွေးတဲ့ပွဲဖြစ်ပါတယ်။ အဆိုပါ Fourmမှာ မြန်မာပြည်အရေးကိုလည်းတင်ပြဆွေးနွေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ ကလေး၊ တမူး၊ ဝက်လက် သုံးမြို့နယ်မှာ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းလိုက်
ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်အမိန့်နဲ့ ကလေး၊ တမူး၊ ဝက်လက် သုံးမြို့နယ်မှာ ပြည်သူ့ရဲတက်ဖွဲ့များဖွဲ့စည်းလိုက်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းခြင်းအမိန့်ကြေညာစာအမှတ် (၀၇/၂၀၂၂) နဲ့ ကြေညာချက်အရ သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် အောက်ပါ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များအား ဖွဲ့စည်းလိုက်ပါတယ်။
(၁) ကလေးမြို့နယ်ရဲတပ်ဖွဲ့
(၂) တမူးမြို့နယ်ရဲတပ်ဖွဲ့
(၃) ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့တို့ဖြစ်တယ်လို့ဖော်ပြပါတယ်။
ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(KPS) အနေဖြင့်တောင်ပိုင်း၊ မြောက်ပိုင်း စခန်းနှစ်ခုဖြင့် နယ်မြေအတွင်း တတ်စွမ်းသမျှ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေပြီး ယခုအခါအမျိုးသားညီညွှတ်ရေးအစိုးရမှ တရား၀င်အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်လို့ KSP ကလည်းဆိုထားပါတယ်။
========================
📌📌 ၆။ Click2 donate က တော်လှန်ရေးအဖွဲ့များကို ယခုလ တစ်ဖွဲ့သိန်းတစ်ရာ ပြန်လည်ထောက်ပို့ပေးမယ်
Click2 donate တော်လှန်ရေးအဖွဲ့များကို ယခုလ တစ်ဖွဲ့သိန်းတစ်ရာ ပြန်လည်ထောက်ပို့ပေးမယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ click2 donate ကအသိပေးဆိုပါတယ်။
"အရှိန်တင်ဖို့အချိန်ကောင်းလေးပါ ညီအကိုမောင်နှမတို့ရေ ကျွန်တော်တို့ အရင်လရငွေတွေကိုပေးပို့နေပါပြီခင်ဗျာ ဒီလတော့ တဖွဲ့တစ်ရာပြန်ပို့ပါ့မယ်ခင်ဗျာ ငွေဈေးကအရမ်းထိုးကျတာမို့ သိန်းငါးဆယ်ဆို ဘာမှလုပ်မရသလောက်ဖြစ်နေတာမို့ပါခင်ဗျာ"လို့ဆိုပါတယ်။
click2 donateဟာ ပြည်သူများဟာကလစ်နှိပ် အားပေးမှုမှ ရန်ပုံငွေရရှိတာဖြစ်ပါတယ်။ လက်ရှိမှာ အောင်ပွဲ app မှလည်း ဝင်ငွေများရရှိဖို့ကြိုးပမ်းလျက်ရှိပါတယ်။
========================
📌📌 ၇။ စစ်အုပ်စုရဲ့ သားသမီးနဲ့အစွယ်အပွားတွေ နိုင်ငံကြီးတွေကို ပြေးလာနေကြတယ်လို့ သြစတြေးလျ နိုင်ငံ NUG ကိုယ်စားလှယ်ဆို
စစ်အုပ်စုရဲ့ သားသမီးနဲ့အစွယ်အပွားတွေ နိုင်ငံကြီးတွေကို ပြေးလာနေကြတယ်လို့ သြစတြေးလျ နိုင်ငံ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ဆွေကဆိုပါတယ်။ စကစတပ်ရဲ့ သားသမီးတွေ ထွက်ပြေးလာတာကို NUG ကိုယ်စားလှယ် ဦးထွန်းအောင်ဆွေကလူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"စစ်အုပ်စုရဲ့ သားသမီး၊ အစွယ်အပွားတွေလည်း မိသားစု စာရင်းတွေပြောင်း၊ မိဘ အလုပ်အကိုင်တွေပြောင်း၊ ပတ်စ်ပို့အသစ်တွေလုပ်ပြီး နိုင်ငံကြီးတွေကို ပြေးလာနေကြတာ ဒုတိယကမ္ဘာစစ်ပြီးကာစ နာဇီ ဂျာမဏီက စစ်တရားခံတွေနဲ့ သူတို့ မိသားစုတွေ ကိုယ်ရေးအချက်တွေပြောင်းပြီး အာဂျင်တီးနားကို ထွက်ပြေးကြသလိုပဲ"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်ဟာ စစ်ရေးအရ အထိနာ ကျဆုံးနေပြီးတော့ စစ်ကိုင်း၊မကွေး၊ ကရင်နီဒေသ၊ ကရင်ပြည်နယ်တို့မှာ အင်အားအလွန်အကျွံသုံး တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၈။ ၈၀ မမလက်နက်ကြီးတနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တစ်ဖွဲ့မှ ထုတ်လုပ်အောင်မြင်
၈၀ မမလက်နက်ကြီးတနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တစ်ဖွဲ့မှထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ TanintharyiDefenseForce က အသိပေးဆိုပါတယ်။
"တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စခန်းတစ်ခုမှ (80mm) လက်နက်ကြီး စမ်းသပ်ပစ်ခတ်အောင်မြင်ခဲ့ပြီဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ပစ်ခတ်အောင်မြင်ပြီး လက်နက်ကြီးများကို ရှေ့တန်းနေရာများသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များအတွက်ပါ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း တပ်ရင်း၏ လက်နက်ထုတ်လုပ်ရေးတာဝန်ခံမှ ပြောပါတယ်။ လက်နက်ကြီးများ ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် ငွေကြေးလိုအပ်ချက်များ ရှိနေပြီး အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် လက်နက်ထုတ်လုပ်ရေးတာဝန်ခံမှ တိုက်တွန်းထားပါတယ်။
========================
📌📌 ၉။ ထီးချိုင့်မြို့နယ် အောင်သာယာ ကုန်းထိပ်မှာ စကစတပ်များ မိုင်းဆွဲခံ၍ ၁၄ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အောင်သာယာ ကုန်းထိပ်မှာ စကစတပ်များ မိုင်းဆွဲခံ၍ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက် မနက်ပိုင်းအောင်သာယာ ကုန်းထိပ်မှာ စစ်ကြောင်းထိုးတက်လာတဲ့စကစတပ်များ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF ကဆိုပါတယ်။
"အောင်သာယာ ကုန်းထိပ်မှာ စစ်ကြောင်းထိုးတက်လာတဲ့ စကစတပ်အင်အားတစ်ရာလောက်ကို မိုင်းဆွဲခံရတာ ၁၄ ဦးထက်မနည်းသေနေလောက်ပါပြီ။ ပထမ တစ်ခါမိုင်းအသေးနဲ့ဆွဲလိုက်တာ 4/5 ယောက်လောက်လဲကျသွားပြီး စကစတပ်တွေဒဏ်ရာရတဲ့သူတွေကို ဆွဲပြီး သစ်ပင်အောက်မှာဆေးကု နေတုန်း အမှတ်မရှိဘဲနောက်တစ်ဖွဲ့ ကုန်းထိပ်ထပ်တက်လာတာ ရှေ့ထွက်မိုင်း နဲ့မိတ်ဆက်ပေးလိုက်တယ်။
ဆယ်ယောက်လောက် ထွေးခနဲလဲကျသွားပြီး မီးခိုးတွေနဲ့ရောသွားလို့ ထပ်မမြင်ရတော့ဘူးလို့ ရှေ့တန်းမြေပြင်မိုင်းဆွဲနေတဲ့ Special.9-HPDF အဖွဲ့သားတစ်ယောက်က သတင်းပို့လာတယ်"လို့ ဆိုပါတယ်။ ဒါ့အပြင် မွန်းလွန်ပိုင်းအချိန် မြတောင်ဘက်မှ ဆင်းလာသေား ဒန့်ကားအပြာ(မနက်မှ အောင်သာယာတွင်းမိုင်းမိသော စကစတပ်များပါနိုင်)အား မောင်းကုန်းအုပ်စု ဖုန်ကုန်းကြီးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တိုက်ပွဲများမှာ အကြမ်းဖက် စစ်တပ်က တစ်ရာကျော်သေဆုံးခဲ့
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တိုက်ပွဲများမှာ အကြမ်းဖက် စစ်တပ်က တစ်ရာကျော်သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ရေးသတင်းများကို ချင်းအမျိုးသားအဖွဲ့ချုပ်ကဖော်ပြပါတယ်။
"ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၁၆)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စကစ ဘက်မှ သေဆုံးသူ (၁၃၃)ဦးခန့်ရှိပါတယ်"လို့ဆိုပါတယ်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တိုက်ပွဲအတွင်း ရဲဘော်(၅)ဦး ဒဏ်ရာရရှိခဲ့ပြီး သူရဲကောင်း (၂)ဦး ကျဆုံးခဲ့ပါတယ်။
========================
📌📌 ၁၁။ ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ (၄၀)ဦးသေဆုံး ခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့
ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ (၄၀) ဦးသေဆုံး ခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့ပါတယ်။ သြဂုတ်လစတုတ္ထအပတ် တိုက်ပွဲသတင်းများကို စက်တင်ဘာ (၁) ရက်နေ့မှာ KNDF ကဖော်ပြအသိပေးပါတယ်။
သြဂုတ်လ တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့မှ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေး အရ ထိန်းချုပ်နိုင်ရန်ကြိုးစားလျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုး လျက်ရှိတယ်လို့ဆိုပါတယ်။ သြဂုတ်လ (၂၂) ရက်နေ့တွင် ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) နှင့် KNDF B10 တို့ ထိတွေ့တိုက်ပွဲ (၁၅) မိနစ်ခန့်ဖြစ်ပွား ခဲ့ပါတယ်။ ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF B05 မှသွားရောက် တိုက်ခိုက်ခဲ့ပါတယ်။
အထက်ပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှု များရှိခဲ့ပါတယ်။ သြဂုတ်လ (၂၄)ရက်နေ့တွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ရင်း၏ ကင်းပုန်းစခန်းတခုအား ကရင်နီတပ်မတော်နှင့် (KA) နှင့် KNDF B10 တို့မှ ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ ပါတယ်။ သြဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် စံပြ(၆)မိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF B09 မှ စစ်ဆင်ရေး တစ်ရပ်ဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၁) ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများရှိခဲ့ပါတယ်။
ဘောလခဲမြို့နယ်တွင်လည်း သြဂုတ်လ (၂၅) ရက်နှင့် (၂၇) ရက်နေ့တို့တွင် မက်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF B16 မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများခဲ့ပြီး (၄)ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ (၂၉)ရက်နေ့နံနက်ပိုင်းတွင် ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်း တံတားထိပ် စစ်ကောင်စီတပ်စခန်းအား ကရင်နီတပ်မတော် (KA) နှင့် KNDF B21 တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ ထို တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့မှ (၂) ဦးသေဆုံးခဲ့ပါတယ်။
ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ပွန်ချောင်းစခန်းအား ကရင်နီတပ်မတော်(KA) နှင့် KNDF B14 တို့မှ သြဂုတ်လ (၂၇) ရက်နေ့တွင် တနေကုန်နီးပါး ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ (၃)ဦးပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သြဂုတ်လ (၃၀) ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝှဲ ကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ်စခန်းအား KA ၊ KNDF B03 ၊ B11 ၊ SSRY နှင့် PKPDF မှပူးပေါင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ (၃) ဦးသေဆုံးခဲ့ပါတယ်။
ကရင်နီပြည်နယ်တွင် သြဂုတ်လအတွင်းတိုက်ပွဲပေါင်း အနည်းဆုံး (၄၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်များဖက်မှ (၄၀) ဦးသေဆုံး ခဲ့ပြီး (၂၅) ဦးဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ (၃၂) လုံးကို လူနေရပ်ကွက်များသို့ ကျဲချခဲ့ပါတယ်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ (၅) ဦးသေဆုံးခဲ့ရသည့်အပြင် (၁၅) ဦးဒဏ်ရာရကာ ဆေးပေးခန်း(၁)လုံးနှင့် နေအိမ် (၉) လုံးပျက်စီးခဲ့ရပြီး စေတီ တစ်ဆူလည်းပျက်စီးခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment