14th OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ မွေးသမိခင်ဖြစ်သူအတွက် မိသားစုဝင်များ၊ ဆွေမျိုးများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ နွေဦးတော်လှန်ရေးကို အဆုံးသတ်ဖို့ ပြင်ဆင်မှု အခြေအနေတစ်ခုကိုရောက်လာပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၃။ အကြမ်းဖက် စစ်ကောင်စီရဲ့ပြည်သူအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်ကို ကာကွယ်ဖို့ စောစော တုံ့ပြန်တဲ့နည်းစနစ်ကို အသုံးပြုနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ အကြမ်းဖက် စစ်တပ်ကိုမည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအသုံးချမှုကို အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၅။ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာမှာ တပ်စွဲထားတဲ့စကစတပ်များနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ ၁၄ ဦးသေဆုံး

📌 ၆။ ချောင်းဦး - အမြင့်လမ်း ကင်းပုန်းဝပ်လှုပ်ရှားခဲ့သော အကြမ်းဖက်စစ်တပ်အင်အား (၇၀) ဝန်းကျင်က ကျေးရွာများသို့ ဝင်ရောက် သောင်းကျန်း

📌 ၇။ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်အမှန်မှာ အကြမ်းဖက် စစ်တပ်က ၄၀မမ လက်နက် ကြီးဖြင့်ရမ်းသန်း ပစ်ခတ်၍ သေဆုံးခဲ့တာလို့ သထုံ TPDF ဖွင့်ချပြောဆို

📌 ၈။ ပြည်သူ့တပ်များ အထိအခိုက်နည်းနည်းနှင့် အောင်ပွဲကြီးများရစေဖို့ မီးကုန်ယမ်းကုန်ထောက်ပံ့ပေးကြရန် ယူနိုက်တက်ဘွန်းကတိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ မွေးသမိခင်ဖြစ်သူအတွက် မိသားစုဝင်များ၊ ဆွေမျိုးများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ မွေးသမိခင်ဖြစ်သူ ပီး မာဇိုင်း (Pi Mazei) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နာရီခန့်တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်းကြားသိရပါသဖြင့် ကျန်ရစ်သူ ဖခင်ကြီး အပါအဝင် မိသားစု ဝင်များ၊ ဆွေမျိုးများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ 


မိခင်ကြီး ပီး မာဇိုင်း၏ နာမ်ဝိညာဥ်သည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားရရှိ၍ အထံတော်၌ ငြိမ်သက်စွာ နားနေခွင့်ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုထားပါတယ်။ ဆက်လက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏မိခင် ကွယ်လွန်သွားခြင်း ၀မ်းနည်းကြောင်းသဝဏ်လွှာအား သြစတြေးလျနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်က အောက်တိုဘာ ၁၄ရက်မှာ  ပေးပို့ခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ ချစ်လှစွာသော ကျေးဇူးရှင် မိခင်ကြီး ဘဝတစ်ပါးသို့ ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါတယ်"လို့‌ ရေးသားပါရှိတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးကို အဆုံးသတ်ဖို့ ပြင်ဆင်မှု အခြေအနေတစ်ခုကိုရောက်လာပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေး


တော်လှန်ထောက်ပို့တောင်ပိုင်းသို့ ရန်ပုံငွေ ရှာဖွေပွဲ ပိတ်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကအသိပေးပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးကို အဆုံးသတ်ဖို့အတွက်ပြင်ဆင်လာတာလည်း အခြေအနေတစ်ခုကိုရောက်လာပြီ ဖြစ်တဲ့အတွက် အဆုံးသတ် စီမံချက်ပေါ့။ကျနော်တို့ အချိန်နဲ့ပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ဒါကို ဒီနှစ်အတွင်းမှာ သိသာတဲ့ ထူးခြားတဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရမယ်ဆိုတဲ့ စီမံချက်ပါ။ကျနော်တို့ရဲ့ ဗျူဟာတွေထဲမှာ ပြည်သူလူထုရဲ့ ပါဝင်မှုဗျူဟာကလည်းအရေးကြီးပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေး တစ်နှစ်စီမံချက်ကို သုံးလစီ တစ်ဖြတ် ဖြတ်၍ ထိရောက်စွာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီရဲ့ပြည်သူအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်ကို ကာကွယ်ဖို့ စောစော တုံ့ပြန်တဲ့နည်းစနစ်ကို အသုံးပြုနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


အောက်တိုဘာ ၁၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ကြီးမှုးကျင်းပသော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့ အထိမ်းအမှတ် စကားဝိုင်း မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအခုလိုဆိုပါတယ်။


"အကြမ်းဖက် စစ်ကောင်စီကြောင့် ဖြစ်တဲ့ဘေးကို ကျနော်တို့ပြည်သူတွေဟာ ဆိုးဆိုးရွားရွားခံစားနေရပါပြီ။ဒါကြောင့် စောစော သိရင် စောစော တုံ့ပြန်တဲ့အခါ ထိခိုက်ဆုံးရှုံးမှုနည်းပါမယ်။အသိပညာပေးတာတွေ၊ လေ့ကျင့်မှုတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေကို ကျနော်တို့ ဆောင်ရွက်နေပါပြီ"လို့ဆိုပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းလက်ယက်ကုန်း စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကလေး ဦးသေဆုံးခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးမှုမှာလည်း အရပ်သား ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်တပ်ကိုမည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအသုံးချမှုကို အထူးလိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ ၁၂ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။


"လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက် ရှိကြောင်း၊ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ အရေးပါသည့် ရှိပြီး အပြည်ပြည်ဆိုင်ရာယန္တရားတစ်ခုအနေဖြင့် အပြစ်မဲ့ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်မှ အကာအကွယ်ပေးရန် တိကျပြတ်သားသော အရေးယူဆောင်ရွက်ချက်ကို မချမှတ်နိုင်လျှင် အဆိုပါမည်သည့်တရားရုံးတွင်မဆိုတရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအသုံးချမှုကို အထူးလိုအပ်ကြောင်း"ပြောပါတယ်။


မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနှင့် IIMM တို့အနေဖြင့် စစ်တပ်မှ ကျူးလွန်ထားသော အဆိုပါရက်စက်ကြမ်းကြုတ်မှုများကို ၎င်းတို့၏ အစီရင်ခံစာများတွင် တိတိပပထည့်သွင်း‌ ဖော်ပြထားပြီးဖြစ်ပါတယ်။


========================


📌📌 ၅။ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာမှာ တပ်စွဲထားတဲ့စကစတပ်များနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်များကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ ၁၄ ဦးသေဆုံး


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဆင်ငယ်ရွာမှာ တပ်စွဲထားတဲ့စကစတပ်များနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်များကို ယမန်နေ့ညက ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက် နာရီ ၃၀ အချိန်ဆင်ငယ်ရွာတွင်ပျူစောထီးသင်တန်းပေးရန်တပ်ဆွဲထားသောစကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့တန့်ဆည် KPK တပ်ဖွဲ့ကအတည်ပြုပါတယ်။


"အောက်တိုဘာ ၁၃ ရက် နာရီ ၃၀ အချိန် ဆင်ငယ်ရွာတွင်ပျူစောထီးသင်တန်းပေးရန်တပ်ဆွဲထားသော စကစတပ်တစ်သိုက်ကို KPK နှင့် PLA တပ်ရင်းနှစ်ဖွဲ့မှ 81mm စိန်ပြောင်းများဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ကထိခိုက် သေဆုံးမှုတို့ရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။


ထို့နောက် ၁၁ နာရီအချိန်ဆင်ငယ်ရွာမှကျွန်းတောကုန်းရွာဘက်သို့ စစ်ကြောင်းထိုးလာ စကစတပ်များကို KPK တပ်ဖွဲ့မှ အသင့်ပြင်ဆင်ထားသော ပဒေသာတိုက်မိုင်း၊ ပဒေသာဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာသေဆုံးမှုတို့ရှိနိုင်ပြီး အမျာအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။ ပြည်သူ့ရဲဘော်များဘေးကင်းလုံခြုံစွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်။



========================


📌📌 ၆။ ချောင်းဦး - အမြင့်လမ်း ကင်းပုန်းဝပ်လှုပ်ရှားခဲ့သော အကြမ်းဖက်စစ်တပ်အင်အား (၇၀) ဝန်းကျင်က ကျေးရွာများသို့ ဝင်ရောက် သောင်းကျန်း


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းဦး - အမြင့်လမ်း ကင်းပုန်းဝပ်လှုပ်ရှားခဲ့သော အကြမ်းဖက်စစ်တပ်အင်အား (၇၀) ဝန်းကျင်က ယနေ့မနက်မှာ ကျေးရွာများသို့ ဝင်ရောက် သောင်းကျန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


"ယနေ့မနက်အစောပိုင်းကစလို့ ချောင်းဦးမြို့၏တောင်ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး မှန်ချိုကျေးရွာတွင် ရောက်ရှိနေပြီး သေနတ်များနဲ့ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါစစ်ကြောင်းက စစ်ကြောင်းထိုးမှုများကြောင့် အောက်တိုဘာ(၁၃)ရက် ညနေပိုင်းက ချောင်းဦးမြို့ ရဲလှေရပ်ကွက်မှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။


========================


📌📌 ၇။ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်အမှန်မှာ အကြမ်းဖက် စစ်တပ်က ၄၀မမ လက်နက် ကြီးဖြင့်ရမ်းသန်း ပစ်ခတ်၍ သေဆုံးခဲ့တာလို့ သထုံ TPDF ဖွင့်ချပြောဆို


အောက်တိုဘာ ၁၄ ရက် ဆက်သွယ်မေးမြန်းရာမှာ သထုံ TPDF ကအခုလိုအတည်ပြုပြောဆိုခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်စဉ်မှာ"တိုက်ပွဲဖော်ဆောင်တာတော့ ကျနော်တို့တပ်ဖွဲ့မဟုတ်ပါဘူး။ ဒါပေမယ့် သိရတာကတော့ တော်လှန်ရေးအဖွဲ့တွေက စစ်တပ်နဲ့ရဲ ကင်း နဲ့ ဂိတ်ကို ပစ်တာပါ။ပစ်ခတ်ချိန်က ၁၅ မိနစ် ဝန်းကျင်းပါပဲ။အဲ့ဒီအချိန်ထိ သူတို့ပြန်မပစ်နိုင်ဘူးလို့သိရပါတယ်။တော်လှန်ရေးအဖွဲ့တွေ ပြန်သွားတော့မှ သူတို့က လက်နက်ငယ်တွေ 40 mm တွေနဲ့ ပစ်တာပါ။ပြည်သူတွေမှန်တာ 40မမ အစတွေမှန်တာပါ"လို့ဆိုပါတယ်။


အဆိုပါပစ်ခတ်မှု့ဖြစ်ပွားရာ အနီးတစ်ဝိုက် CCTV မှတ်တမ်းများရှိသော်လည်း အကြမ်းဖက် စစ်တပ်အနေနဲ့ထုတ်မပြရဲဘဲ ရဲနဲ့စစ်တပ်ဂိတ်ကို ၁၅ မိနစ်ကြာပစ်ခတ်သွားတဲ့ တော်လှန်ရေးအင်အားစုအပေါ် ပုံချပြောဆိုနေတာဖြစ်ပါတယ်။


"အဲ့ဒီမှာ CCTV တွေရှိတယ်လို့သိရပါတယ်။ CCTV မှတ်တမ်းတွေကို ထုတ်မပြရဲတာက သူတို့အမှားဖြစ်နေလို့ပါခင်ဗျ"လို့ သထုံ TPDF ကဆိုပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်း (ကင်မွန်းချောင်း) ကျေးရွာအနီး၊ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်မှာ အောက်တိုဘာ ၁၂ ရက်နေ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်း အရပ်သားသုံးဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၈။ ပြည်သူ့တပ်များ အထိအခိုက်နည်းနည်းနှင့် အောင်ပွဲကြီးများရစေဖို့ မီးကုန်ယမ်းကုန်ထောက်ပံ့ပေးကြရန် ယူနိုက်တက်ဘွန်းကတိုက်တွန်း


အောက်တိုဘာ ၁၃ ရက်နေ့မှာ ယူနိုက်တက်ဘွန်းက တော်လှန်ရေးနဲ့ပတ်သက်လို့ အခုလိုဆိုလိုက်ပါတယ်။


"စုစည်းမှု၊ ဦးဆောင်မှု၊ လက်တွဲမှု၊ လေ့ကျင့်မှု၊ အင်အား ပြည့်စုံနေပြီဖြစ်သော ပြည်သူ့တပ်များအောင်ပွဲရဖို့ရန်မှာ အဆက်မပြတ်၊ တဟုန်ထိုး ထိုးစစ်ဆင်ရင်း တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်ရာတွင် ပြည်သူလူထုကပူးပေါင်းပါဝင်ရင်း တော်လှန်ရေးအရှိန်မကျ၊ ခါးဆက်မပြတ်စေရန် လိုအပ်သည့်ထောက်ပို့မှုများကို အင်တိုက်အား တိုက်၊ ဆထက်တန်ဖိုး ကူညီပေးကြရန်သာဖြစ်ပါတယ်။ပြည်သူ့တပ်များ အထိအခိုက်နည်းနည်းနှင့် အောင်ပွဲကြီးများရစေဖို့ နောက်ဆုံးစစ်ပွဲကြီးတွင် မီးကုန်ယမ်းကုန်ထောက်ပံ့ပေးကြရန်တိုက်တွန်းလိုပါတယ်"လို့ ဆိုပါတယ်။


ပြည်သူများအနေနဲ့ EODရှယ်ယာ၊ ငွေတိုက်စာချုပ်၊နွေဦးအိမ်ယာများကိုထပ်မံဝယ်ယူထောက်ပို့ကြရင်း clickလုပ်ခြင်း၊ အခြားနည်းလမ်းများဖြင့်ထောက်ပို့ခြင်းဖြင့် နွေဦးတော်လှန်ရေးကြီး၏ အောင်ပွဲကိုတစ်ပြည်လုံးအတူတကွ ရယူကြဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။ လက်ရှိမှာလည်း အထူးငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ ၁၀၀ တန်မှစတင်ကာ ၅၀၀၀ တန်အထိ ရောင်းချပေးလျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment