၂၀၂၂ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၂။ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်းကသင်တန်းဆင်းပွဲ တစ်ခုသို့ ဒုဝန်ကြီး အိသဉ္ဇာမောင်တက်ရောက်
📌 ၃။ အမျိုးသမီးလူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် Foreign Policy Community- Indonesia မှ Heart-to-Heart’ မြန်မာ - အင်ဒို လူငယ်စကားဝိုင်းကျင်းပမယ်
📌 ၄။ မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး မိုးကာအုပ်ထားသော စစ်ကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်
📌 ၅။ ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး နွားကျောင်းနေတဲ့အရပ်သားသုံးဦးကို စစ်တပ်က ဖမ်းဆီးကာ နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်
📌 ၆။ မြင်းမူမြို့နယ် စာသင်ကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ စကစတပ်များနဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့်များကို ဒရုန်းနဲ့ တိုက်ခိုက်
📌 ၇။ မုံရွာ အောင်ဇေယျတပ်ကုန်းနားကရဲတပ်ရင်း (၂၈) က ရဲတပ်သား ၂ ဦးအလင်းဝင်ခိုလှုံရာ ငွေကျပ်သိန်းငါးဆယ်ချီးမြှင့်ပေးအပ်
📌 ၈။ ချင်းတွင်းမြစ်အထက်ပိုင်း တောင်ဖြူ ၊ပန်းဆက် မှစုန်ဆင်းလာသောစစ်သင်္ဘောနှစ်စီးကို ကာကွယ်ရေးတပ်များ စုပေါင်းပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခူထဲဘူးမှ အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာတဲ့ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခူထဲဘူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်းကသင်တန်းဆင်းပွဲ တစ်ခုသို့ ဒုဝန်ကြီး အိသဉ္ဇာမောင်တက်ရောက်
ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်းကသင်တန်းဆင်းပွဲ တစ်ခုသို့ ဒုဝန်ကြီး အိသဉ္ဇာမောင်တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအိသဉ္ဇာမောင်က လူမှုကွန်ရက်မှာအသိပေးဆိုထားပါတယ်။
သင်တန်းဆင်းပွဲမှာ ဒုဝန်ကြီးက ရဲဘော်များနဲ့ မှတမ်းဓာတ်ပုံများရိုက်ကူးခဲ့ပြီး ရင်းနှီးပွင့်လင်းစွာပြောကြားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကော်ပရာ စစ်ကြောင်းနဲ့ကျားဖြူတပ်ခွဲ၁ သို့လည်း ဒုဝန်ကြီးဟာသွားရောက်ခဲ့ပါသေးတယ်။
========================
📌📌 ၃။ အမျိုးသမီးလူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် Foreign Policy Community- Indonesia မှ Heart-to-Heart’ မြန်မာ - အင်ဒို လူငယ်စကားဝိုင်းကျင်းပမယ်
အမျိုးသမီးလူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် Foreign Policy Community- Indonesia မှ Heart-to-Heart’ မြန်မာ - အင်ဒို လူငယ်စကားဝိုင်းကျင်းပမယ်လို့သတင်းရရှိပါတယ်။ အောင်တိုဘာ ၁၅ ရက်နေ့ - ညနေ ၃:၃၀ အချိန် Zoom Meeting မှတဆင့်ကျင်းပမှာဖြစ်ပါတယ်။
‘Empathy and Solidarity in the struggle for Democracy and Human Rights’ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် မြန်မာ - အင်ဒို လူငယ်စကားဝိုင်း သို့ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးနဲ့ ဒုဝန်ကြီး အိသဉ္ဇာမောင်တို့တက်ရောက်မှာဖြစ်ပါတယ်။ စကားဝိုင်းအားအစီအစဉ်တိုင်း ကျင်းပ သွားမှာဖြစ်ပြီး အများပြည်သူလည်းပါဝင်တက်ရောက် လေ့လာနိုင်ရန် ဖိတ်ကြားထားပါတယ်။
========================
📌📌 ၄။ မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး မိုးကာအုပ်ထားသော စစ်ကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်
မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး မိုးကာအုပ်ထားသော စစ်ကားကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီ ၄၁ အချိန်မှာ မိုးကာအုပ်ထားသော စစ်ကားကို လက်ပစ်ဗုံးပစ်သွင်းခဲ့တယ်လို့ MRDA တပ်ခွဲ မုံရွာကဆိုပါတယ်။
"အောက်တိုဘာ ၁၄ ရက်ညနေ MRDA တပ်ခွဲ မုံရွာ နှင့် ပြောက်ကျား အင်အားစုတို့ နှစ်ဖွဲ့ဦးဆောင်ကာ လက်ပစ်ဗုံးတစ်လုံး စစ်ကားအတွင်းသို့ တည့်တည့်မတ်မတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်ဖွဲ့ဝင်သုံးဦးအထက် သေဆုံးနိုင်ပြီးထိခိုက်မှုများရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး နွားကျောင်းနေတဲ့အရပ်သားသုံးဦးကို စစ်တပ်က ဖမ်းဆီးကာ နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး နွားကျောင်းနေတဲ့အရပ်သားသုံးဦးကို စစ်တပ်က ဖမ်းဆီးကာ နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး တောင်ယာခင်းတွင် နွားကျောင်းနေသည့် ဒေသခံ သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ စစ်သားများနှင့် ပျူစောထီးများမှ ဖမ်းဆီး သွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ကာ နှစ်ဦးကို ကျောက်အိုင်ကျေးရွာတွင် လက်ပြန် ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။
သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ လူငယ် နှစ်ဦးအနက် တစ်ဦးမှာ ငှက်ပျောတောကျေးရွာမှ ကိုကျော်ထက်ဖြစ်တယ်လို့သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၅၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ မြင်းမူမြို့နယ် စာသင်ကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ စကစတပ်များနဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့်များကို ဒရုန်းနဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စာသင်ကျောင်းအနီး ကင်းပုန်းဝပ်နေတဲ့ စကစတပ်များနဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့်များကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှာ စကစတပ်များကို တိုက်ခိုက်ခဲ့တာလို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကအတည်ပြုဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းမှာ စကစတပ်များ ကင်းပုန်းဝပ်ရာမြင်းမူမြို့ စာသင်ကျောင်းအနီးတွင် တစ်ကြိမ် ၊မနက် ၁၀ နာရီ ၁၅ မှာ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် စောင့်ကြပ်နေသော စကစတပ်များအားတစ်ကြိမ် Drone ဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း စုံစမ်းဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်။ ယမန်နေ့ ညနေကလည်းမြင်းမူရဲစခန်းဝန်းအတွင်း ဝိုင်းဖွဲ့အရက်သောက်နေသော ရဲ များအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နှင့်True Fighter အဖွဲ့ မှ ဗုံးပစ်တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
📌📌 ၇။ မုံရွာ အောင်ဇေယျတပ်ကုန်းနားကရဲတပ်ရင်း (၂၈) က ရဲတပ်သား ၂ ဦးအလင်းဝင်ခိုလှုံရာ ငွေကျပ်သိန်းငါးဆယ်ချီးမြှင့်ပေးအပ်
စစ်ကိုင်းတိုင်း မုံရွာ အောင်ဇေယျတပ်ကုန်းနားကရဲတပ်ရင်း (၂၈) က ရဲတပ်သား ၂ ဦးအလင်းဝင်ခိုလှုံရာ ငွေကျပ်သိန်းငါးဆယ်ချီးမြှင့်ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ရဲတပ်သားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA ) နဲ့ ချိတ်ဆက်ကာ စက်တင်ဘာလ (၂၈) ရက် နေ့မှာအလင်းဝင်ခိုလှုံလာတာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDA) က လက်နက်နဲ့အတူခိုဝင်လာတဲ့ ရဲနှစ်ဦးကို ကျပ်ငွေ သိန်း (၅၀) တိတိပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်နဲ့အတူ ခိုလှုံ အလင်းဝင်လာတဲ့ စကစတပ်နဲ့ရဲများကို ဆုကြေးများပေးအပ်၍ လက်ခံပေးလျက်ရှိပါတယ်။
========================
📌📌 ၈။ ချင်းတွင်းမြစ်အထက်ပိုင်း တောင်ဖြူ ၊ပန်းဆက် မှစုန်ဆင်းလာသောစစ်သင်္ဘောနှစ်စီးကို ကာကွယ်ရေးတပ်များ စုပေါင်းပစ်ခတ်တိုက်ခိုက်
ချင်းတွင်းမြစ်အထက်ပိုင်း တောင်ဖြူ ၊ပန်းဆက် မှစုန်ဆင်းလာသောစစ်သင်္ဘောနှစ်စီးကိုကာကွယ်ရေးတပ်များ စုပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်း ၁ နာရီ ၃၀ အချိန်မှာ စစ်သင်္ဘောနှစ်စီးကိုစုပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်း ၁ နာရီ ၃၀ အချိန်မှာချင်းတွင်းမြစ်အထက်ပိုင်း တောင်ဖြူ / ပန်းဆက် မှစုန်ဆင်းလာသော အာဏာသိမ်းစစ်ကောင်စီ၏ စစ်သင်္ဘောနှစ်စီးအားရန်ကြီးအောင်တပ်ခွဲ၊တပ်စု(၂) - သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ နှင့် ချိုးငှက်ပြောက်ကျား တပ်ဖွဲ့ တို့မှ ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပစ်ခတ်မှုမှာ ပြောက်ကျားရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment