၂၀၂၂ စက်တင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ PDF အင်အား ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားရှိနေပြီး မဟာမိတ် ERO အသစ်များ ထပ်မံဝင်လာ၍ စစ်ဒေသများတိုးချဲ့မယ်လို့ ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား
📌 ၂။ လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်ပေါက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး
📌 ၃။ နိုင်ငံတကာက NUG ဟာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်အပြည့်ရှိတယ်လို့ ထင်မြင်လာကြပြီလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
📌 ၄။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် နမူနာမေးခွန်းလွှာပုံစံများ အသိပေးထုတ်ပြန်
📌 ၅။ ပြည်သူ့သံအမတ်ကြီးနေရာကိုဝင်လုမယ့်ကိစ္စကိုပြည်သူကဖြတ်ချရမယ့်လို့ ဦးမင်းကိုနိုင်ဆို
📌 ၆။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့
📌 ၇။ Patriot နောက်ပွင့်ပုခုံးထမ်းလောင်ချာ အတွက် YDF-PMR စမ်းသပ်ထုတ်လုပ်နေ
📌 ၈။ တော်လှန်ရေး၏အဓိက ကျသော လုပ်ငန်းတာဝန်များနှင့်မသက်ဆိုင်သည့် ဝန်ကြီးဌာနများ NUG အစိုးရမှာ ဖွဲ့စည်းထားရှိမှုကိုတွေ့ရကြောင်း အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) စစ်တမ်းကဖော်ပြ
📌 ၉။ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF နဲ့မဟာမိတ်များ တိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ PDF အင်အား ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားရှိနေပြီး မဟာမိတ် ERO အသစ်များ ထပ်မံဝင်လာ၍ စစ်ဒေသများတိုးချဲ့မယ်လို့ ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား
PDF အင်အား ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားရှိနေပြီး မဟာမိတ် ERO အသစ်များ ထပ်မံဝင်လာ၍ စစ်ဒေသများတိုးချဲ့မယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ စက်တက်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
"အခုဆိုရင် PDF တပ်ရင်းပေါင်း ၃၃၀ ရှိလာပြီ။ အနည်းဆူံးတပ်ရင်းတစ်ရင်းမှာ၂၀၀ တချို့ဆိုအစောကတည်းကဖွဲ့စည်းထားတာဆိုတော့၅၀၀ ကျော်ရှိတယ်။အနည်းဆုံး မှတ်ပုံတင်ထားတဲ့PDFအင်အားက ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြား ရှိပြီလို့ပြောလို့ရတယ်။
ဒါ့အပြင် မဟာမိတ်တွေ အခုဆိုထပ်တိုးလာပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဒေသတွေတိုးချဲ့ဖို့ရှိပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ဒေသခွဲ သုံးခုနဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါတိုးချဲ့မယ့် စစ်ဒေသများကို မဟာမိတ်များနဲ့ညှိနှိုင်းပြီးစီးပါက တရားဝင်အသိပေးမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်ပေါက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး
လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်ပေါက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောကြားလိုက်ပါတယ်။ စက်တက်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့တွေ့ဆုံရာမှာ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
"လွတ်မြောက်ဒေသမကြာခင် ပေါ်ပေါက်လာဖို့ရှိတယ်လို့ ကျနော်အသိပေးလိုပါတယ်။ဒီ့အတွက်လည်းလိုအပ်တဲ့ပြင်ဆင်မှုတွေ အားစိုက်မှုတွေ လုပ်နေတယ်"လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) မြန်မာနိုင်ငံရဲ့ ထိရောက်သောထိန်းချုပ်နိုင်မှု (Effective Control in Myanmar) အမည်နဲ့ ရှင်းလင်းချက်စာတမ်းတစ်ခုကို စက်တင်ဘာလ ၅ ရက်နေ့ကထုတ်ပြန်ချက်အရတစ်နိုင်ငံလုံးရဲ့ ၁၇ ရာခိုင်နှုန်းကိုပဲ စကစက တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်တော့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာက NUG ဟာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်အပြည့်ရှိတယ်လို့ ထင်မြင်လာကြပြီလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို
နိုင်ငံတကာက NUG ဟာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်အပြည့်ရှိတယ်လို့ ထင်မြင်လာကြပြီလို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောပါတယ်။ စက်တင်ဘာလအတွင်း ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"ကျွန်တော်တို့ကိုယ်တိုင်ဒီတော်လှန်ရေးက အောင်မြင်မှုပန်းတိုင်ကို ရောက်ရမယ်လို့ အမြဲယုံကြည်ခဲ့တယ်။ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။အခုတော့ ကျွန်တော်တို့အပေါ် သံသယရှိခဲ့တဲ့ နိုင်ငံတကာက NUG ဟာနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်အပြည့်ရှိတယ်။CRPH နဲ့ NUCC ကလည်း သူ့နေရာနဲ့သူ နိုင်ငံအရေးအတွက်ဘယ်လိုအလုပ်လုပ်တယ်။ PDF တွေ၊ LDF တွေနဲ့ တိုင်းရင်းသားတွေရဲ့ စစ်ရေးစွမ်းရည်ကိုလည်း အထင်ကြီးလာကြပြီ။ ပြည်သူတွေက ထောက်ခံ၊ ထောက်ပံကြတယ်။ CDM တွေကလည်းတော်လှန်ရေးနဲ့အတူ ချီတက်ကြတယ်စသည်ဖြင့် ပြောနေကြပါပြီ။နိုင်ငံတကာကသာ အနေအထားတစ်ခု ကူညီရင် တော်လှန်ရေးအမြန် ပြီးဆုံးမယ်ဆိုပြီး လေသံပြောင်းလာကြပါပြီ"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။
========================
📌📌 ၄။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် နမူနာမေးခွန်းလွှာပုံစံများ အသိပေးထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များနှင့် နမူနာမေးခွန်းလွှာပုံစံများ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက် ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပမည် ဖြစ်ပါ ကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် (၁၁/၂၀၂၂) ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ကြေညာချက်အရ ဆက်လက်ဆောင်ရွက်မည့် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားပေးမည့် ဆရာ/ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မေးခွန်းလွှာဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းလွှာပုံစံများကို ကြိုတင်လေ့လာနိုင်ရန်အတွက် (၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ ဘာသာရပ် အလိုက် နေ့စဉ်ထုတ်ပြန် ကြေညာပေးသွားမယ်လို့ဆိုပါတယ်။
"မေးခွန်းပုံစံလာပါပြီ။ ဖြေဆိုမည့် Grade 11 သား၊ သမီးတို့ စာလုပ်ကြတော့နော်"လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကလည်းဆိုပါတယ်။
မကြာမီကာလအတွင်း Online System (သို့မဟုတ်) အင်တာနက်မရသောဒေသများတွင်ပါ Offline ဖြေဆိုနိုင်ကြရန်အတွက် ဖြေဆိုရမည့်နည်းလမ်းများကိုလည်း သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံ အသိပေး ကြေညာပေးသွားမယ်လို့သတင်းရရှိပါတယ်။
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Website ၊ တရားဝင်လူမှုကွန်ယက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံပညာရေးအဖွဲ့ အစည်းများထံသို့ အချိန်မီ စဉ်ဆက်မပြတ်ပေးပို့ အသိပေးကြေညာပေးသွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ပြည်သူ့သံအမတ်ကြီးနေရာကိုဝင်လုမယ့်ကိစ္စကိုပြည်သူကဖြတ်ချရမယ့်လို့ ဦးမင်းကိုနိုင်ဆို
ပြည်သူ့သံအမတ်ကြီးနေရာကိုဝင်လုမယ့်ကိစ္စကိုပြည်သူကဖြတ်ချရမယ့်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုလိုက်ပါတယ်။
"သံခင်းတမန်ခင်းမှာတော့အခုပြည်သူ့သံအမတ်ကြီးနေရာကိုဝင်လုမယ့်ကိစ္စကိုပြည်သူကဖြတ်ရိုက်ချရမှာ။ ဒီပွဲကဘယ်လိုအရေးကြီးသလဲ။ ကြည့်ပါရစေ။ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းပြီးရက်ပိုင်းမှာ စစ်တိုင်းမှူးတယောက်ရွေးပြီး UN ကိုလွှတ်လိုက်တယ်။ကုလသမဂ္ဂညီလာခံကိုယ်စားလှည်ဖြစ်စေသတည်း။လွယ်လိုက်တာဆိုပေမယ့်ဖြစ်ခဲ့တယ်။ဖြစ်မှာပေါ့ ပြည်သူ့ဘက်ဘာမှမရှိခဲ့တာ ။သူတို့အသာစီးနဲ့ပြိင်ခွင့်ရသွားခဲ့တာ။ အခုဘယ်ရမလဲ။ Legitimacy ကအစ ပြည်သူ့ကာကွယ်ရေးတပ်တွေအထိ အားလုံးရှိတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက ဆက်လက်ခန့်ထားရေး နိုင်ငံတကာရောက် မြန်မာများက လူထုလှုပ်ရှားမှုများနဲ့တောင်းဆိုလျက်ရှိပါတယ်။
========================
📌📌 ၆။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့
အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ မြောင်နယ် ဒေသခံ သတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို စကစတပ်တွေမီးရှို့ခဲ့ပါတယ်။မနေ့က အကြမ်းဖက်သမားနှစ်ကောင် အဲ့ဒီရွာနားမှာ မြေဩဇာဖြစ်သွားတဲ့အတွက် ရွာကိုမီးတင်ရှို့တာပါ"လို့ ဆိုပါတယ်။
ယမန်နေ့က သေဆုံးသူ စကစတပ်ဖွဲ့ဝင်နှစ်ဦးတွင်တစ်ဦးမှာ အရာရှိဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ Patriot နောက်ပွင့်ပုခုံးထမ်းလောင်ချာ အတွက် YDF-PMR စမ်းသပ်ထုတ်လုပ်နေ
Patriot နောက်ပွင့်ပုခုံးထမ်းလောင်ချာ အတွက် YDF-PMR စမ်းသပ်ထုတ်လုပ်နေပါတယ်။ စက်တင်ဘာလအတွင်းမှာ လက်နက်ကြီးနဲ့ပတ်သတ်လို့ YDF-PMR အဖွဲ့ကအသိပေးဆိုပါတယ်။
"Patriot နောက်ပွင့်ပုခုံးထမ်းလောင်ချာ အတွက်ပါ။အစပထမတုန်းက မြင်တွေ့ဖူးတဲ့ ဟာနဲ့တော့ပြင်းအားတွေ ကန်အားတွေကွာခြားသွားတယ်ဆိုတာခံစားသိရှိရမှာပါ"လို့ဆိုပါတယ်။ YDF-PMR အဖွဲ့ဟာ ကနဦး လက်နက်ကြီးများကိုလည်း တီထွင်အောင်မြင်ထားပါတယ်။
========================
📌📌 ၈။ တော်လှန်ရေး၏အဓိက ကျသော လုပ်ငန်းတာဝန်များနှင့်မသက်ဆိုင်သည့် ဝန်ကြီးဌာနများ NUG အစိုးရမှာ ဖွဲ့စည်းထားရှိမှုကိုတွေ့ရကြောင်း အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) စစ်တမ်းကဖော်ပြ
တော်လှန်ရေး၏အဓိက ကျသော လုပ်ငန်းတာဝန်များနှင့်မသက်ဆိုင်သည့် ဝန်ကြီးဌာနများ NUG အစိုးရမှာ ဖွဲ့စည်းထားရှိမှုကိုတွေ့ရကြောင်း အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) စစ်တမ်းကဖော်ပြပါတယ်။ စက်တင်ဘာလအတွင်း GSCC ရဲ့နွေဦးတော်လှန်ရေးအပေါ် သုံးသပ်အကြံပြုထားတဲ့ နွေဦးတော်လှန်ရေး ၅.၈ စစ်တမ်းကဖော်ပြချက်အရသတင်းရရှိပါတယ်။
"လက်ရှိ NUG ဖွဲ့စည်းမှုကို လေ့လာဆန်းစစ်သည့်အခါ တော်လှန်ရေး၏ အဓိက ကျသောလုပ်ငန်းတာဝန်များနှင့် မသက်ဆိုင်သည့် ဝန်ကြီးဌာန များဖွဲ့စည်းထားရှိမှု၊အလုပ်ဌာနများဖွဲ့စည်းထားရှိမှုနှင့် တော်လှန်ရေး၏ အဓိက ကျသော လုပ်ငန်းတာဝန်များနှင့်မသက်ဆိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် NUCC ၏ လက်တွေ့လိုအက်ချက် ၁၀ ချက်ကိုထောက်ပြထားပြီး NUCC မှာ အရေးကြီးသော တော်လှန်ရေးအင်အားစုတချို့ပါဝင်ရန်လိုအပ်နေသေးခြင်းနဲ့ ပါဝင်ပြီးအဖွဲ့အစည်းတချို့ပြန်လည်ထွက်သွားခြင်း၊ နိုင်ငံရေးပါတီတစ်ပါတီသာ နိုင်ငံရေးပါတီအစုအဖွဲ့တွင်ပါဝင်နေခြင်းတို့ကို အားနည်းချက်အနေနဲ့ဖော်ပြထားပါတယ်။ အဆိုပါစစ်တမ်းကိုအထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) ကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
========================
📌📌 ၉။ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF နဲ့မဟာမိတ်များ တိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲPDFနဲ့မဟာမိတ်များ တိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စက်တင်ဘာလ (၉) ရက်မှာ စစ်ရေးသတင်းကို မိုးဗြဲ PDF က အသိပေးဆိုပါတယ်။
"ယမန်နေ့ ၈ရက်နေ့ နံနက်အချိန်ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်သားများကို ကျွန်တော်တို့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ နံနက် (၈း၄၅) နာရီအချိန်တွင် စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
တိုက်ပွဲမှာ နံနက် ၈း၄၅ မှ ညနေ ၆း၀၀ နာရီအထိ တစ်နေကုန်ကြာမြင့်ခဲ့ပြီးပူးပေါင်းမဟာမိတ်အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၀ ဦးထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အနည်းဆုံး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပူးပေါင်းမဟာမိတ်အဖွဲ့ မှ အသေးစားဒဏ်ရာ ၃ ဦးရရှိပြီး စနစ်တကျ ကုသပေးခဲ့ပါတယ်။
တိုက်ပွဲတွင်းမှ MA1 - ၂ လက်၊ MA2 - ၃ လက်၊ MA3 - ၄ လက်၊ ငါးကြင်းမှီး - ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPG အသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ပိုက်ဆံ ၆၇၀၀၀ ကျပ် ကိုသိမ်းဆည်းရမိနိုင်ခဲ့ပါတယ်။ ယနေ့ ၉ ရက်နေ့တွင်လည်း ပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ပြင်းထန်နေတယ်လို့မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF ကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment