15th OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ ပြည်သူအားလျော့မသွားအောင် ပြည်သူကို ကာကွယ်ဖို့နဲ့ထောက်ပံ့ဖို့တွေကို NUG အစိုးရက ကြိုးစားနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရှေ့လာမယ့်တစ်နှစ်အတွက် မဟာဗျူဟာများရေးဆွဲပြီး စီမံချက်ချဆောင်ရွက်မယ်

📌 ၃။ စစ်တပ်ဟာ မြန်မာပြည်သူများအပေါ်တွင် လူသားမဆန်၍ အလွန်ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနှင့် စနစ်တကျဆောင်ရွက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်

📌 ၄။ LDF, PDF, UG များထံ သိန်းပေါင်းတစ်သောင်း ဖြန့်ချီမယ့် လျှောက်ထားမှုများ ကောက်ခံခြင်းမှာ အဖွဲ့ပေါင်း ၈၇၃ ဖွဲ့လျှောက်ထား

📌 ၅။ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကိစ္စရပ်များကိုလည်း NUG နှင့် လက်တွဲလုပ်ဆောင်နေတယ်လို့ တပ်မဟာ() တပ်ရင်း (၇၀၂) တပ်ခွဲ () ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ ပြည်သူအားလျော့မသွားအောင် ပြည်သူကို ကာကွယ်ဖို့နဲ့ထောက်ပံ့ဖို့တွေကို NUG အစိုးရက ကြိုးစားနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


အောက်တိုဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဘဒေါက်တာဝင်းမြတ်အေးကအခုလိုပြောကြားခဲ့ပါတယ်။

"အခု နွေဦးတော်လှန်ရေးဟာ အောင်မြင်စွာအဆုံးသတ်နိုင်ဖို့ ဦးတည်ကြိုးစားနေတဲ့ကာလလည်းဖြစ်ပါတယ်။ ဒီကာလကြီးမှာ လူထုခေါင်းဆောင်တွေပြောနေကြတယ်။ တော်လှန်ရေးအင်အားစုတွေပြောနေကြတဲ့ တသံတည်းချီ၊တချီတည်းရုန်းဆိုတဲ့ အရာ အင်မတန်မှအရေးကြီးပါတယ်။ တချီတည်းရုန်းဆိုတဲ့နေရာမှာ ပြည်သူအားလုံးပါမှ ရုန်းလို့ရပါမယ်။ ဒါကြောင့် ပြည်သူတွေအားမလျော့သွားအောင် ပြည်သူကိုကာကွယ်ဖို့၊ ထောက်ပံ့ဖို့တွေ ကြိုးစားနေရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် သြဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၅၉.၄၀) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ခဲ့ကာ စစ်ကိုင်း၊မကွေးနဲ့ကရင်ပြည်နယ်တို့ကို အများဆုံးအကူအညီပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရှေ့လာမယ့်တစ်နှစ်အတွက် မဟာဗျူဟာများရေးဆွဲပြီး စီမံချက်ချဆောင်ရွက်မယ်


နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရှေ့လာမယ့်တစ်နှစ်အတွက် မဟာဗျူဟာများ ရေးဆွဲပြီး စီမံချက်ချဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကအောက်တိုဘာလအတွင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှေ့လာမယ့်နှစ် လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်လို့ ဆိုပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရအပေါ် နိုင်ငံတကာအသိအမှတ်ပြုမှုတွေ ပိုပြီးရရှိလာစေဖို့ ဆောင်ရွက်တဲ့ ကိစ္စတွေရှိမယ်။နောက်တစ်ခါ စစ်အုပ်စုကို နိုင်ငံတကာက နည်းမျိုးနဲ့ ဖိအားပေးနိုင်ဖို့ ကိစ္စတွေရှိမယ်။နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာကနေ အမျိုးမျိုးသောအကူအညီတွေရရှိနိုင်ဖို့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို နိုင်ငံတကာ တရားရုံးများမှာ အရေးယူနိုင်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို မြန်မာအရေးဆောင်ရွက်နေတဲ့ အာဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာနဲ့လည်းပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ စစ်တပ်ဟာ မြန်မာပြည်သူများအပေါ်တွင် လူသားမဆန်၍ အလွန်ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနှင့် စနစ်တကျဆောင်ရွက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်


အောက်တိုဘာ ၁၄ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်၍ လူသားမဆန်သော သို့မဟုတ် နှိမ့်ချသောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာသံအမတ်ကြီး ဦးကျော်မိုးထွန်းကအခုလိုပြောကြားခဲ့ပါတယ်။

"တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ရက် နေ့မှစတင်၍ စစ်တပ်သည် မြန်မာပြည်သူများအပေါ်တွင် လူသားမဆန်၍ အလွန်ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ပြန့်စွာနှင့် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ ထိုနေ့မှစတင်၍ ယနေ့အထိ အပြစ်မဲ့ပြည်သူများ ရက်စက်စွာသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် ဥပဒေမဲ့တရား စီရင်ခံရခြင်း မခံရသည့်နေ့တစ်ရက်မျှ မရှိကြောင်း၊ ထို့ပြင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်၍ နှိမ့်ချသောဆက်ဆံခြင်းတို့ သည် အပြစ်မဲ့ပြည်သူများမှ ၎င်းတို့အား မဆန့်ကျင်နိုင်စေရန်အတွက် စစ်တပ်က ရက်စက်စွာအသုံးပြုနေသည့် နည်းဗျူဟာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း"ဆိုပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကာ လက်ရှိမှာ လူပေါင်း ၁၀၀၀၀ ကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၄။ LDF, PDF, UG များထံ သိန်းပေါင်းတစ်သောင်း ဖြန့်ချီမယ့် လျှောက်ထားမှုများ ကောက်ခံခြင်းမှာ အဖွဲ့ပေါင်း ၈၇၃ ဖွဲ့လျှောက်ထား


အောက်တိုဘာ ၁၅ ရက်မှာ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုကအခုလိုအသိပေးဆိုထားပါတယ်။

"LDF, PDF, UG များထံ သိန်းပေါင်းတစ်သောင်း ဖြန့်ချီမယ့် လျှောက်ထားမှုများ ကောက်ခံခြင်း တစ်ပတ်တာကာလ ပြီးဆုံးပါပြီ။လျှောက်ထားတဲ့ အဖွဲ့ပေါင်း၈၇၃ဖွဲ့ ရှိပါတယ်။ စိစစ်ရွေးချယ်ရေးအဖွဲ့မှ အတည်ပြုရွေးချယ်ပြီး ရွေးချယ်ခံရတဲ့အဖွဲ့များကို ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

စတင်ကြေညာထားတဲ့အချိန်စည်းကမ်းချက်အတိုင်း လျှောက်ထားသောအဖွဲ့အားလုံးကို ပေးပို့နိုင်မှာ မဟုတ်ပေမယ့် ရန်ပုံငွေ ရှာဖွေနိုင်ခြင်းပေါ်မူတည်ပြီး ဆက်လက်ထောက်ပို့မှုအစီအစဉ်တွေကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့သတင်းရရှိပါတယ်။ ပြည်သူ့ထောက်ပို့ငွေ သိန်းပေါင်းတစ်သောင်းဟာ မကြာခင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံတိုက်ရိုက်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကိစ္စရပ်များကိုလည်း NUG နှင့် လက်တွဲလုပ်ဆောင်နေတယ်လို့ တပ်မဟာ() တပ်ရင်း (၇၀၂) တပ်ခွဲ () ဆို


စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကိစ္စရပ်များနှင့်ပတ်သက်လို့ အောက်တိုဘာ ၁၅ ရက်မှာ တပ်မဟာ() တပ်ရင်း(၇၀၂) တပ်ခွဲ () က အခုလိုဖော်ပြပါတယ်။


"တပ်မဟာ () တပ်ရင်း (၇၀၂) တပ်ခွဲ() ပြည်သူ့ရဲဘော် 'ရဲဘော်ကကြီးနှင့်ရဲမေခ' နှစ်ဦးဟာ တပ်ရင်း (၇၀၂) အတွက် ထောက်ပို့ကိစ္စရပ်များ နှင့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကိစ္စရပ်များကိုလည်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ပူးပေါင်း လက်တွဲလုပ်ဆောင်ရွက်လျက်ရှိပါတယ်"လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းလူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၅၉.၄၀) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


ထိုသို့အကူအညီပေးအပ်ရာမှာအာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ သဘာဝဘေး အန္တရာယ်ဒဏ် ခံရသူများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို ကူညီပေးခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment