၂၀၂၂ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်၍ ထောင်ဒဏ်စုစုပေါင်း ၂၆ နှစ်အထိ ဖြစ်လာ
📌 ၂။ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်မြေတွေ ဖြစ်လာနိုင်တယ်လို့ယာယီ သမ္မတ ဒူဝါလရှီးလပြော
📌 ၃။ YDF တည်ထောင်သူအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပေးပို့
📌 ၄။ တန့်ဆည့်မြို့နယ် ရွှေတကျေးနှင့်ခပေါင်းကြိုင်ကြားက စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များကတိုက်ခိုက်ရာ ၁၆ ဦးသေဆုံး
📌 ၅။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာအကြမ်းဖက်စစ်အုပ်စု၏တပ် ထောင်ထားတဲ့ မိုင်းကို နင်းမိ၍အရပ်သားတစ်ဦးသေဆုံး
📌 ၆။ ရခိုင်ပြည်နယ် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ရွာနေ စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီရဲ့တပ်ရင်းမှ တပ်သားတစ်ဦးက ပစ်ခတ်၍ သေဆုံး
📌 ၇။ ပေါက်မြို့နယ် တက်မ တောင်တကြောမှာ အကြမ်းဖက် စစ်တပ်အင်အား ၇၀ ခန့်ရောက်ရှိ၍ စစ်ကြောင်းထိုးရန် အနေအထားရှိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်၍ ထောင်ဒဏ်စုစုပေါင်း ၂၆ နှစ်အထိ ဖြစ်လာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၃နှစ် ထပ်မံချမှတ်၍ ထောင်ဒဏ်စုစုပေါင်း၂၆ နှစ်အထိ ရှိလာပြီဖြစ်သလိုယနေ့အောက်တိုဘာ ၁၂ ရက် ချမှတ်လိုက်တဲ့အမှုဟာ တရားရုံးလုပ်ငန်းစဥ်ဖြစ်တဲ့ စစ်ဆေးရေးလုပ်ငန်းစဥ်မပြီးဆုံးသေးဘဲ ချမှတ်တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကအတည်ပြုပါတယ်။
ယခုချမှတ်လိုက်တဲ့အမှုဟာ လုပ်ငန်းရှင်မောင်ဝိတ်က အတိုင်ပင်ခံကို အမေရိကန်ဒေါ်လာ ငါးသိန်းခွဲပေးရတယ်လို့ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီဘက်က မတရားစွဲဆိုတဲ့အမှုလည်းဖြစ်ပါတယ်။ လက်ရှိနေပြည်တော်အချုပ်ထောင်မှာ ထားရှိခံထားရတဲ့ အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားအမှုများဆင်ကာ အငြိုးတကြီးနဲ့အမှုများ ဖွင့်လှစ်၍ တရားစွဲဆိုထားတာဖြစ်ပါတယ်။
========================
📌📌 ၂။ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်မြေတွေ ဖြစ်လာနိုင်တယ်လို့ယာယီ သမ္မတ ဒူဝါလရှီးလပြော
အောက်တိုဘာ ၁၁ ရက်ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီ သမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်/ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်"လို့ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတော့ ဆိုးဝါးလွန်းတဲ့ စစ်ကောင်စီကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ အလွန်ပင်ပန်းနေပြီဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကောင်းကောင်းနားလည်တယ်လို့ ပြေပါတယ်။
ဒါကြောင့် မလွယ်ကူမှန်းသိပေမယ့်လည်း ကျွန်တော်တို့ ပြည်သူတွေအားလုံး တသံတည်းညီပြီး တချီတည်းရုန်းကြရမယ့် အချိန်ရောက်လာပြီလို့ ယုံကြည်တာကြောင့်၊ ကျွန်တော်တို့ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးများကို ပြောကြားသလို one year plan ဆိုတာ အခုလက်ရှိ ဝန်ကြီးဌာနတွေရဲ့ ပုံမှန်လုပ်ဆောင်နေကြတဲ့ အလုပ်တွေကိုပဲ ထပ်မွန်းမံပြီး အချိန်နဲ့ တပြေးညီ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ပြင်ဆင်ကြဖို့ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် မေလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးနဲ့ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ YDF တည်ထောင်သူအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပေးပို့
အောက်တိုဘာ ၁၂ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဝမ်းနည်းကြောင်းသဝဏ်လွှာကို ဖော်ပြအသိပေးခဲ့ပါတယ်။
"အောက်တိုဘာလ ၉ ရက်နေ့ ၂၀၂၂ ခုနှစ်၊ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ ကျွန်းခုံသာရွာအနီး၌ ဖြစ်ပွားခဲ့သော ထိပ်တိုက်ပစ်ခတ်မှုကြောင့် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ၏ တည်ထောင်သူအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး (၂၁-နှစ်) မှာ ကျဆုံးသွားကြောင်း သိရှိရပါတယ်။ကိုဖြိုးဝေစိုးမှာ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသူတစ်ဦးဖြစ်ပြီး သူသည် ရဲဘော်ရဲဘက်များ၏ ချစ်ခင်လေးစားမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလို ဆုံးရှုံးမှုသည် ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိပြီး ညီနောင်မဟာမိတ်ဖြစ်သည့် ယောဒေသအတွက် ကြီးလေးသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရုံသာမကပဲ မြန်မာတစ်နိုင်ငံလုံး၏ ဆုံးရှုံးခြင်းလည်းဖြစ်တယ်"လို့ဆိုပါတယ်။
သို့ဖြစ်၍ ကျွန်ုပ်သည် ကိုဖြိုးဝေစိုး၏ အသက်ဆုံးရှုံးမှုအပေါ် ယောသူယောသားများနှင့်ထပ်တူ လွန်စွာ ဝမ်းနည်းမိပြီး ကျွန်ုပ်တို့ နိုင်ငံနှင့်လူမျိုး၏ အနာဂတ်အတွက် အသက်ပေးဆပ်ခဲ့သည့် ကိုဖြိုးဝေစိုးအား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူအသိအမှတ်ပြုကြောင်း ပြောဆိုလိုပါတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ တန့်ဆည့်မြို့နယ် ရွှေတကျေးနှင့်ခပေါင်းကြိုင်ကြားက စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များကတိုက်ခိုက်ရာ ၁၆ ဦးသေဆုံး
စစ်ကိုင်းတိုင်း တန့်ဆည့်မြို့နယ် ရွှေတကျေးနှင့်ခပေါင်းကြိုင်ကြားက စကစတပ်နဲ့ပျူများကို ကာကွယ်ရေးတပ်များကတိုက်ခိုက်ရာ ၁၆ ဦးသေဆုံးခဲ့တယ်လို့အောက်တိုဘာ ၁၂ ရက်မှာ စစ်ရေးသတင်းကို တန့်ဆည်ဖီးနစ် အဖွဲ့ကအသိပေးဆိုပါတယ်။
"တန့်ဆည့်မြို့နယ် ရွှေတကျေးနှင့်ခပေါင်းကြိုင်ကြားတွင်အင်အား ၇၀ ခန့်ရှိစကစတပ်နှင့်ပျူများကို ရွှေဘိုခရိုင်အမှတ် (၇) တပ်ရင်း(တန့်ဆည်ဖီးနစ်)နှင့်ရွှေဘိုခရိုင်အမှတ် (၆) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်က ၁၆ ဦးသေဆုံးခဲ့ကာအထိခိုက်အများအပြားရှိတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာအကြမ်းဖက်စစ်အုပ်စု၏တပ် ထောင်ထားတဲ့ မိုင်းကို နင်းမိ၍အရပ်သားတစ်ဦးသေဆုံး
အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အရှေ့ခိုဘွေရပ်ကွက်၌ နေထိုင်သည့် ဦးလာဒိန်းလျဲန်ဟာ လည်မြိုချောင်းတံတားအနီးရှိ ဝဥခြံ၌ ပေါင်းရှင်းနေစဉ် အကြမ်းဖက်စစ်အုပ်စု၏တပ် ထောင်ထားသည့် မိုင်းကို နင်းမိသောကြောင့် သေဆုံးသွားခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။
စကသတပ်များဟာ လူနေရပ်ကွက်များနဲ့ကျေးရွာများအနီးမှာ မြေမြုပ်မိုင်းများ ထောင်ထား၍ ထိခိုက်သေဆုံးတဲ့ဖြစ်စဥ်များနယ်မြို့များမှာမကြာခဏဖြစ်ပေါ်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၄၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ ရခိုင်ပြည်နယ် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ရွာနေ စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်ကောင်စီရဲ့တပ်ရင်းမှ တပ်သားတစ်ဦးက ပစ်ခတ်၍ သေဆုံး
အောက်တိုဘာ ၁၀ ရက်နေ့ညနေပိုင်းမှာ စကစရဲတပ်ဖွဲ့ရဲ့ ရဲတပ်သားတစ်ဦးက ပစ်ခတ်ခဲ့တာလို့ ဒေသ သတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။
"ရခိုင်ပြည်နယ် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ရွာ နေဇမ်မီယာအသက် (၅၆) နှစ် ကျောက်နီမော်တောင်ပိုင်းရပ်ကွက်တဖက်ကမ်း ချိုင်တောင် မြစ်ကမ်းစပ်တွင် နေထိုင်သူ၊ အစ္စလာမ်ဘာသာဝင် စိတ်ကျန်းမာရေးချို့တဲ့သူကိုစစ်ကောင်စီရဲ့တပ်ရင်းမှ တပ်သားဦးလှကြည်ဆိုသူက ၁၀ ရက်နေ့က ပစ်ခတ်သတ်ဖြတ်လိုက်တယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ တောက်လျှောက်ကျူးလွန်လျက်ရှိနေပါတယ်။
========================
📌📌 ၇။ ပေါက်မြို့နယ် တက်မ တောင်တကြောမှာ အကြမ်းဖက် စစ်တပ်အင်အား ၇၀ ခန့်ရောက်ရှိ၍ စစ်ကြောင်းထိုးရန် အနေအထားရှိနေ
အောက်တိုဘာ ၁၂ ရက်မှာ ပေါက်တောင်ပိုင်းပြောက်ကျားတပ်က စစ်ကြောင်းထိုးရန် အနေအထားရှိနေတယ်လို့ အတည်ပြုဆိုပါတယ်။
"ပေါက်မြို့နယ် သတိပြုကြပါ။တက်မ တောင်တကြောမှာ စကစတပ်(၇၀) အင်အား ၁၁ရက်ညတည်းကရောက်ရှိနေပါတယ်။ကမ္မအနောက်ဘက်တကြောက ကားများသွားလာခွင့်ကို တားဆီးထားခြင်းရှိပါတယ်"လို့ဆိုပါတယ်။ လတ်တလောပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးမလားဆိုတာကိုတော့ စောင့်ကြည့်လျှက်ရှိပြီးတော့ပြည်သူများအနေနဲ့ခရီးသွားလာမှုသတိထားပြီးသွားလာပေးကြဖို့ပေါက်တောင်ပိုင်းပြောက်ကျားတပ်ကအတည်ပြုဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment