၂၀၂၂ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်တပ်ဟာ ရန်သူကိုအတွင်းရန်နဲ့အပြင်ရန်သတ်မှတ်ပြီး ဗျူဟာချမှတ်ထားတယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ဆို
📌 ၂။ နွေဦးတော်လှန်ရေးဟာ ဘယ်တုန်းကမှနောက်ဆုတ်မသွားခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နိုင်ထူးအောင်ပြောကြား
📌 ၃။ ထိုင်းနိုင်ငံမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲစားများရောက်ရှိနေ
📌 ၄။ ဟားခါး မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး သေနတ် နှစ်လက်နဲ့အတူ လာရောက်ပူးပေါင်း၍ CDF-Senthang မှဆုကြေးငွေသိန်း (၁၀၀)ကျပ် တိတိကိုချီးမြှင့်ပေးအပ်
📌 ၅။ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၈၀ ထက်မနည်းရှိလာ
📌 ၆။ ဗိုလ်ချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများကို IUF မှ သိမ်းဆည်းကာ ဩစတျေးလျနိုင်ငံအိုင်တီပညာရှင်များ၏ အကူအညီဖြင့်ဖုန်းအတွင်းအချက်အလက်များ ရရှိ
📌 ၇။ ပုလဲမြို့နယ် ၊ အင်မထီးကျေးရွာတွင် တပ်စွဲထားသောစကစတပ်နဲ့ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်တပ်ဟာ ရန်သူကိုအတွင်းရန်နဲ့အပြင်ရန်သတ်မှတ်ပြီး ဗျူဟာချမှတ်ထားတယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ဆို
အကြမ်းဖက် စစ်တပ်ဟာ ရန်သူကိုအတွင်းရန်နဲ့အပြင်ရန်သတ်မှတ်ပြီး ဗျူဟာချမှတ်ထားတယ်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ကဆိုပါတယ်။ အောက်တိုဘာလအတွင်း မှာ အကြမ်းဖက် စစ်တပ်နဲ့ပတ်သက်လို့ ဒုဝန်ကြီးမော်ထွန်းအောင်ကလူမှုကွန်ရက်မှာရေးသားပြောပါတယ်။
"အကြမ်းဖက်စစ်တပ် စဉ်းစားပုံကရှင်းပါတယ်။ ရန်သူ ကိုအတွင်းရန် အပြင်ရန်သတ်မှတ်ပြီး ဗျူဟာချထားပါတယ်။ Institutional strategy ဖြစ်လို့ ဘယ်သူတက်တက် အဲ့တာကို ကိုင်ဆွဲပါတယ်။ အုပ်ချုပ်ရေးဘက် ရောက်ရင်လဲ ဟိုအရင် ဦးနုခေတ်က နိုင်ငံခြားအတိုင်ပင်ခံ Nathan နဲ့ ဆွဲထားတဲ့ စာအုပ်အထူကြီးကို လက်ကိုင်ထားပြီး ဖွံ့ဖြိုးရေးစီမံကိန်း တွေ လုပ်တယ်လို့ ဆိုပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ CRPH အဖွဲ့ဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို မျက်ကွယ်ပြစ်ဒဏ်များချမှတ်ထားပြီး လူတစ်သောင်းကျော်ကို အကျဥ်းထောင်များမှာဖမ်းဆီးထားပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ ဘယ်တုန်းကမှနောက်ဆုတ်မသွားခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နိုင်ထူးအောင်ပြောကြား
နွေဦးတော်လှန်ရေးဟာ ဘယ်တုန်းကမှနောက်ဆုတ်မသွားခဲ့ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နိုင်ထူးအောင်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာလအတွင်း သတင်းဌာနတစ်ခုနဲ့မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နိုင်ထူးအောင်ကဆိုခဲ့ပါတယ်။
"ဒီတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်ချင်တယ်ဆိုတာ ပြည်သူအားလုံးရဲ့ ဆန္ဒပါ။တစ်နှစ်ကြာသွားတဲ့အခါ တော်လှန်ရေး အပြီးမသတ်နိုင်မှုတွေ ဖြစ်သွားတဲ့အခါမှာလည်း အားမလိုအားမရမှုတွေရှိနေနိုင်တယ်ဆိုတာလည်း သဘာဝကျပါတယ်။ဒါပေမယ့် တစ်နှစ်တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့တော်လှန်ရေးဟာ ဘယ်တုန်းကမှ နောက်ဆုတ်မသွားခဲ့ဘူး။ရှေ့လျှောက်တိုးတက်ဖို့ပဲရှိပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံစစ် တနှစ်တာကာလအတွင်း အကြမ်းဖက် စစ်တပ်က တပ်ဖွဲ့ဝင် ၂၀၅၈၉ ဦးကျဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲစားများရောက်ရှိနေ
ထိုင်းနိုင်ငံမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးပွဲစားများရောက်ရှိနေတယ်လို့ ခိုင်လုံတဲ့သတင်းများအရစုံစမ်း သတင်းရရှိပါတယ်။ ၄င်းတို့ဟာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးနိုင်ရန်ရောက်ရှိနေခြင်းဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။
"ဟိုးအရင်တုန်းကတော့ ချင်းမိုင်ကိုချိန်းကြတယ်။အဲဒီဘက်တွေ့ကြတယ်။အခုတော့ ဘန်ကောက်မှာတွေ့မလား။မဲဆောက်မှာတွေ့မလားမသိသေးဘူး။ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးပွဲစားတွေကတော့ ရောက်နေတာ မှန်ပါတယ်"လို့ ဘန်ကောက်ရောက်ရှိနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုနဲ့ ပြေလည်မှုကိုအရေးတကြီးလိုအပ်နေပြီး ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးနိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၄။ ဟားခါး မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး သေနတ် နှစ်လက်နဲ့အတူ လာရောက်ပူးပေါင်း၍ CDF-Senthang မှဆုကြေးငွေသိန်း (၁၀၀)ကျပ် တိတိကိုချီးမြှင့်ပေးအပ်
ချင်းပြည်နယ် ဟားခါး မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသောရဲတပ်သားတစ်ဦး သေနတ် နှစ်လက်နဲ့အတူ လာရောက်ပူးပေါင်း၍ CDF-Senthang မှဆုကြေးငွေသိန်း (၁၀၀)ကျပ် တိတိကိုချီးမြှင့်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ CDF-Senthang က အသိပေးဆိုပါတယ်။
"အောက်တိုဘာလ ၈ ရက်နေ့တွင် ချင်းပြည်နယ်၊ဟားခါးမြို့တော် မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲဘော်မောင်နီမန်သည် ပြည်သူ့ရင်ခွင်သို့ (BA63 G3) သေနတ် နှစ်လက်နှင့် ကျည်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းလာပါတယ်။ ရန်သူ့လက်နက်ကိုပြည်သူ့ထံသို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် စွမ်းစွမ်းတမန် လုပ်ဆောင်မှူအပေါ်အထူးလေးစားဂုဏ်ပြုအပ်ပါတယ်"လို့ ဆိုပါတယ်။
CDF-Senthang မှလာရောက်ပူးပေါင်းလာသော ပြည်သူ့ရဲအပေါ် နွေထွေးစွာကြိုဆိုကြောင်းနှင့် ဆုကြေးငွေသိန်း (၁၀၀)ကျပ် တိတိကိုချီးမြှင့်ပြီး လုံခြုံသောအရပ်သို့ ပို့ဆောင်ပေးပြီးဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၈၀ ထက်မနည်းရှိလာ
စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် ၇၈၀ ထက်မနည်းရှိလာတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှအသိပေးဆိုပါတယ်။
"၂၀၂၂ ခုနှစ်လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၀) ခုထက်မနည်းရှိခဲ့တယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် (၁၁၉)ဦးအပါအဝင် ပါတီဝင် (၂၂၄) ဦး တို့၏နေအိမ်များနှင့်ပိုင်ဆိုင်မှုများကို အကြောင်းအမျိုးမျိုးပြ ဝရမ်းကပ်၊ ချိတ်ပိတ် သိမ်းဆည်းနေမှုများ ကျူးလွန်ခံနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ်ကော်မတီကဖော်ပြထားပါတယ်။
========================
📌📌 ၆။ ဗိုလ်ချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများကို IUF မှ သိမ်းဆည်းကာ ဩစတျေးလျနိုင်ငံအိုင်တီပညာရှင်များ၏ အကူအညီဖြင့်ဖုန်းအတွင်းအချက်အလက်များ ရရှိ
ဗိုလ်ချုပ်အုန်းသွင် (ငြိမ်း) နှင့် သားမက်တို့၏ လက်ကိုင်ဖုန်းများကို IUF မှ သိမ်းဆည်းကာ ဩစတျေးလျနိုင်ငံအိုင်တီပညာရှင်များ၏ အကူအညီဖြင့်ဖုန်းအတွင်းအချက်အလက်များ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ IUF အဖွဲ့ကတရားဝင်ဖော်ပြအသိပေးဆိုပါတယ်။
"စက်တင်ဘာလ ၂၄ ရက်နေ့တွင် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သော စစ်ကောင်စီထောက်တိုင်ဖြစ်သည့် ဗိုလ်ချုပ်ဟောင်းအား ရှင်းလင်းရာတွင် ၎င်းနှင့် သားမက်ဖြစ်သူတို့၏ လက်ကိုင်ဖုန်းများအား IUF အဖွဲ့သားများမှ သိမ်းဆည်းရယူခဲ့ပါတယ်။ထိုလက်ကိုင်ဖုန်းများအား ဩစတျေးလျနိုင်ငံသို့ လုံခြုံစွာပို့ဆောင်ခဲ့ပြီး အိုင်တီပညာရှင်များ၏ အကူအညီဖြင့် ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ထိုသူတို့နှင့် ဆက်စပ်နေသော စစ်ကောင်စီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ်ထောက်တိုင်များ၏ အချက်အလက်များကို ရယူပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထိုအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေသွားမည်ဖြစ်ပြီး လိုအပ်သော mission များကိုလည်း ဆက်လက်အကောင်ထည်ဖော်သွားမှာဖြစ်တယ်လို့IUFအဖွဲ့ကဆိုပါတယ်။
========================
📌📌 ၇။ ပုလဲမြို့နယ် ၊ အင်မထီးကျေးရွာတွင် တပ်စွဲထားသောစကစတပ်နဲ့ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၊ အင်မထီးကျေးရွာတွင် တပ်စွဲထားသောစကစတပ်နဲ့ပျူစောထီးများကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက် စစ်ကိုင်းတိုင်းဒေသကြီး ၊ပုလဲမြို့နယ် ၊ အင်မထီးကျေးရွာတွင် တပ်စွဲထားသော ပျူနဲ့စကစတပ်များကိူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - M.R.G ကဆိုပါတယ်။
"အောက်တိုဘာ၁၀ရက်နေ့ပုလဲမြို့နယ် ၊ အင်မထီးကျေးရွာတွင် တပ်စွဲထားသော ပျူဒလန်များနှင့် စကစတပ်များအား မြိုင်မြို့နယ်အတွင်းရှိဒေသခံ မဟာမိတ်ကာကွယ်ရေးပူးပေါင်းတပ်များ နှင့် ကျွန်ုပ်တို့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ -M.R.G တို့ပူးပေါင်း၍ ၄၀မမ၊ ၈၀မမ၊ ၁၀၀ မမ လက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲမှာမဟာမိတ်တပ်ပေါင်းစုများမှအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စကစတပ်အသေအပျောက်စာရင်းအား စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment