11th OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

📌 ၂။ ပြည်သူလူထုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောင့်မှုများအား အထူး လိုအပ်လျှက်ရှိတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို

📌 ၃။ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများဟာ စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ ပဲခူးတိုင်း အင်းတကော်မြို့ကမ်းနီကျေးရွာကို အကြမ်းဖက် စစ်တပ်ဝင်ရောက်၍ ရွာသားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

📌 ၅။ ကရင်နီပြည်ရဲ KSP မှ ဒီမိုကရက်တစ်ရဲ ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက်စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုများလုပ်ဆောင်နေ

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောထိန်းသိမ်းရေးကို ဆောင်ရွက်နေပြီလို့ဆို

📌 ၇။ စစ်ကောင်စီရဲ့ လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖြစ်သောမြိုင် စက်မှု သို့ ရေပေးပို့တဲ့ အဓိကရေပိုက်လိုင်းကို မိုင်းအကြီးစားနဲ့ဖောက်ခွဲခဲ့

📌 ၈။ တာဝေးပစ် ၆၀ မမလက်နက်ကြီးကို Eagle People Defences အဖွဲ့ မှထုတ်လုပ်အောင်မြင်

📌 ၉။ NUGPay Android Version 1.3.0 မကြာခင်လာမယ်

📌 ၁၀။ သြစတြေးလျနိုင်ငံ"မဲလ်ဘုန်း"မှာ မသောက်မိသောမိုးခါးရေဇာတ်လမ်းတိုအောက်တိုဘာ ၂၇ ရက်ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော


စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၁ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။


ဒါ့အပြင်စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက ပိုပိုပြီး များလာကာ မြန်မာစစ်တပ်ဟာ နလပိန်းတုံး အသိဉာဏ်လောက်နဲ့ မဲမဲမြင်ရာစွတ်ရမ်းနေတယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ပြည်သူလူထုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောင့်မှုများအား အထူး လိုအပ်လျှက်ရှိတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို


စစ်အာဏာ သိမ်းပြီးနောက်ပိုင်းပြည်သူလူထုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောင့်မှုများအား အထူး လိုအပ်လျှက်ရှိတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်က အောက်တိုဘာ၁၀ရက်နေ့ ကမ္ဘာစိတ်ကျန်းမာရေးနေ့မှာ လူမှုကွန်ရက်မှတဆင့်ရေးသား‌ ပြောဆိုခဲ့ပါတယ်။


"မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျဆင်းလာတဲ့ တိုင်းပြည်ရဲ့လူမှုစီးပွားရေး အခြေအနေများကြောင့် ပြည်သူလူထုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောင့်မှုများအား အထူး လိုအပ်လျှက်ရှိပါတယ်။ ထို့အတွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြည်သူလူထုအား ဝန်ဆောင်မှုပေးနေသော တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုတွင် လာရောက် နှစ်သိမ့်ဆွေးနွေးမှု ခံယူနိုင်ပါတယ်"လို့ဆိုထားပါတယ်။


နှစ်စဉ် အောက်တိုဘာလ ၁၀ ရက်နေ့ဟာ ကမ္ဘာစိတ်ကျန်းမာရေးနေ့ ဖြစ်ပြီးတော့ WHO ရဲ့အချက် အလက်စစ်တမ်းများအရ တစ်ကမ္ဘာလုံးဆိုင်ရာလူဦးရေရဲ့ တစ်သန်းဝန်းကျင်ဟာ စိတ်ကျန်းမာ ရေးအဆင်မပြေမှုများ၊ စိတ်နာမကျန်းမှုများနဲ့ ရင်ဆိုင်နေရကြောင်းကို တွေ့ရှိရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးပြီးနိုင်ငံများမှာတောင် ကလေး၊ လူငယ်လူဦးရေစုစုပေါင်းရဲ့ ၁၀ရာခိုင်နှုန်းကပဲ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို လုံလုံလောက်လောက်ရရှိနေပါတယ်။


========================


📌📌 ၃။ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများဟာ စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ ၁၀ ရက်ကျင်းပတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ကလေးသူငယ်များအခွင့်အရေး ဘာသာရပ်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုမှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


"အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများသည် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပြီး တိကျသည့်ဆောင်ရွက်ချက်များကို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်းတို့အပါအဝင် ပိုမိုထင်ရှားသောခြေလှမ်းများကိုဆောင်ရွက်ရန်လိုအပ်ကြောင်း"ပြောကြားခဲ့ပါတယ်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့အထိ အရပ်သားပြည်သူ ၂၃၃၈ ဦး ဟာ အကြမ်းဖက် စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်း ခံရပြီးဖယင်းတို့ထဲမှ (၉၁) ဦး ဟာ အသက် (၁၄) နှစ် အောက် ကလေးငယ်များဖြစ်ပြီး၊ (၂၀၉) ဦး မှာ အသက် (၁၅) မှ (၁၉) နှစ် အကြား လူငယ်များဖြစ်ပါတယ်။


========================


📌📌 ၄။ ပဲခူးတိုင်း အင်းတကော်မြို့ကမ်းနီကျေးရွာကို အကြမ်းဖက် စစ်တပ်ဝင်ရောက်၍ ရွာသားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား


ပဲခူးတိုင်း အင်းတကော်မြို့ကမ်းနီကျေးရွာကို အကြမ်းဖက် စစ်တပ်ဝင်ရောက်၍ ရွာသားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့အောက်တို ဘာ၁၁ရက်‌နေ့မှာ အင်းတကော် PDF ကအတည်ပြုဆိုပါတယ်။


"အင်းတကော်မြို့ကမ်းနီကျေးရွာမှာ မနေ့ညနေက စကစအဖွဲ့ရွာတွင်းသို့ဝင်ရောက်၍ ရွာသားခြောက်ဦး ဖမ်းစီးသွားပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားများနေအိမ်ပေါ်သို့ ဝရမ်းမပါဘဲ အကြမ်းဖက် စွပ်စွဲဖမ်းဆီးခြင်းနဲ့သတ်ဖြတ်ခြင်းများကိုကျူးလွန်လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၆၀၈) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၅၀၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၅။ ကရင်နီပြည်ရဲ KSP မှ ဒီမိုကရက်တစ်ရဲ ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက်စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုများလုပ်ဆောင်နေ


ကရင်နီပြည်ရဲ KSP မှ ဒီမိုကရက်တစ်ရဲ ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက်စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုများလုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၁ ရက်မှာ ကရင်ပြည်နီရဲ KSP ကအသိပေးဆိုပါတယ်.


"ကရင်နီပြည်ရဲဟာ စွမ်းရည်ပြည့်ဝတဲ့ ဒီမိုကရက်တစ်ရဲ ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက် စေရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ချိတ်ဆက်ကာ စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုများ နှင့် ပြန်လည်ဆင့်ပွားမှုများကို လုပ်ဆောင်လျက် ရှိပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ ကရင်နီပြည်ရဲတပ်ဖွဲ့ကို CDM ရဲများနဲ့စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်တာကာလပြည့်ခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောထိန်းသိမ်းရေးကို ဆောင်ရွက်နေပြီလို့ဆို


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ပေးချက်အရ အလောင်းတော်ကဿပနယ်မြေ သစ်တောထိန်းသိမ်းရေးကို ဆောင်ရွက်နေပြီလို့ ယင်းမာပင်မြို့နယ်တပ်ရင်း () ကအောက်တိုဘာ ၁၁ ရက်နေ့မှာ ရှင်းလင်း‌ ပြောဆိုထားပါတယ်။


"NUG ရဲ့တာဝန်ပေးချက်အရ ကျွန်တော်တို့ယင်းမာပင်မြို့နယ်တပ်ရင်း၁ရဲ့ တာဝန်တစ်ရပ်ကတော့ အလောင်းတော်ကဿပနယ်မြေ သစ်တောထိန်းသိမ်းရတာပါပဲ။သစ်တောထိန်းသိမ်းရာမှာ ကျွန်တော်တို့ရဲဘော်တွေနဲ့အတူ တာဝန်ထမ်းရွက်သူတွေကတော့ CDM ဆင်ဝန်ထမ်းတွေပဲဖြစ်ပါတယ်။ဆင်ဝန်ထမ်းတွေနဲ့အတူ ဆင်တွေပါဝင်တာဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ များစွားအသုံးဝင်လှပါတယ်။ခုနေခါမှာတော့ ဒေသတွင်းမီးရှို့ခံရတဲ့ကျေးရွာတွေအတွက် ယာယီနေအိမ်များဆောက်လုပ်ပေးနိုင်ရန် တောတောင်တွင်းသစ်ခိုးထုတ်သူများ ခုတ်ထားတဲ့သစ်တွေကို ယာယီနေအိမ်များအတွက်ဒီဆင်တွေသုံးပြီး ပြန်လည်ထူထောင်ရေးအတွက် သစ်တွေဆွဲစုနေပါတယ်"လို့ဆိုပါတယ်။


အဆိုပါ အလောင်းတော်ကဿပနယ်မြေမှာ ယခင်က သစ်ခိုးထုတ်လုပ်သူ အများအပြားရှိပြီးတော့ ယခုအခါမှာတော့ ယင်းမာပင်မြို့နယ် တပ်ရင်း ကတာဝန်ယူ စောင့်ရှောက်နေပြီဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့ လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖြစ်သောမြိုင် စက်မှု သို့ ရေပေးပို့တဲ့ အဓိကရေပိုက်လိုင်းကို မိုင်းအကြီးစားနဲ့ဖောက်ခွဲခဲ့


မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ  စစ်ကောင်စီရဲ့ လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖြစ်သောမြိုင် စက်မှု သို့ ရေပေးပို့တဲ့ အဓိကရေပိုက်လိုင်းကို မိုင်းအကြီးစားနဲ့ ဖောက်ခွဲခဲ့တယ်လို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၇၀၈)တပ်မဟာ( )က ဆိုပါတယ်။


"အောက်တိုဘာလ ရက်ည နာရီ ၁၀ မိနစ် အချိန်ခန့်မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ  စစ်ကောင်စီ၏ လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖြစ်သောမြိုင် စက်မှု သို့ ရေပေးပို့သည့် အဓိကရေပိုက်လိုင်းအားကျောက်တိုင်ကျေးရွာ အနောက်ဘက်တွင်အထူးပြုလုပ်ထားသော မိုင်း အကြီးစားဖြင့်ဖောက်ခွဲကာ ကပစ စက်ရုံအားရေဖြတ်တောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လတ်တလော ကပစ စက်ရုံမှာရေပြတ်တောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ တာဝေးပစ် ၆၀ မမလက်နက်ကြီးကို Eagle People Defences အဖွဲ့ မှထုတ်လုပ်အောင်မြင်


မီတာ ၄၀၀၀ ကျော်အထိ ပစ်ခတ်နိုင်သော တာဝေးပစ် ၆၀ မမလက်နက်ကြီး Eagle People Defences အဖွဲ့မှ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ အောက်တို ဘာလအတွင်းမှာ Eagle People Defences  အဖွဲ့ကအသိပေးဆိုပါတယ်။


" 𝐋𝐨𝐜𝐚𝐥 𝐃𝐞𝐟𝐞𝐧𝐜𝐞𝐬  အဖွဲ့  Eagle People Defences   ဖွဲ့ မှ ထုတ် လုပ် လိုက် သော တာ ဝေး ပစ် meters 4000 ကျော် ထိ ရောက် သော လက် နက် ကြီး အား စမ်း သပ် ထုတ် လုပ် အောင် မြင်ခဲ့ပါတယ်။ထပ်မံ အကောင်းဆုံးဖြစ်နိုင်မယ့် လက်နက်ကြီးများကို ဆက်လက် ထုတ်လုပ်သွားပါဦးမယ်"လို့ဆိုပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်အား ပြည်သူများ ကူညီထောက်ပံ့မှုနဲ့ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၉။ NUGPay Android Version 1.3.0 မကြာခင်လာမယ်


Login Key မေ့သွားတာနဲ့ အမှားမှတ်မိတဲ့ ပြဿနာတွေ လျော့နည်းသွားအောင် ပြင်ဆင်ထားတဲ့ NUGPay Android Version 1.3.0 မကြာခင်လာမယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ NUG Pay ကနေအသိပေးဆိုပါတယ်။


"NUGPay Pilot ကာလ ပြီးမြောက်ပြီး နောက်မှာ ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အများစုအနေနဲ့  Login Key မေ့သွားတာ၊ အမှားမှတ်မိတာ၊ ရှေ့နောက်လွဲတာ စတဲ့ အခက်အခဲလေးတွေကို တွေ့ရပါတယ်။ ဒီလို ပြဿနာတွေ လျော့နည်းသွားအောင် ပြင်ဆင်ထားတဲ့ NUGPay Andriod Version 1.3.0 ကို မကြာခင် မိဘပြည်သူများ ရှေ့မှောက် အရောက် ပို့ဆောင်ပေးတော့မှာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


NUGPay ဟာ စစ်ကောင်စီလက်အောက်က လွတ်မြောက်တဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးငွေကြေး ယန္တရားတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ သြစတြေးလျနိုင်ငံ"မဲလ်ဘုန်း"မှာ မသောက်မိသောမိုးခါးရေဇာတ်လမ်းတိုအောက်တိုဘာ ၂၇ ရက်ပြသမယ်


သြစတြေးလျနိုင်ငံ"မဲလ်ဘုန်း"တွင် မသောက်မိသောမိုးခါးရေဇာတ်လမ်းတိုအား အောက်တိုဘာ ၂၇ ရက်မမှာ ပြသမယ်လို့ ရုပ်ရှင်ပြသရေးကော်မတီကအသိပေး ဆိုထားပါတယ်။


"ယခု ရုပ်ရှင်ဇာတ်လမ်းတိုဟာ ထွက် ပြေးတိမ်းရှောင်ရင်း သရုပ်ဆောင်မဟုတ်သော သူများနှင့်ရိုက်ကူးခဲ့ရသော ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ကားအမည်မှာ မသောက်မိသောမိုးခါးရေ ဖြစ်ပြီး တစ်ကားလုံးအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ အရုပ်၊ အသံ တည်းဖြတ်ခြင်းများကို iPhone 11 Pro Max ဖြင့် Director Ko Pauk မှ ရိုက်ကူးတည်းဖြတ်ခဲ့ပါတယ်။အဆိုပါဇာတ်လမ်းသည် CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ အင်္ဂလိပ်စာတန်းထိုး subtitle ပါဝင်သဖြင့် အော်ဇီမိတ်ဆွေများလည်း ကြည့်ရှုနားလည်ရန် အဆင်ပြေပါတယ်"လို့ ဆိုပါတယ်။ ရံပုံငွေ အဖြစ် လက်မှတ်တစောင်ကို AUD40 (refreshment included) နှင့် ဝယ်ယူကြည့်ရှုနိုင်မှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment