၂၀၂၂ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးကို အောင်မြင်စွာနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အားလုံးအတူ ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုပါဝင်နေမှုဟာ အရှိန်လုံးဝမကျဘူးလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား
📌 ၃။ ကျဆုံးသွားသော ဗိုလ်မှူးထူးကရှောရဲ့အောက်မေ့ဘွယ် ဆုတောင်းပွဲတွင် Fallen Star ...Fallen Hero ပန်းချီကားအား မိသားစုထံပေးအပ်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုးအသိပေး
📌 ၄။ မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်း
📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၇။ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေး တပ်မှတပ်ကြပ်ကြီးတစ်ဦးအလင်းဝင်ခိုလှုံ
📌 ၈။ ချောင်းဦးမြို့နယ်မယ်သဲကြိုးကွင်းရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က နေအိမ် အလုံး၇၀ ကျော်ကိုမီးရှို့ဖျက်ဆီး
📌 ၉။ အိန္ဒိယနိုင်ငံ မီဇိုရမ်မှာမသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတိုအောက်တိုဘာ ၂၉ ရက်ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးကို အောင်မြင်စွာနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အားလုံးအတူ ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
တော်လှန်ရေးကို အောင်မြင်စွာနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အားလုံးအတူ ကြိုးစားကြဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲမှာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့၏ပြည်သူများသည် စိတ်ရောကိုယ်ပါ အလွန်ပင်ပန်းနေသည်ကို ကောင်းစွာနာလည်ပါကြောင်း၊ ဒါကြောင့် မလွယ်ကူမှန်းသိသော်လည်း ကျွန်တော်တို့ ပြည်သူတွေအားလုံးတသံတည်းညီပြီး တချိန်တည်း ရုန်းကြရမည့် အချိန်ရောက်လာပြီဟု ယုံကြည် သောကြောင့် တစ်နှစ်တာအစီအမံကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်ထဲက မဟာမိတ် တိုင်းရင်းသားများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၏အားနှင့်အတူရှေ့ဆက်ကြရမည် ဖြစ်ပါကြောင်း၊ ဒါကြောင့် တော်လှန်ရေးကို အောင်မြင်စွာနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အားလုံးအတူ ကြိုးစားကြရန်ဖြစ်တယ်"လို့ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တော်လှန်ရေးတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များမှ မြေပြင်တွင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းကြကာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုပါဝင်နေမှုဟာ အရှိန်လုံးဝမကျဘူးလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား
နွေဦးတော်လှန်ရေးမှာပြည်သူလူထုပါဝင်နေမှုဟာ အရှိန်လုံးဝမကျဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ အောက်တိုဘာ ၁၂ ရက် ညပိုင်းကျင်းပတဲ့တော်လှန်ထောက်ပို့ တောင်ပိုင်းသို့ တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲလက်မှတ်အရောင်းပိတ်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
"တချို့က ဒီနွေဦးတော်လှန်ရေးနဲ့ပတ်သက်ရင် ပြည်သူလူထုက စိတ်ဝင်စားမှု အရှိန်များကျသွားမလား။ ငြီးများငြီးငွေ့သွားမလားစိုးရိမ်စိတ်တွေရှိကြပါတယ်။ဒါပေမယ့် ဒီလို လုံးဝမဟုတ်ဘူးဆိုတာ ပြည်သူက အခုလိုအစီအစဥ်တွေမှာ ပါဝင်နေခြင်းအားဖြင့်သိနိုင်ပါတယ်။ထို့အတူပဲ စီမံ ဘဏ္ဍာဝန်ကြီးဌာနက အစီအစဥ်တွေကို ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းပြည့်အောင်မြင်နေတာမို့ပြည်သူလူထုက နွေဦးတော်လှန်ရေးမှာ ပါဝင်နေမှုအရှိန် လုံးဝမကျဘူးဆိုတဲ့ဟာကိုသိပါလိမ့်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။
========================
📌📌 ၃။ ကျဆုံးသွားသော ဗိုလ်မှူးထူးကရှောရဲ့အောက်မေ့ဘွယ် ဆုတောင်းပွဲတွင် Fallen Star ...Fallen Hero ပန်းချီကားအား မိသားစုထံပေးအပ်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုးအသိပေး
ကျဆုံးသွားသော ဗိုလ်မှူးထူးကရှောရဲ့အောက်မေ့ဘွယ် ဆုတောင်းပွဲတွင် Fallen Star ...Fallen Hero ပန်းချီကားအား မိသားစုထံပေးအပ်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုး အသိပေးပြောဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ ပြည်ထောင်စုဝန်ကြီးက လူမှုကွန်ရက်မှာ "ကျဆုံးသွားသော ဗိုလ်မှူးထူးကရှော၏ အောက်မေ့ဘွယ် ဆုတောင်းပွဲတွင် Fallen Star ...Fallen Hero ပန်းချီကားအား မိသားစုထံပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
Fallen Star, Fallen Hero ပန်းချီကား ကို ပြည်သူတွေအတွက်၊ လူ့အခွင့်အရေး နဲ့တရားမျှတမှုအတွက်၊ လွတ်မြောက်ရေးအတွက် မိမိအသက်ကို ပဓာနမထားပဲ ကျရာနေရာမှာ တော်လှန်တိုက်ပွဲဝင်နေကြသူအားလုံးအတွက် ရည်ရွယ်ရေးဆွဲဖြစ်ခဲ့တာလို့ ဝန်ကြီးကဆိုထားပါတယ်။ ပန်းချီကားရောင်းရငွေ ဘတ် ၁၀,၀၀၀ နဲ့ မေတ္တာပြ အားပေးမှုတခုလည်း ဝန်ကြီးဌာနအနေနဲ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
========================
📌📌 ၄။ မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့ပါတယ်။ အောက်တိုဘာ၁၁ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုခဲ့ပါတယ်။
"မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေပါကြောင်း၊ စစ်တပ်အနေဖြင့် လက်နက်များ ဆက်လက်ရရှိနေမည်ဆိုပါက အပြစ်မဲ့ပြည်သူများနှင့် ကလေးငယ်များအပေါ် လူမဆန်သောရက်စက်မှုများကို ဆက်လက်ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ် ပါကြောင်း၊ ရောင်းချတင်သွင်းပေးပို့သည့် နိုင်ငံများအနေဖြင့်လည်း အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် စစ်တပ်၏ ရက်စက်သော သတ်ဖြတ်မှုများတွင် ပူးတွဲပါဝင်နေမည်ဖြစ်ပါကြောင်း၊နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်များ၊ ဆက်စပ်နည်းပညာများနှင့် ဆက်စပ် စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန်ပြောကြားလိုတယ်"လို့ဆိုခဲ့ပါတယ်။
ပြီးခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို ရဟတ်ယာဉ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားနေတဲ့ ကလေးငယ် (၇) ယောက်အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ရကြောင်း၊ စစ်တပ်သည် ယင်းကဲ့သို့ လူမဆန်သောရက်စက်မှုများကို ပထမအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် ကျူးလွန်နေခြင်း မဟုတ်သကဲ့သို့ နောက်ဆုံးအကြိမ် ကျူးလွန်နေခြင်းလည်း မဟုတ်ပါကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်း
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်းခဲ့ပါတယ်။ အခုလိုရွေးကောက်ဖွဲ့စည်းမှုကို အောက်တိုဘာ ၁၂ ရက်မှာ ရေစကြိုမြို့နယ် ပြာ်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုလိုက်တာပါ "ရေစကြိုမြို့နယ်၊ ကျေးရွာများတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပူးပေါင်း၍ ကျေးရွာ လူထုစည်းဝေးပွဲများပြုလုပ်ပြီး ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ရွေးကောက်ဖွဲ့စည်းခဲ့ပါတယ်"လို့ဆိုပါတယ်။
ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံးဝအုပ်ချုပ်ခွင့် မရစေရဘဲရေစကြိုမြို့နယ်ကို ရေစကြိုပြည်သူလူထုကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြမှာဖြစ်တယ်လိုရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာပါတယ်။
========================
📌📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၄/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဘက်အမြဲတမ်းအတွင်း၀န် ဒေါက်တာလှိုင်မြင့်ဟန်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် အုပ်ချုပ်ရေးလုပ်ငန်းများသည် လွန်စွာမှ ကြီးလေးသောတာဝန်ဖြစ်၍ မြို့နယ်များအနေဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ထိန်းချုပ်နယ်မြေများ ရရှိလာသည်နဲ့အမျှ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မီးသတ်ဦးစီးဌာနက မီးလောင်မှုဆုံးရှုံးမှုနဲ့ပတ်သတ်၍ စာရင်းကောက်ယူရမည့်ပုံစံအားလည်းကောင်း၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးသားနည်းပုံစံများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များက မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ အုပ်ချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများအတွင်း ကျေးရွာအုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နေသည့်အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ တွဲဘက်အမြဲတမ်းအတွင်း၀န် ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၇။ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေး တပ်မှတပ်ကြပ်ကြီးတစ်ဦးအလင်းဝင်ခိုလှုံ
ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေး တပ်မှတပ်ကြပ်ကြီးတစ်ဦးအလင်းဝင်ခိုလှုံခဲ့ပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ အလင်းဝင်လာတာဖြစ်တယ်လို့ KDF ကဆိုပါတယ်။
"အောက်တိုဘာလ ၁၂ ရက်နေ့ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံသို့ နပတ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေး တပ်မှ အသက် ၂၄ နှစ် တပ်ကြပ်ကြီး မှ KDF ထံသို့ ဝင်ရောက်ခိုလုံ လာခဲ့ပြီး ကရင်နီဒီမိုကရက်တစ်တပ်ဦး မှ လှိုက်လှဲစွာ ကြိုဆို လက်ခံခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ တပ်ကြပ်ကြီး ဟာ ပြည်သူရင်ခွင် ထံသို့ ခိုလုံ ခွင့် တောင်းခံလာခဲ့ပြီး ပြည်သူများ အပေါ် စိတ်မကောင်း ကြောင်း နှင့် ပြည်သူ့ ဘက်မှ ရပ်တည်ချင်ခဲ့ကြာခဲ့ပြီ ဖြစ်ကြောင်း နှင့် အခွင့်မသာ ၍ ထွက်လာမရခြင်းအပေါ် လွန်စွာ နောင်တ ရကြောင်းပြောပြခဲ့ပါတယ်။ နောက်ထပ်ပြည်သူ့ ထံ ခိုလှုံ လာမယ့်စစ်ကောင်စီ တပ် များ အားလည်း ကြိုဆိုနေမှာဖြစ်ပြီး စိစစ် ၍ လက်ခံ သွားမှာဖြစ်တယ်လို့ Karenni Democratic Front (KDF) ကဆိုပါတယ်။
========================
📌📌 ၈။ ချောင်းဦးမြို့နယ်မယ်သဲကြိုးကွင်းရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က နေအိမ် အလုံး၇၀ ကျော်ကိုမီးရှို့ဖျက်ဆီး
ချောင်းဦးမြို့နယ်မယ်သဲကြိုးကွင်းရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က နေအိမ် အလုံး၇၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ ChaungU Revolution ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မယ်သဲကြိုးကွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်ကအောက်တိုဘာလ ၁၁ ရက် မနက်ပိုင်းမှာ အင်အား(၇၀)ခန့်ဖြင့်ဝင်ရောက်စီးနင်းပြီး နေအိမ် (၇၇) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ အောက်တိုဘာလ (၉) ရက်နေ့ကလည်း ချောင်းဦးမြို့နယ် ခင်မွန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ်များက နေအိမ် ၁၄ လုံး နှင့် စားသောက်ဆိုင် တစ်ဆိုင် မီးရှို့ခဲ့ပါသေးတယ်။
========================
📌📌 ၉။ အိန္ဒိယနိုင်ငံ မီဇိုရမ်မှာမသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတိုအောက်တိုဘာ ၂၉ ရက်ပြသမယ်
အိန္ဒိယနိုင်ငံ မီဇိုရမ်မှာမသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတိုအောက်တိုဘာ ၂၉ ရက်ပြသမယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။
"ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ " မသောက်မိသော မိုးခါးရေ" ဖြစ်ရပ်မှန် ရုပ်ရှင်ကို အောက်တိုဘာ ၂၉ ရက် နေ့လည် ၁ နာရီတွင် မီဇိုရမ်၊ အိုင်ဇောလ်မြို့ Dawrpui Multi-purpose ခန်းမတွင်ပြသမယ်လို့သတင်းရရှိပါတယ်"လို့ဆိုပါတယ်။ ဝင်ကြေး တစ်ယောက် ရူပီး ၃၀၀ သတ်မှတ်ထားပြီး ရရှိတဲ့အကျိုးအမြတ်အားလုံးကို ကိုပေါက်ရုပ်ရှင်ပြသရေးကော်မတီသို့ပေးအပ်ကာလို အပ်တဲ့နေရာတွင်ပြန်လည်လှူဒါန်းသွားမယ်လို့ဆိုပါတယ်။
ယင်းအစီအစဉ်ကို မီဇိုရမ်မှာ KCST၊ Youth For Myanmar၊ Matupians၊ Guys From Chin၊ Myanmar Refugee Relief Committee - Mizoram၊ နဲ့ NGO For Myanmar တို့နဲ့ တက်ကြွသူများက ဦးဆောင်ကြမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
No comments:
Post a Comment