၂၀၂၂ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ယာယီသမ္မတပြော
📌 ၂။ လာမယ့်တစ်နှစ်တာကာလကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်ပေးမယ့် နှစ်အနေနဲ့ ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန် ရေးအင်အားစုတွေအစွမ်းကုန် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် Twitter လူမှုကွန်ယက်စာမျက်နှာအား ဖွင့်လှစ်
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ပြင်ဆင်မှုဆိုင်ရာများကို နိုင်ငံခြားရေးဒုဝန်ကြီးကအစိုးရ ကက်ဘိနက်မှာ တင်ပြဆွေးနွေး
📌 ၅။ မသောက်မိသော မိုးခါးရေ ဂျပန်ပွဲစဥ်တွင် မြန်မာငွေကျပ်တန်ဖိုး သိန်း ၃၄၀ ခန့်ရရှိ
📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုပြီဖြစ်၍ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ကို( D.M.S.A) သို့ပြောင်းလဲသုံးစွဲ
📌 ၈။ မြိုင်မြို့နယ် စက်မှု ၂ စကစ စခန်းနှင့် ကိုင်းတောမရဲစခန်းကြား ကူးသန်းနေသောစကစတပ်ဖွဲ့များကားကို ရှော့ဒုံးလေးလုံး ဆွဲ၍တိုက်ခိုက်
📌 ၉။ မြိုင်နယ်အရှေ့ပိုင်း ဝက်သိုးအိုင်ရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်အလုံး ၂၀ ကျော် မီးလောင်ဆုံးရှုံး
📌 ၁၀။ တန့်ဆည်အရှေ့ကြော ကျေးရွာများမှာ သောင်းကျန်ခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မူးတံတားပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့
📌 ၁၁။ Muniment Production Force -MPF (Taze) မှ ကျစ်လစ်ပေါ့ပါးခိုင်ခန့် တဲ့ Shotgun ကိုထပ်မံ ထုပ်လုပ်
📌 ၁၂။ ဗန်းမောက်မြို့နယ်မှာ အထိနာလို့တပ်ဖျောက်ထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ယာယီသမ္မတပြော
အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုပါတယ်။ အောက်တိုဘာ ၁၁ ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။
“ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲကိစ္စကို အနည်းငယ် ပြောချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူထုရဲ့ အမြင်သဘောထားဟာ အကောင်းဘက်ကို တိမ်းညွှတ်မှု ရှိနေဆဲဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ရပါတယ်။ လူတချို့လည်း ယုံကြည်မှုနည်းပါးနေသေးတာကို တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်လို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကိုမမေ့ကြဖို့နဲ့ မပေါ့လျော့ကြဖို့ကိုလည်း ယာယီသမ္မတကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ လာမယ့်တစ်နှစ်တာကာလကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်ပေးမယ့် နှစ်အနေနဲ့ ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန် ရေးအင်အားစုတွေအစွမ်းကုန် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
လာမယ့်တစ်နှစ်တာကာလကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်ပေးမယ့် နှစ်အနေနဲ့ ခံယူပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန် ရေးအင်အားစုတွေအစွမ်းကုန် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
"လာမယ့်တစ်နှစ်တာကာလကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်ပေးမယ့် နှစ်အနေနဲ့ ခံယူပြီး ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန် ရေးအင်အားစုတွေ အားလုံးညီညီညာညာနဲ့ ဟန်ချက်ညီညီ အစွမ်းကုန် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ တချို့ကလည်း တစ်နှစ်တာကာလအတွင်း ဖြစ်နိုင်ပါ့မလား စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပါတယ်။ အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေဆိုတာကတော့ ၂၀၂၁ ဖေဖော်ဝါရီကတည်းက ကျွန်တော်တို့ ပြည်သူတွေအားလုံး ရင်ဆိုင် ခဲ့ရပြီး အဲဒီ့အချိန်ကတည်းက အခက်အခဲတွေ၊ အန္တရာယ်တွေကို ကျွန်တော်တို့ တစ်နိုင်ငံလုံး ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနေခဲ့ကြတာ အခုအချိန်အထိပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ လာမယ့်တစ်နှစ်ကို အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေး အပြီးသတ် တိုက်ပွဲ အဖြစ် သက်မှတ်ကာ စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် Twitter လူမှုကွန်ယက်စာမျက်နှာအား ဖွင့်လှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် Twitter လူမှုကွန်ယက်စာမျက်နှာအား ဖွင့်လှစ်လိုက်တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်အသိပေးကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် Twitter လူမှုကွန်ယက်စာမျက်နှာအား ဖွင့်လှစ် ထားပြီး စတင်အသက်ဝင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။Twitter လူမှုကွန်ယက်တွင် @mod_nug ကို Follow လုပ်ထားခြင်းအားဖြင့် MoD ၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များနှင့် မူဝါဒများ၊ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းများ၊ နိုင်ငံတဝန်း နေ့စဉ်ဖြစ်ပျက်နေသည့် အခြေအနေများစွာထဲမှ အဓိကကျသည့် အဖြစ်အပျက်များ စသည်တို့ကို စဉ်ဆက်မပြတ် သိရှိနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာသည့်၊ အနာဂတ် ဖက်ဒရယ်တပ်မတော်၏ အမြုတေဟုဆိုရမည့် နွေဦး တော်လှန်ရေး ခုခံတော်လှန်စစ်ကို ဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှုများကိုလည်း အလျဉ်းသင့်သလို သိရှိနိုင်မှာဖြစ်တယ်လို့ဖော်ပြပါတယ်။
@mod_nug Twitter လူမှုကွန်ယက်မှတစ်ဆင့် ပြည်တွင်းလူထု၊ နိုင်ငံတကာရောက်အင်အားစု၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့်ထိတွေ့ဆက်စပ်မှု ပိုမိုအားကောင်းစေရေးအတွက်လည်း ဆက်လက်အားထုတ် လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ပြင်ဆင်မှုဆိုင်ရာများကို နိုင်ငံခြားရေးဒုဝန်ကြီးကအစိုးရ ကက်ဘိနက်မှာ တင်ပြဆွေးနွေး
အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ပြင်ဆင်မှုဆိုင်ရာများကို နိုင်ငံခြားရေးဒုဝန်ကြီးကအစိုးရ ကက်ဘိနက်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၇၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ နိုင်ငံခြားရေးဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးက အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းတွေ တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့သတင်းရရှိခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲကိုကျင်းပဖို့ ကြိုတင်ပြင်ဆင်မှုတွေမဖြစ်မနေလုပ်ဆောင်လျက်ရှိနေပါတယ်။
========================
📌📌 ၅။ မသောက်မိသော မိုးခါးရေ ဂျပန်ပွဲစဥ်တွင် မြန်မာငွေကျပ်တန်ဖိုး သိန်း ၃၄၀ ခန့်ရရှိ
မသောက်မိသော မိုးခါးရေ ဂျပန်ပွဲစဥ် မြန်မာငွေကျပ်တန်ဖိုး သိန်း ၃၄၀ ခန့် ရရှိခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီက ဖော်ပြအသိပေးဆိုပါတယ်။
"အောက်တိုဘာလ (၉) ရက်နေ့က တိုကျိုမြို့တွင် "မိုးခါးရေ" ပွဲစဥ် (၈) ပွဲပြသခဲ့ပြီး ပွဲစဥ်တိုင်း ရုံပြည့်ရုံလျှံကာ ရုပ်ရှင်ပြသမှုမှ ယန်း ¥ 2,363,104 (မြန်မာငွေ သိန်း ၃၄၀ခန့်) ရရှိခဲ့ပြီး ဒါရိုက်တာ ကိုပေါက်အတွက် သီးခြားလှူဒါန်းငွေ ယန်း ¥ 916904 ရရှိခဲ့တယ်" လို့ ဆိုထားပါတယ်။
တိုကျိုမြို့က "မိုးခါးရေ"ပရိတ်သတ်များကို မိုးခါးရေအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဒါရိုက်တာကိုပေါက်မှလည်း ပရိတ်သတ်များရဲ့မေတ္တာကြောင့် ခွန်အားတွေရရှိပါကြောင်း ဆိုခဲ့ပါတယ်။
========================
📌📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အောက်တိုဘာ ၁၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးအမှတ် (၃/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များသည် များစွာအရေးပါပါကြောင်း၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလားတူ ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ် ပလဖ အဖွဲ့ဝင်များက မြေပြင်ရှိ အမှုကိစ္စဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပီပီပြင်ပြင်လည်ပတ်နိုင်ရေးအတွက်် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများအတွင်း ကျေးရွာအုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နေသည့်အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြပြီးသိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုပြီဖြစ်၍ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ကို( D.M.S.A) သို့ပြောင်းလဲသုံးစွဲ
အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုပြီဖြစ်၍ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့ အမည်ကို ( D.M.S.A) သို့ ပြောင်းလဲသုံးစွဲလိုက်ပြီလို့အောက်တိုဘာ ၁၁ ရက်မှာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်း တပ်မတော် ( D.M.S.A) က အသိပေးဆိုပါတယ်။
"NUG အစိုးရ၏ အသိမှတ်ပြုခြင်းအားဖြင့် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ်(၂၈) တပ်ရင်း MOD ၏ တိုက်ရိုက်အမိန့်ပေးချိတ်ဆက်မှုဖြင့် တရားဝင်စွာ ရပ်တည်လျှက်ရှိကြောင်းကိုလဲ အသိပေးအပ်ပါတယ်။ ကျနော်များ တွေ့ရာသင်္ချိုင်းဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ အမည်မှသည် တွေ့ရာသင်္ချိုင်းဓါးမဆိုင်း တပ်မတော် ( D.M.S.A) လို့တရားဝင် အမည်ပြောင်းလဲသုံးစွဲတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဟာ ခေတ်မီတပ်မတော်တခုအဖြစ် စည်းကမ်းကျနစွာ တည်ထောင်လျှက်ရှိတယ်လို့လည်း အသိပေးဆိုပါတယ်။
========================
📌📌 ၈။ မြိုင်မြို့နယ် စက်မှု ၂ စကစ စခန်းနှင့် ကိုင်းတောမရဲစခန်းကြား ကူးသန်းနေသောစကစတပ်ဖွဲ့များကားကို ရှော့ဒုံးလေးလုံး ဆွဲ၍တိုက်ခိုက်
အောက်တိုဘာ ၁၁ ရက် ညနေပိုင်းတွင် စက်မှု ၂၊ စကစ စခန်းနှင့် ကိုင်းတောမရဲစခန်းကြား ကူးသန်းနေသော စကစတပ်ဖွဲ့ကားကို ရှော့ဒုံးလေးလုံး ဆွဲ၍ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက အတည်ပြုပါတယ်။
"အောက်တိုဘာ ၁၁ ရက်ညနေ ၄ နာရီခန့် တွင် စက်မှု၂စကစ စခန်းနှင့် ကိုင်းတောမရဲစခန်းကြား ကူးသန်းနေသော စခကားအား မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ၊ တပ်ခွဲ(၁) နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရှော့ဒုံးလေးလုံး ဆွဲ၍ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့တယ်"လို့ ဆိုပါတယ်။ စကစတပ်များ ကျဆုံးမှုများရှိနိုင်ပြီး စာရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြိုင်ပကဖက ဆိုပါတယ်။
========================
📌📌 ၉။ မြိုင်နယ်အရှေ့ပိုင်း ဝက်သိုးအိုင်ရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်အလုံး ၂၀ ကျော် မီးလောင်ဆုံးရှုံး
အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ မကွေးတိုင်း၊ မြိုင်နယ် အရှေ့ပိုင်း၊ ဝက်သိုးအိုင်ရွာသို့ ရောက်ရှိနေသော စစ်ကြောင်းဟာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးရာ နေအိမ်အလုံး၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ နံ့သာမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ကအတည်ပြုဆိုပါတယ်။
"မြိုင်နယ် အရှေ့ပိုင်း၊ ဝက်သိုးအိုင်ရွာသို့ ရောက်ရှိနေသော စစ်ကြောင်းဟာ ယနေ့နံနက်မှာ ဝက်သိုးအိုင်ရွာအား ထပ်မံမီးရှို့ခဲ့ပါတယ်။ ဝက်သိုးအိုင်ရွာမှ နေအိမ် ၂၂ လုံးနှင့် နွားစာခြံ ၂ လုံး အပါအဝင် စုစုပေါင်း မီးလောင်အပျက်အစီး ၂၄ လုံးရှိပါတယ်" လို့ ဆိုပါတယ်။ မီးရှို့ပြီးနောက် အကြမ်းဖက်စစ်ကြောင်းဟာရှင်မတောင်ကြံစိမ့်ကြီးဘက်သို့ အထွက်ပြပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၁၀။ တန့်ဆည်အရှေ့ကြော ကျေးရွာများမှာ သောင်းကျန်ခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မူးတံတားပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အရှေ့ကြော ကျေးရွာများမှာ သောင်းကျန်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်နေ့က အင်ကြင်းပင် တောရကျောင်း တောင်ဘက် မူးတံတားပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T. P. C - Taze People's Comrades က ဆိုပါတယ်။
"တန့်ဆည်အရှေ့ကြော ကျေးရွာများတွင် အယောက်ရှစ်ဆယ်ခန့် ရှိတဲ့စကစတပ်စစ်ကြောင်းဟာ လမ်းသွားလမ်းလာ ပြည်သူများအား ဆက်ကြေးကောက် ရမ်းကားမှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ တန့်ဆည်မြို့ဘက်သို့ ပြန်လှည့်လာသော စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC အထူးဖောက်ခွဲရေး မိုင်းတပ်စိတ်မှ အင်ကြင်းပင်တောရကျောင်း တောင်ဘက် မူးတံတားပေါ်မှာ စစ်အုပ်စုများ တစ်စုတစ်စည်းတည်းရှိနေချိန် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုမှာ စကစတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့သော TPC ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၁၁။ Muniment Production Force -MPF (Taze) မှ ကျစ်လစ်ပေါ့ပါးခိုင်ခန့် တဲ့ Shotgun ကိုထပ်မံ ထုပ်လုပ်
Muniment Production Force -MPF (Taze) မှ ကျစ်လစ်ပေါ့ပါးခိုင်ခန့် တဲ့ Shotgun ကိုထပ်မံ ထုပ်လုပ်လိုက်တယ်လို့ အောက်တိုဘာလအတွင်းမှာ လက်နက်နဲ့ပတ်သက်လို့ MPF (Taze) ကအသိပေးဆိုပါတယ်။
"ယခု Shotgun အမျိုးအစားတွင် ခါးချိုးလိုက်သည်နှင့် ကျည်ခွံပြန်ကန်ထွက်သည့် စနစ်ထည့်သွင်းထားသည့်အတွက် အနီးကပ် ပျောက်ကျား Mission များတွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် Gun တိုင်းတွင် အသားတံဆိပ် ပါဝင်ပြီး Serial နံပါတ်အလိုက် ထုတ်လုပ်သွားမယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၁၂။ ဗန်းမောက်မြို့နယ်မှာ အထိနာလို့တပ်ဖျောက်ထားတဲ့ အကြမ်းဖက်စစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်
ဗန်းမောက်မြို့နယ်မှာ အထိနာလို့တပ်ဖျောက်ထားတဲ့ အကြမ်းဖက်စစ်ကြောင်း နားမော်ရွာဘက်သို့စစ်ကြောင်းထိုးလာ၍ KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ စစ်ရေးသတင်းကို ဗန်းမောက်တော်လှန်ရေးအင်အားစုက ဆိုပါတယ်။
"ရှေ့ပိုင်းရက်များမှ အထိနာသွားသော စကစတပ်များသည် တပ်ဖျောက်ထားရာမှ ယနေ့နေ့လည်ပိုင်းတွင် နားမော်ရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် KIA + PDF + ဒေသကာကွယ်ရေးတပ်များဖြင့် တိုက်ပွဲဖြစ်ပွါးနေပါတယ်" လို့ ဆိုပါတယ်။ ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စကစများမှ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုလဲ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗန်းမောက်တော်လှန်ရေးအင်အားစုက အတည်ပြုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment