၂၀၂၂ စက်တင်ဘာလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီတပ်တွေ မြေပြင်မှာ စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မြေပြင်အခြေအနေကို ထုတ်ဖော်ပြောကြား
📌 ၂။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သိန်းစိန် အစိုးရအဖွဲ့သားတွေပါ မထောက်ခံတော့တဲ့ အနေအထား တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
📌 ၃။ တရားမဝင်စစ်တပ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို နည်းလမ်းစုံအသုံးပြု၍ အချိန်မီဖြေရှင်းရန် လိုအပ်ကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ တော်လှန်ရေးအတွက်လိုအပ်သောနေရာများမှာ အသုံးပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ရုံးသို့ ထိုင်းဘတ်ငွေ ၅၅၀၀၀ ထောက်ပံ့လှူဒါန်း
📌 ၅။ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးဘက်မှ အံစာတုံးကား (၃) ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သားသုံးဦးနေရာတင်သေဆုံးခဲ့
📌 ၆။ “နွေဦးမော်ကွန်းသစ်မြေကွက် အားလုံးနှစ်ရက်မပြည့်ခင်ရောင်းကုန်၍ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ဖိုးရောင်းချရ
📌 ၇။ ဖရူဆိုမြို့နယ် ထီးပေါ်ဆို ကျေးရွာအနီး ကင်းရှည်ဆွဲထားသော စစ်ကောင်စီ တပ်သားများအား KNDF/B-15 မှ RPG နဲ့ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီတပ်တွေ မြေပြင်မှာ စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မြေပြင်အခြေအနေကို ထုတ်ဖော်ပြောကြား
စစ်ကောင်စီတပ်တွေ မြေပြင်မှာ စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မြေပြင်အခြေအနေကို စက်တင်ဘာလအတွင်း ပြည်သူမေးသမျှ ဖြေတဲ့အစီအစဥ်စကားဝိုင်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
"လက်ရှိမြေပြင်ရဲ့ စစ်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ ကောင်းကောင်း စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးဆိုတာတွေ့ရတယ်။စစ်ကူ ပို့တာမျိုးတွေလည်း သူတို့ကောင်းကောင်းမလုပ်နိုင်ဘူး။ ထောက်ပို့လုပ်ငန်းတွေပင်လျှင် ရဟတ်ယာဥ် သုံးပြီးပို့နေတာတွေ့ရတယ်စစ်ကောင်စီတပ်များ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီတပ်များဟာ လုပ်နိုင်တာ တစ်ခုပဲရှိတော့ပြီး PDF ထောက်ခံတဲ့ အရပ်သားနဲ့ရွာများကို မီးရှို့ဖိက်ဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သိန်းစိန် အစိုးရအဖွဲ့သားတွေပါ မထောက်ခံတော့တဲ့ အနေအထား တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သိန်းစိန် အစိုးရအဖွဲ့သားတွေပါ မထောက်ခံတော့တဲ့ အနေအထား တွေ့နေရပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလအတွင်း လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောကြားခဲ့ပါတယ်။
"ကျနော်တို့ရဲ့ ခရီးက ရှေ့ကိုသွားနေတာပဲရှိတယ်၊ နောက်ဆုတ်တာမရှိဘူး။ စစ်ပွဲတွင်း နှစ်ဖက် ကျဆုံးမှုကတော့ ရှိနေမှာပဲ။ စကစ က ပြည်သူ့အိုးအိမ် ဘလိုင်းရှို့တာတော့ များနေတယ်၊ ဒါကလဲ ပြည်နဲ့ ရန်-ငါပြတ်တဲ့ တွေ့နေရပြီပဲ။သူတို့ဖက်က ဆုံးရှုံးမှုတွေကတော့ထွက်ပြေးသွားသူ၊ ကျဆုံးသွားသူ၊ ပြည်သူ့မေတ္တာ၊ ဘဏ္ဍာရေး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားလုံးအပြင်၊ အခုနောက်ပိုင်း သိန်းစိန် အစိုးရအဖွဲ့သားတွေပါ မထောက်ခံတော့တဲ့ အနေအထား တွေ့နေရတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ ရွှေစျေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်နိုင်ငံလုံးခံစားနေကြရပါတယ်။
========================
📌📌 ၃။ တရားမဝင်စစ်တပ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို နည်းလမ်းစုံအသုံးပြု၍ အချိန်မီဖြေရှင်းရန် လိုအပ်ကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
တရားမဝင်စစ်တပ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို နည်းလမ်းစုံအသုံးပြု၍ အချိန်မီဖြေရှင်းရန် လိုအပ်ကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့ပါတယ်။ Executive Board of UNDP, UNFPA and UNOPS ၏ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၂၀၂၂ ခုနှစ်) စက်တင်ဘာ ၁ ရက်နေ့ပြုလုပ်သည့် ကုလသမဂ္ဂလူဦးရေးရန်ပုံငွေအဖွဲ့၏ Country Program အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားခဲ့ပါတယ်။
"လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု တို့ကြောင့် ပြည်သူများသည် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဤခက်ခဲသော အခြေအနေတွင် အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် အလွန်အမင်းထိခိုက်လွယ်သည့် အခြေအနေရှိပါကြောင်း၊ တရားမဝင်စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် နေ့စဉ်လူနေမှုဘဝတို့မှာလည်း ဆိုးရွားစွာထိခိုက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပုံစံအမျိုးမျိုးသော ညှဉ်းပန်းမှုများစ၍ နေရပ်စွန့်ခွာမှုများကိုပါ ကြုံတွေ့နေရလျက်ရှိကြောင်း၊အဆိုပါစိန်ခေါ်မှု အခက်အခဲများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းဖြစ်သည့် တရားမဝင်စစ်တပ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို နည်းလမ်းစုံအသုံးပြု၍ အချိန်မီဖြေရှင်းရန် လိုအပ်ကြောင်း"ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စီးပွားရေးကဏ္ဍမှာလည်း အထူးစိုးရိမ်ရပါကြောင်း၊ ငွေကြေးဖောင်းပွမှုမှာ မြန်မာ့စီးပွားရေး အတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းရုံသာမက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများ၏ လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ လက်ငင်းဖြစ်ပေါ်စေပါကြောင်းနှင့် ယင်းအခြေအနေမှာ ပိုမိုဆိုးရွားသောအခြေအနေသို့ ဦးတည်လျက်ရှိကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ တော်လှန်ရေးအတွက်လိုအပ်သောနေရာများမှာ အသုံးပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ရုံးသို့ ထိုင်းဘတ်ငွေ ၅၅၀၀၀ ထောက်ပံ့လှူဒါန်း
တော်လှန်ရေးအတွက်လိုအပ်သောနေရာများမှာ အသုံးပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ရုံးသို့ ထိုင်းဘတ်ငွေ ၅၅၀၀၀ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်မှာ ဝန်ကြီးချုပ် ရုံးကအသိပေးထုတ်ပြန်ပါတယ်။
တော်လှန်ရေးတွင်လိုအပ်သောနေရာများ၌အသုံးပြုရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် ရုံးသို့-SUPPORT TO CDM Myanmar (နွေဦးတော်လှန်ရေးမတ်ခွက်ရောင်းရငွေ) မှ CDM များအတွက်ပံ့ပိုးငွေ ဘတ် ၁၃၀၀၀ ရွှေညီအစ်မများ (Japan) မှ ပံ့ပိုးငွေ ဘတ် ၁၇၀၀၀ နွေဦးထောက်ပံ့ရေး (Singapore) မှ ဘတ် ၂၅၀၀၀ လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ ထောက်ပံ့လှူဒါန်းမှုများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးဘက်မှ အံစာတုံးကား (၃) ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သားသုံးဦးနေရာတင်သေဆုံးခဲ့
ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးဘက်မှ အံစာတုံးကား (၃) ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်သားသုံးဦးနေရာတင်သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ စစ်ရေးသတင်းကို SpecialForces-11 (PDF) ကဆိုပါတယ်။
"မုံရွာ-မန္တလေးလမ်းမကြီး၏ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးဘက်မှ အံစာတုံး(စခ)ကား (၃)စီး မုံရွာဘက်သို့ ထွက်လာကြောင်း သတင်းရရှိ၍ စက်တင်ဘာ ၂ ရက်ညနေ (၆) နာရီ (၁၅) မိနစ် ဝန်းကျင်အချိန်၌အံ့စာတုံးကား (၃) စီးအနက် ဒုတိယမြောက်အစီးအား ပဒေသာမိုင်း (၃) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစတပ်သားသုံးဦးနေရာတင်သေဆုံး၍ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ဆင်ရေးကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နှင့် Special Forces-11 (PDF) ရဲဘော်များမှပူးပေါင်းခဲ့ပါတယ်။
========================
📌📌 ၆။ “နွေဦးမော်ကွန်းသစ်မြေကွက် အားလုံးနှစ်ရက်မပြည့်ခင်ရောင်းကုန်၍ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ဖိုးရောင်းချရ
နွေဦးမော်ကွန်းသစ်မြေကွက် အားလုံးနှစ်ရက်မပြည့်ခင်ရောင်းကုန်၍ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ဖိုးရောင်းချရခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ EOD ကအသိပေးဆိုပါတယ်။
"နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက် တချို့ကို ၄၀ ပေ x ၆၀ ပေ အဖြစ် ပြောင်း၍ ရောင်းချ ပေးပြီး မကြာခင်မှာပဲ မြေကွက် ၂ မျိုးလုံး ရောင်းကုန်သွားပါပြီ။ စတင်ရောင်းချပြီး ၂ ရက် မပြည့်ခင် ကုန်သွားခြင်း ဖြစ်ပါတယ်။နွေဦးမော်ကွန်းသစ် @Thanthumaပေ ၆၀ x ပေ ၈၀ - အကွက် ၁၅၀ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၄၀ x ပေ ၆၀ - အကွက် ၅၀၀စုစုပေါင်း ၆၅၀ ကွက် အားလုံး ရောင်းချ ခဲ့ရပြီး၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဖြစ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးရိပ်မွန်@ Min Dhamma နှင့် ပေါင်းပါက ဒေါ်လာ ၁၂ သန်းကျော်ဖိုး ရောင်းချပြီး ဖြစ်ပါတယ်။ ယခုအခါ နွေဦးရိပ်မွန် မြေကွက် တချို့သာ ဝယ်ယူနိုင်တော့မှာဖြစ်ကာဝယ်ယူသည့် တော်လှန်ပြည်သူ အပေါင်းနဲ့ အရောင်းကိုယ်စားလှယ်များကို ထပ်မံ ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်လို့ EOD ကဖော်ပြပါတယ်။
========================
📌📌 ၇။ ဖရူဆိုမြို့နယ် ထီးပေါ်ဆို ကျေးရွာအနီး ကင်းရှည်ဆွဲထားသော စစ်ကောင်စီ တပ်သားများအား KNDF/B-15 မှ RPG နဲ့ပစ်ခတ်တိုက်ခိုက်
ဖရူဆိုမြို့နယ် ထီးပေါ်ဆို ကျေးရွာအနီး ကင်းရှည်ဆွဲထားသော စစ်ကောင်စီ တပ်သားများအား KNDF/B-15 မှ RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ စစ်ရေးသတင်းကို KNDF B15 ကဆိုပါတယ်။
"စက်တင်ဘာ၁ရက်မွန်းလွဲ ၁၂ နာရီ အချိန်တွင် ဖရူဆိုမြို့နယ် ထီးပေါ်ဆို ကျေးရွာအနီး ကင်းရှည်ဆွဲထားသော စစ်ကောင်စီ တပ်သားများအား KNDF/B-15 မှ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံး ရှိနိုင်ပြီး KNDF တပ်ရင်းမှ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တစ်ဦး ရှိခဲ့ပါတယ်။
========================
📌📌 ၈။ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်စခန်းအား SDDF တပ်ဖွဲ့က ဗုံးသီး ၃ လုံးကြဲချ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်စခန်းအား SDDF တပ်ဖွဲ့က ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ဆင်ရေးသတင်းကို စက်တင်ဘာ၃ရက်နေ့မှာ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 တပ်ဖွဲ့ဖော်ပြပါတယ်။
"မိမိတို 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 တပ်ဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်စခန်းအား ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၃ လုံးစလုံး ပစ်မှတ်များ၏ အနီးတစ်ဝိုက်သို့ ကျရောက် ပေါက်ကွဲခဲ့တယ်"လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်မှ အရာရှိနေထိုင်သည်ဟုယူဆရသည့် တဲတစ်လုံးထိမှန်ပျက်စီးမှုအချို့ရှိကာ တိုက်ပွဲဖြစ်ပွားပြီးချင်း အဆိုပါတပ်ရင်းတစ်ခုလုံး တပ်စွဲထားသည့်နေရာအား စွန့်ခွာသွားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေကြေပျက်စီးမှုများရှိနိုင်ပြီး အသေးစိတ် အချက်အလက်များအား ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားပေါင်း ၁၇၇၁၉ ဦး အတွက် လိုအပ်တဲ့ စာရေးကိရိယာများကို ထောက်ပံ့ပေးဖို့အတွက် Campaign စတင်
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားပေါင်း ၁၇၇၁၉ ဦး အတွက် လိုအပ်တဲ့ စာရေးကိရိယာများကို ထောက်ပံ့ပေးဖို့အတွက် Campaign စတင်နေပြီလို့သတင်းရရှိပါတယ်။
ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂ အုပ်၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ ကျပ်” ကျသင့်မှာဖြစ်ပါတယ်။ Campaign ကို ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နဲ့ မဟာမိတ်သမဂ္ဂများ ပူးပေါင်းပြီး စက်တင်ဘာ (၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပါဝင်ချင်သူတွေအနေနဲ့ Page Messenger သို့ ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် နိုင်ငံတကာ Payment များမှတဆင့်လည်း လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment